ကြာသပတေး၊ မတ်လ ၂၈ရက်၊ ၂၀၂၄

လေကြောင်းခရီးသည်များကို ကိုဗစ်စစ်ဆေးနေရာတွင် လူစုလူဝေးဖြစ်နေ၍ ကိုဗစ်စည်းကမ်းနှင့်အညီ စစ်ဆေးစေလိုကြောင်းပြော


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၅ နိုဝင်ဘာ ၂၀၂၁
  • | ကြည့်ရှုသူ: 7.4k

နှင်းနွယ်နီ

နိရဥ္စရာ၊ နိုဝင်ဘာ ၁၅/၂၀၂၁

လေကြောင်းခရီးသည်များကို စစ်တွေကောလိပ်ကျောင်းဟောင်းကိုဗစ်စစ်ဆေးရာတွင် လူစုလူဝေးဖြစ်ပေါ်နေသဖြင့် ကိုဗစ်စည်းကမ်းနှင့်အညီ စစ်ဆေးစေလိုကြောင်း ခရီးသည်များက ပြောသည်။

ကိုဗစ် စစ်ဆေးရန်လာသည့် ကိုမြတ်ကျော်သူက  အခက်အခဲရှိတာက ကိုဗစ်စစ်တာမှာ လူတွေက ကျိတ်ကျိတ်တိုးဖြစ်နေတော့ ကိုဗစ်စည်းကမ်းနဲ့ မညီဘူးလို့မြင်တာပေါ့။ တန်းစီနေရတာက ကိုဗစ် စည်းကမ်းစည်းမျဉ်းနဲ့မညီဘူးပေါ့နော်။ လူတွေကတော့ ၆ ပေ မပြောနဲ့ ၁ ပေတောင်မကွာနိုင်ဘူး။ အများကြီးပေါ့နော်။ အဲလိုတွေ့နေရတယ်။  ကျနော်တို့က ဘယ်လိုမျိုးဖြစ်စေချင်လဲဆိုတော့ တစ်ယောက်နဲ့တစ်ယောက် ၆ ပေခြားပေါ့နော် အဲလိုမျိုးဖြစ်စေချင်တယ်ဟု ပြောသည်။

ကိုဗစ်ဆေးလာစစ်သူများကို တိုကင် စနစ်ဖြင့် စီစဉ်ပေးထားသော်လည်း စနစ်တကျဖြင့် ကြီးကြပ်ဆောင်ရွက်ပေးသည့် အနေအထား အားနည်းနေသေးသည့် အတွက် လူစုလူဝေးဖြစ်ပေါ်နေပြီး ကိုဗစ်လာစစ်သူများ အကြား ကူးစက်မည်ကို စိုးရိမ်နေရသည်ဟု ဆိုသည်။

ယခုကဲ့သို့ ကိုဗစ် စစ်ဆေးပေးနေရာတွင် ယမန်နေ့ နိုဝင်ဘာလ ၁၄ ရက်က ကိုဗစ်ပိုးတွေ့ လူနာတစ်ဦးရှိခဲ့ပြီး ယနေ့တွင် ကိုဗစ်ပိုးတွေရှိသူ ရှိမရှိ မသိရသေးပေ။

လေယာဉ်စီးမည့်ခရီးသည်များမှာ ခရီးစဉ်မတိုင်မီ ၄၈ နာရီအတွင်း RTD ဖြင့် ကိုဗစ် ရှိ/မရှိ စစ်ဆေးပြီး ကိုဗစ်ရောဂါမရှိတော့ကြောင်း ဓာတ်ခွဲစမ်းသပ်ချက်ကို Check-in ဝင်သည့်အချိန်တွင် တင်ပြနိုင်မှ သွားလာခွင့်ရရှိမည်ဖြစ်သည်။

ယခုကဲ့သို့ ကိုဗစ်စစ်ဆေးရန်အတွက် နယ်မှခရီးသည်များမှာ တစ်ရက်ကြိုတင်ကာ ဆေးစစ်ရန်လာရသည့်အတွက် အခက်အခဲဖြစ်ကြောင်း ပြောသည်။

အမတို့က နယ်ကဆိုတော့ ကိုဗစ်စစ်ဖို့အတွက် တစ်ရက်ကြိုပြီးတော့ လာရတာပေါ့။ မနက်ဖြန် သံတွဲသွားမှာပါ။ တိုကင် နံပါတ်ယူပြီးတော့ စစ်ရတာပေါ့။ ခုက စောင့်နေရတုန်းပဲဟု မငြိမ်းငြိမ်းကပြောသည်။

ရခိုင်မှ လေကြောင်းခရီးသည်များအနေဖြင့် စစ်တွေတွင် စစ်တွေကောလိပ်ကျောင်းဟောင်း၊ သံတွဲတွင် မိခင်နှင့်ကလေးကျန်းမာရေးဌာန၊ ကျောက်ဖြူမြို့တွင် ခရိုင်ကျန်းမာရေးဝင်းနှင့် အမ်းမြို့တွင် ပြည်သူ့ကျန်းမာရေးဌာနတို့တွင် အခမဲ့စစ်ဆေးနိုင်ပြီး ပုဂ္ဂလိကဆေးရုံ၊ ဆေးခန်း၊ ဓာတ်ခွဲခန်းများတွင် သတ်မှတ်နှုန်းထားဖြင့် စစ်ဆေးနိုင်ကြောင်း သိရသည်။          

 ရခိုင်မှ ထွက်ခွာမည့် လေကြောင်းခရီးသည်များကို နိုဝင်ဘာ ၁၄ ရက်နေ့မှ စတင်ကာ ကိုဗစ် စစ်ဆေးနေခြင်းဖြစ်ပြီး ယမန်နေ့ က ကိုဗစ်ပိုးတွေ့ လူနာတစ်ဦးရှိခဲ့ကြောင်း သိရသည်။

ဆက်စပ် သတင်းများ