ကြာသပတေး၊ ဧပြီလ ၂၅ရက်၊ ၂၀၂၄

ရခိုင်တွင် ကိုဗစ်ပိုး Delta မျိုးစိတ်သီးသန့်ထပ်မစစ်ဖြစ်တော့ဟုဆို


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၆ စက်တင်ဘာ ၂၀၂၁
  • | ကြည့်ရှုသူ: 9.7k

မာန်ယုကျော် (ရွှေဝမြေ)

စစ်တွေ၊ စက်တင်ဘာ ၁၅ / ၂ဝ၂၁

ရခိုင်ပြည်နယ်တွင် များမကြာမီက မျိုးရိုးဗီဇပြောင်း Delta ပိုးမျိုးစိတ်တွေ့ရှိသူ တစ်ဦးရှိခဲ့သော်လည်း ၎င်းမျိုးစိတ်နှင့် ပတ်သက်ပြီး နောက်ထပ် သီးသန့် မစစ်ဖြစ်တော့ကြောင်း ပြည်နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာစိုးဝင်းပိုင်က ပြောသည်။

မျိုးခွဲဖို့ဆိုရင် ယိုးဒယားနဲ့ အိန္ဒိယကို ပေးပို့စစ်ဆေးရတာပေါ့နော်။ အဲတော့ ဘယ်လိုပဲဖြစ်ဖြစ် အခုချိန်မှာ ကျနော်တို့ တပ်ဘက်ကနေယူပြီးတော့ ကျနော်တို့နေပြည်တော်မှာ အခု တကယ်လို့ မျိုးခွဲစစ်ဆေးမယ်ဆိုရင် စစ်ဆေးလို့ရတယ်။ ၁၅ ယောက်လောက်ကိုစစ်ဆေးလို့ရတဲ့ဟာနဲ့ သူတို့စစ်ဆေးခဲ့တယ်ပေါ့။ စစ်ဆေးခဲ့တဲ့အတွက် ရခိုင်မှာ ၅ ယောက်ပို့လိုက်တဲ့အထဲက တစ်ယောက်မှာ Delta တွေ့တယ်ပေါ့လေ။ အဲတော့ ဘယ်လိုပဲဖြစ်ဖြစ် သုံးသပ်ချက်တွေအရ ကျနော်တို့ ပြည်နယ်ထဲမှာလည်ပတ်ခဲ့တဲ့မျိုးစိတ်သည် Delta မျိုးစိတ်လို့ပဲ ယူဆတယ်။ အဲဒီတော့ ကျနော်တို့ မပို့ဖြစ်ဘူးပေါ့ဗျာဟု ပြောသည်။

မြန်မာနိုင်ငံတွင် Delta မျိုးစိတ်ပိုးရှိသူ ၁၅ ဦးတွေ့ရှိသည့်အနက် စစ်တွေမှ ၁ ဦးပါဝင်သည်ဟု ကျန်းမာရေးဝန်ကြီးဌာနက သြဂုတ်လ ၃၁ ရက်တွင် ထုတ်ပြန်ခဲ့သည်။

ယင်းသို့ စစ်ဆေးခဲ့ရာတွင်လည်း ရခိုင်မှ ၅ ဦးကို စစ်တပ်ဘက်က ပေးပို့စစ်ဆေးစေခဲ့ခြင်းသာဖြစ်ပြီး ၁ ဦးတွင် တွေ့ရှိခဲ့ခြင်းဖြစ်သည်ဟု ဒေါက်တာစိုးဝင်းပိုင်က ဆက်ပြောသည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ထုတ်ပြန်ချက်များအရ Delta မျိုးစိတ်ကို အိန္ဒိယနိုင်ငံတွင် စတင်တွေ့ရှိခဲ့ပြီး ယခု အချိန်တွင် နိုင်ငံပေါင်း ၁၆၃ နိုင်ငံ၌ ပျံ့နှံ့လျက်ရှိသည်ဟု သိရသည်။

Delta မျိုးစိတ်သည် ရောဂါပိုးကူးစက်နိုင်မှုနှင့် ရောဂါပြင်းထန်မှု မြင့်မားသဖြင့် သေဆုံးနိုင်ချေ မြင့်တက်လာနိုင်သည့်အပြင် အချို့သော ကိုဗစ်-၁၉ ကာကွယ်ဆေးများ၏ အကျိုးအာနိသင်ကိုလည်း အနည်းငယ် လျော့ကျစေနိုင်ကြောင်း သိရသည်။

လက်ရှိတွင် ရခိုင်ပြည်အတွင်း ကိုဗစ်ဖြစ်ပွားမှုနှုန်းနှင့် သေဆုံးမှုနှုန်းလည်း လျော့ကျလာနေပြီဖြစ်သည်။

ရခိုင်တွင် စက်တင်ဘာ ၁၄ ရက်အထိ ကိုဗစ်ဖြစ်ပွားသူ ၄,၆၁၃ ဦးရှိပြီး သေဆုံးသူ ၄၃၁ ဦးရှိသည်ဟု ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ပြောခွင့်ရသူ ပြည်နယ်ဥပဒေချုပ်ဦးလှသိန်းက သူ၏လူမှုကွန်ရက်တွင် ယနေ့နံနက်ပိုင်းက ထုတ်ပြန်ထားသည်။

ဆက်စပ် သတင်းများ