သောကြာ၊ ဧပြီလ ၁၉ရက်၊ ၂၀၂၄

ရခိုင်တွင် ကိုဗစ်ကြောင့်သေဆုံးသူမရှိတော့သော်လည်း ဂွ နှင့်သံတွဲတွင် ကိုဗစ်ပိုးတွေ့ရှိသူရှိနေဆဲ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၁ နိုဝင်ဘာ ၂၀၂၁
  • | ကြည့်ရှုသူ: 4.9k

အေးမြတ်ခိုင်
နိရဥ္စရာ၊ နိုဝင်ဘာ ၁၀/၂၀၂၁
ရခိုင်တွင် ကိုဗစ်ရောဂါကြောင့် သေဆုံးသူမရှိသော်လည်း ဂွနှင့် သံတွဲမြို့နယ်တို့တွင် ကူးစက်မှုများ ဆက်လက်ရှိနေဆဲဟု ရခိုင်ပြည်နယ် Covid-19 ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ထုတ်ပြန်ချက်အရ သိရသည်။
ရခိုင်တစ်ပြည်လုံးတွင် နိုဝင်ဘာလ ၁ ရက်နေ့မှစ၍ ယမန်နေ့ နိုဝင်ဘာလ ၉ ရက်အထိ ၉ ရက်အတွင်း ကိုဗစ်ကြောင့်သေဆုံးသူ တစ်ဦးမျှမရှိခဲ့ဟု ဆိုသည်။
ယမန်နေ့ နိုဝင်ဘာ ၉ ရက်တွင် သံတွဲမြို့နယ်၌ ပိုးတွေ့သူ ၂ ဦး၊ နိုဝင်ဘာ ၈ ရက်နေ့တွင် ဂွမြို့နယ်၌ ပိုးတွေ့သူ ၂ ဦး၊ နိုဝင်ဘာ ၇ ရက်နေ့၌ သံတွဲမြို့နယ်တွင် ၂ ဦးနှင့် ဂွမြို့နယ်တွင် ၁ ဦး ကိုဗစ်ပိုးတွေ့ရှိခဲ့ကြောင်း ထုတ်ပြန်ချက်က ဆိုသည်။
ဂွနှင့် သံတွဲမြို့နယ်တို့တွင် ကိုဗစ်ကူးစက်မှု ဆက်လက်ရှိနေဆဲဖြစ်သော်လည်း ကူးစက်မှုကျဆင်းလာပြီးဖြစ်ကာ ကူးစက်မှုမရှိစေရန် လုပ်ဆောင်နေကြောင်း ရခိုင်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာစိုးဝင်းပိုင်က ပြောသည်။
"လူနာတွေ့တာနည်းလာလို့ သေဆုံးသူလည်းနည်းလာတယ်ပေါ့နော်။ လောလောဆယ်တွေ့တာလည်းနည်းလာပါပြီနော်။ အရင်ကဆို ဂွမှာဆိုရင် ၁၀၀ စစ်ရင် ၅၀ လောက်တွေ့တယ််"ဟု နိရဥ္စရာကို ပြောသည်။
ရခိုင်တွင် အသက် ၁၈ နှစ်နှင့်အထက် လူဦးရေ ၁၉ သိန်းခန့်ရှိသည့်အထဲမှ လူဦးရေ ၅ သိန်းကျော်ကို ကိုဗစ်ကာကွယ်ဆေးထိုးနှံပေးထားပြီဟုလည်း ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
ရခိုင်တွင် နိုဝင်ဘာလ ၉ ရက်အထိ ကိုဗစ်ပိုးကူးစက်ခံရသူစုစုပေါင်း ၅၁၂၃ ဦးနှင့် ကိုဗစ်ကြောင့်သေဆုံးသူစုစုပေါင်း ၄၉၃ ဦးရှိပြီး ဆေးရုံတက်ရောက်ကုသဆဲလူနာ ၃၂ ဦးသာကျန်ရှိတော့ကြောင်း ပြည်နယ် Covid-19 ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီက ယနေ့တွင် ထုတ်ပြန်ထားသည်။

ဆက်စပ် သတင်းများ