သောကြာ၊ ဧပြီလ ၁၉ရက်၊ ၂၀၂၄

တောင်အာဖရိက ကိုဗစ်မျိုးကွဲသစ်နှင့်ပတ်သက်ပြီးရခိုင်တွင် ကြိုတင်ကာကွယ်မှုလုပ်ကြရန် ကျန်းမာရေးပိုင်းက သတိပေး


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၉ နိုဝင်ဘာ ၂၀၂၁
  • | ကြည့်ရှုသူ: 8.3k


ထက်အောင်
နိရဥ္စရာ၊ နိုဝင်ဘာ ၂၉/ ၂၀၂၁
ပြီးခဲ့သည့် ရက်သတ္တပတ်က တောင်အာဖရိကနိုင်ငံတွင်တွေ့ရှိခဲ့သည့် ကိုဗစ်မျိုးကွဲသစ်နှင့်ပတ်သက်ပြီး ရခိုင်တွင်လည်း ကြိုတင်ကာကွယ်မှုများလုပ်ထားကြရန်လိုအပ်ကြောင်း ကျန်းမာရေးအသိုင်းအဝိုင်းနှင့် နီးစပ်သူများက သတိပေးလိုက်သည်။
ရခိုင်ပြည်နယ်တွင်လည်း ထိုကိုဗစ်မျိုးကွဲသစ်ရောက်ရှိလာနိုင်သည့်အတွက် ကြိုတင်ကာကွယ်မှုများကို လုပ်ဆောင်ထားသင့်ကြောင်း ရခိုင်ပြည်နယ်အတွင်း ကျန်းမာရေးနှင့်ဆိုင်သော အကူအညီများပေးနေသည့် ရွှေရောင်မေတ္တာဖောင်ဒေးရှင်း ဥက္ကဋ္ဌ ကိုမင်းထည်ဝါက ဆိုသည်။
“ကျနော်တို့ ဒီဘက်မှာရှိတဲ့ ပြည်သူတွေကိုတော့ ကျန်းမာရေးက ထုတ်ပြန်ထားတဲ့ ကြေညာချက်တွေကို ဂရုတစိုက်နားထောင်ဖို့၊ မက်စ်(Mask) တပ်တာတို့၊ လက်ဆေးတာတို့၊ လူစုလူတွေမလုပ်ဖို့ကို လူတိုင်းလုပ်ဆောင်ပြီး ကြိုတင်ကာကွယ်မှုတွေ လုပ်တာတော့ အကောင်းဆုံးဖြစ်မယ်လို့ထင်ပါတယ်။ ပျော်လည်း ပျော်ကြပေါ့။ ဒါပေမယ့် လူစုလူဝေးတွေကိုလည်း အတတ်နိုင်ဆုံးရှောင်ပြီး ရောဂါပိုးအပေါ် အရမ်းကြီး စိုးရိမ်စိတ်မထားကြဖို့ပါပဲ” ဟု ပြောသည်။
အိုမီခရွန်ဟုအမည်ပေးထားသည့် ကိုဗစ်မျိုးကွဲသစ်ကို တောင်အာဖရိကအပြင် ဥရောပနိုင်ငံအချို့နှင့် ဟောင်ကောင်၊ အစ္စရေး၊ ဘော့ဆွာနာ နိုင်ငံတို့တွင်တွေ့ရှိထားကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)က ထုတ်ပြန်ထားသည်။
အဆိုပါမျိုးကွဲသစ်မှာ မျိုးဗီဇပြောင်းလဲမှု ပေါင်းများစွာကို စုပေါင်းထားပြီး ကူးစက်နိုင်စွမ်းလည်း မြင့်မားကာ လက်ရှိ ထိုးနှံပေးနေသည့် ကိုဗစ်ကာကွယ်ဆေးအချို့ကို ရှောင်ကွင်းနိုင်သည့်စွမ်းရည်မျိုးလည်း ရှိနိုင်သည်ဟု ဆေးပညာရှင်များက ခန့်မှန်းထားသည်။
