- Web Master
- ၀၄ မေ ၂၀၂၃
အိမ်စိုးဖြူ
နိရဥ္စရာ၊ နိုဝင်ဘာ ၂ဝ/ ၂ဝ၂ဝ
ရခိုင်ပြည်နယ်၊ မောင်တောမြို့တွင် ကိုဗစ်ဖြင့် ယမန်နေ့ ညနေက မူဆလင်တစ်ဦးသေဆုံးခဲ့ပြီး ရခိုင်ပြည်နယ်တွင် လွန်ခဲ့သည့် ရက်( နိုဝင်ဘာ ၁၉ ရက်) တစ်နေ့အတွင်း သေဆုံးသူ ၂ ဦးရှိခဲ့သည်။
မောင်တောတွင် သေဆုံးသူမှာ မူဆလင်အမျိုးသားအသက်(၄ဝ)နှစ် အရွယ်ဖြစ်ပြီး နိုဝင်ဘာ ၁၉ ရက်နေ့ ညနေ ၇ နာရီခန့်တွင် မောင်တောဆေးရုံတွင် ကွယ်လွန်သွားခြင်းဖြစ်သည်ဟုသိရသည်။
မောင်တောမြို့ခရိုင်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာနုကေသီဇံက “ ကိုဗစ်အတည်ပြုလူနာပါ။ ဘူးသီးတောင်ကနေ မောင်တောဆေးရုံကို မနေ့က နေ့လည်လောက်မှာ တတ်ရောက်လာခဲ့တာပါ။ အောက်ဆီဂျင်ပေးခဲ့ရတယ်။ ဆီးချိုရောဂါအခံရှိတယ်။ မူဆလင်အမျိုးသားပါ။ ဒီနေ့ ညနေ ၇နာရီမှာ သေဆုံးတာပါ” ဟုအတည်ပြုပြောကြားသည်။
ယင်းသေဆုံးသူမှာ ဘူးသီးတောင်မြို့နယ် သဗြုချောင်းကျေးရွာမှ ဖြစ်ကြောင်း၊ ချက်ချင်း သင်္ဂြိုလ်နိုင်ရန်စီစဉ်နေကြောင်း၊ သူမကဆက်ပြောသည်။
ယမန်နေ့ နံနက် ၁၁ နာရီကလည်း ကျောက်ဖြူဆေးရုံတွင် သက်တော်(၇၈)နှစ်ရှိ အောင်မြေရတနာ ဆရာတော် ကိုဗစ်ဖြင့် ပျံလွန်တော်မူသွားခဲ့သည်။
ပျံလွန်တော်မူသွားသည့် ဆရာတော်မှာ ကျောက်ကပ်နှင့် ဆီးချိုရောဂါခံစားနေရသူဖြစ်ကြောင်း ကျောက်ဖြူ ဆေးရုံကြီးမှ ဒေါက်တာရဲလွင်မောင်က နိရဥ္စရာသတင်းဌာနကို အတည်ပြုကြားခဲ့သည်။
ရခိုင်နယ်တွင် ကိုဗစ်ဖြင့် သေဆုံးသူဦးရေ ၂၆ ဦးအထိရှိလာပြီဖြစ်သည်။
သေဆုံးမှုမှာ စက်တင်ဘာလတွင် ၃ ဦး၊ အောက်တိုဘာလတွင် ၁၄ ဦးနှင့် နိုဝင်ဘာလ ၁၉ ရက်နေ့အထိ ၉ ဦး ဖြစ်သည်။
ရခိုင်ကိုဗစ် ၁၉ စောင့်ကြည့်ရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးဖြစ်သူ ဦးဇော်လှိုင်ထွန်းက “ သေဆုံးမှုက အောက်တိုဘာလက များခဲ့တယ်။ နိုဝင်ဘာမှာတော့ ဒီလောက်ထိ မရှိသေးဘူး။ ရောဂါဖြစ်ပွားမှုနှုန်းကတော့ ကျဆင်းလာတယ်။ ဒါပေမယ့် ရသေ့တောင်မှာဆိုတော့ နည်းနည်းများလာတယ်။ မြို့နယ်အလိုက်ဆိုရင်တော့ ရသေ့တောင်က များလာတယ်။ အဓိကတော့ စည်းကမ်းလိုက်နာပြီးနေထိုင်ကြဖို့ အကြံပြုချင်ပါတယ်” ဟု ပြောကြားသည်။
ရခိုင်ပြည်နယ်အတွင်း ၁၆-၈-၂ဝ၂ဝမှ ၁၉-၁၁-၂ဝ၂ဝ ထိ ကိုဗစ်အတည်ပြုလူနာ ၃၂၅၇ ဦး၊ ရောဂါကောင်းမွန်၍ ဆေးရုံဆင်းခွင့်ရရှိသူ ၂၉၈၈ ဦးရှိကြောင်း စစ်တွေဆေးရုံတွင် အောက်စီဂျင်ပေးထားရသူ ၈ ဦးရှိကြောင်း ဦးဇော်လှိုင်ထွန်းက ပြောသည်။