သောကြာ၊ ဧပြီလ ၁၉ရက်၊ ၂၀၂၄

ကိုဗစ်ကူးစက်မှုကျဆင်းနေသော်လည်း ရခိုင်တွင် ကိုဗစ်လူနာတစ်ဦး ထပ်မံသေဆုံးခဲ့


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၈ နိုဝင်ဘာ ၂၀၂၁
  • | ကြည့်ရှုသူ: 6.6k

ချစ်အိလှိုင်
နိရဥ္စရာ၊ နိုဝင်ဘာ ၂၇/ ၂ဝ၂၁
ရခိုင်ပြည်နယ်တွင် ကိုဗစ်သေဆုံးနှုန်းကျဆင်းနေပြီဖြစ်သော်လည်း ယမန့်နေ့ နိုဝင်ဘာ ၂၆ ရက်နေ့ ညနေ ၅ နာရီခန့်က ကျောက်ဖြူဆေးရုံတွင် ကိုဗစ်လူနာတစ်ဦး ထပ်မံသေဆုံးခဲ့သည်။
သေဆုံးသူမှာ ရမ်းဗြဲမြို့နယ် စစ်ပြားကျေးရွာနေသူ အသက်(၃၈)နှစ်အရွယ် အမျိုးသမီးတစ်ဦးဖြစ်ပြီး လွန်ခဲ့သည့် နိုဝင်ဘာ ၂၄ ရက်နေ့က ရမ်းဗြဲဆေးရုံမှ ကျောက်ဖြူဆေးရုံသို့ ပြောင်းရွှေ့ ကုသမှုခံယူနေသူ ဖြစ်ကြောင်း ရမ်းဗြဲဆေးရုံအုပ် ဒေါက်တာအောင်နိုင်စိုးက နိရဥ္စရာကို ပြောသည်။
“ သူက ကျွန်တော်တို့ဆီမှာ ရောက်ကတည်းကရှစ်ရက်တောက်လျှောက်အောက်ဆီဂျင်ပေးခဲ့ရပါတယ်။
လူနာကိုယ်တိုင်နဲ့မိသားစုက ကျောက်ဖြူဆေးရုံကိုသွားချင်တာကြောင့် ကော်မတီနဲ့ စီစဉ်ပြီး ကျောက်ဖြူကိုလွှဲပေးခဲ့ရတာပါ။ လူနာဆို ကျောက်ဖြူ မသွားရလို့ အော်နေခဲ့တယ်။ မနေ့က သေဆုံးတယ်လို့ကြားပါတယ်“ ဟုပြောသည်။
အဆိုပါလူနာတွင် ဆီးချိုရောဂါအခံရှိပြီး အောက်ဆီဂျင် ၈ဝနှင့် ၈၄ ဝန်းကျင်ဖြင့် ဆေးရုံသို့ ရောက်ရှိလာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ကျောက်ဖြူဆေးရုံမှ ကိုဗစ်လူနာအရေးကူညီဆောင်ရွက်ပေးသည့် လေးဝတီကုလရက္ခိတ အသင်း ဥက္ကဋ္ဌကိုဂျပန်ကြီးက၄င်းတို့ အသင်းမှ အဆိုပါသေဆုံးသူအား ယမန်နေ့ ည ၆ နာရီ ၁၅ မိနစ်တွင်
သဂြိုလ်ပေးလိုက်ပြီဖြစ်ကြောင်း ပြောသည်။
ရခိုင်တွင် ယမန်နေ့ နိုဝင်ဘာ ၂၆ ရက်နေ့က ရမ်းဗြဲမှ တစ်ဦး ကျောက်ဖြူဆေးရုံတွင် သေဆုံးမှု ရှိခဲ့သော်လည်း ရောဂါပိုးတွေ့ရှိသူ မရှိခဲ့ဟု သိရသည်။ ရမ်းဗြဲမြို့နယ်တွင် ကိုဗစ်ကူးစက်ခံရသူ ၁၉၈ ဦး၊ သေဆုံးသူ ၁၅ ဦးနှင့် လက်ရှိဆေးရုံတွင် တက်ရောက်ကုသနေရသူ တစ်ဦးမှ မရှိဟု သိရသည်။
ရခိုင်တွင်ကိုဗစ်တတိယလှိုင်းအတွင်း ကိုဗစ်လူနာ ၅၁၅၉ ဦး၊ သေဆုံးသူ ၄၉၈ ဦးအထိရှိခဲ့ပြီး ရောဂါသက်သာ၍ ဆေးရုံဆင်းခွင့်ရရှိသူ ၄၆၃၇ ဦးနှင့် လက်ရှိ ဆေးရုံတွင် ၂၄ ဦးသာ ကုသ၍ ကျန်ရှိတော့သည်ဟု သိရသည်။
photo- လေးဝတီကုလရက္ခိတအသင်း

ဆက်စပ် သတင်းများ