အဆိုပါကိုဗစ်မျိုးကွဲသစ်ကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)က မျိုးကွဲပိုးများထဲတွင် စိုးရိမ်ရသည့် ဗိုင်းရပ်စ်အဖြစ် သတ်မှတ်ထားသည်ဟုလည်း သိရသည်။
ထိုဗစ်မျိုးကွဲသစ်နှင့်ပတ်သက်ပြီး ရခိုင်တွင် ထူးထူးခြားခြား ကြိုတင်ပြင်ဆင်ထားခြင်းမရှိသေးသော်လည်း ပြီးခဲ့သည့် ကိုဗစ်လှိုင်းများအတွင်းကြုံတွေ့ခဲ့သည့် အခက်အခဲများကို သင်ခန်းစာယူပြီး ပြင်ဆင်ထားမှုများရှိကြောင်း မောင်တောခရိုင်ဆေးရုံအုပ်ကြီး ဒေါက်တာနုကေသီစံက ပြောသည်။
“ပြင်ဆင်ထားတာကတော့ ဆရာမတို့က အမြဲတမ်းပြင်ဆင်ထားပါတယ်။ အခုဆိုရင် အောက်ဆီဂျင်တွေနဲ့ ဆေးဝါးတွေစုထားတာရှိတယ်။ လူနာထားဖို့အတွက် နေရာတွေပြင်ဆင်ထားတာရှိတယ်။ အဲဒီ ကိုဗစ်မျိုးကွဲသစ်က ဘယ်လိုပုံစံနဲ့ လာမယ်ဆိုတာမသိသေးတဲ့အခါကျတော့ အရင်က အခက်အခဲတွေကို နမူနာယူပြီး ပြင်ထားတာရှိပါတယ်။ ပြည်သူတွေအနေနဲ့လည်း ရောဂါပိုးကူးစက်မခံရအောင် သတိထားနေထိုင်ဖို့လိုပါတယ်” ဟု ပြောသည်။
မြန်မာနိုင်ငံတွင် ပြီးခဲ့သည့် ကိုဗစ်တတိယလှိုင်းက ဒယ်လ်တာ၊ အယ်လဖာ၊ ဘီတာနှင့် ဂမ်မာ စသည့် ကိုဗစ်မျိုးကွဲသစ်များ ကူးစက်မှုကို နိုင်ငံအနှံ့တွေ့ရှိခဲ့သည်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့က အန္တရာယ်အရှိနိုင်ဆုံးဟု သတ်မှတ်ထားသည့် အိန္ဒိယတွင် အများဆုံးတွေ့သော ဒယ်လ်တာမျိုးကွဲ၊ ဗြိတိန်တွင် အများဆုံးတွေ့သည့် အယ်လ်ဖာ မျိုးကွဲ၊ တောင်အာဖရိကတွင် ပထမဆုံးတွေ့သည့် ဘီတာနှင့် ဘဇီနိုင်ငံတွင် စတင်တွေ့ရှိခဲ့သည့် ဂမ်မာမျိုးကွဲတို့သည် ကမ္ဘာ့နိုင်ငံအများစုကို ကူးစက် ပြန့်ပွားခဲ့ပြီး လူပေါင်းသန်းနှင့်ချီ၍ သေဆုံးမှုများရှိခဲ့သည်။
ရခိုင်ပြည်နယ်တွင် ပြီးခဲ့သည့် ကိုဗစ် တတိယလှိုင်းအတွင်း ယမန်နေ့ နိုဝင်ဘာလ ၂၈ ရက်အထိ ရောဂါပိုး ကူးစက်ခံရသူ ၅ ထောင်ကျော်နှင့် သေဆုံးသူ ၄၉၈ ဦးရှိခဲ့ပြီး ကုသဆဲလူနာ ၂၄ ဦးကျန်ရှိသေးကြောင်း သိရသည်။

ဆက်စပ် သတင်းများ