သောကြာ၊ ဧပြီလ ၁၉ရက်၊ ၂၀၂၄

မင်းပြားဆေးရုံမှ ကိုရိုနာဗိုင်းရပ်စ်သံသယလူနာကျန်းမာရေးအခြေအနေ တိုးတက်ကောင်းမွန်ဟုဆို


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၅ ဖေဖော်ဝါရီ ၂၀၂၀
  • | ကြည့်ရှုသူ: 10.2k

ထွန်းခိုင် (တောင်ရင်းကျွန်း)
နိရဥ္စရာ၊ ဖေဖော်ဝါရီ ၅ / ၂ဝ၂ဝ

ရခိုင်ပြည်နယ်၊ မင်းပြားဆေးရုံတွင် ဆေးကုသမှုခံယူလျက်ရှိသော ကိုရိုနာဗိုင်းရပ်စ် သံသယ လူနာ၏  ကျန်းမာရေးအခြေအနေမှာ တိုးတက်ကောင်းမွန်လာပြီဟု ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာ စိုးဝင်းပိုင်က နိရဥ္စရာ သတင်းဌာနသို့ ပြောသည်။

"သူ့အခြေအနေကကောင်းပါတယ်။ ကျနော်ကနေ့စဉ်သတင်းရနေတယ်။ ကျနော်တို့က မင်းပြား  မြို့နယ်နဲ့ ဖုန်းနဲ့လည်းဆက်သွယ်တယ်။ SMS တွေလည်း ပို့တယ်။ မနက်ပိုင်းဆိုတာနဲ့ ကျနော်တို့ သိရပြီးပေါ့။ လူနာအခြေအနေ ကောင်းလား/ မကောင်းလား။ ဒီနေ့ အခြေအနေ ကောင်းတယ်။ အားလုံးကောင်းတယ်ပေါ့နော်။ သွေးပေါင်းချိန်လည်းကောင်းတယ်။ အသက်ရှူနှုန်း တွေလည်း ကောင်းတယ်"ဟု ဒေါက်တာ စိုးဝင်းပိုင်က ပြောသည်။

၃၈ နှစ်အရွယ်ရှိ အဆိုပါအမျိုးသားမှာ တရုတ်နိုင်ငံ ဂျယ်ခေါင်မြို့မှ ဇန်နဝါရီလ ၂ဝ ရက်နေ့တွင် ရခိုင်ပြည်နယ် မင်းပြားမြို့နယ်သို့ ပြန်လည်ရောက်ရှိခဲ့ပြီးနောက် ကိုရိုနာဗိုင်းရပ်စ် သံသယလူနာ အဖြစ်သတ်မှတ်၍ မင်းပြားဆေးရုံ၌ သီးသန့်ခန်းတွင် ထားရှိကာ ဆေးကုသနေခြင်း ဖြစ်သည်ဟု ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ဖေဖော်ဝါရီလ ၂ ရက်နေ့တွင် သတင်း ထုတ်ပြန်ထားသည်။

ကိုရိုနာဗိုင်းရပ်စပ်(ခေါ်)ဝူဟန်ဗိုင်းရပ်စ်သည် တရုတ်နိုင်ငံ၊ ဝူဟန်မြို့၌ ပြီးခဲ့သည့် ၂ဝ၁၉ ခုနှစ်၊ ဒီဇင်ဘာ ၃၁ ရက်နေ့တွင် စတင်ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ဖေဖော်ဝါရီလ ၅  ရက်နေ့နံနက်ပိုင်းအထိ အဆိုပါရောဂါဖြစ်ပွားမှုကြောင့် တရုတ်နိုင်ငံ၌ သေဆုံးသူ လူပေါင်း ၄၉၁ ဦး ရှိပြီး ကူးစက်ခံရသူ ၂၄၃၆၃ ဦးရှိကာ သံသယစောင့်ကြည့်ထားသူ ၂၃၂၆ဝ ရှိကြောင်းသိရသည်။  ကိုရိုနာ ဗိုင်းရပ်စ် ကူးစက်ခံရမှုမှ ပြန်လည်ပြီး ကျန်းမာလာသူ ၈၉၂ ဦး ဆေးရုံက ဆင်းခွင့်ရပြီ ဖြစ်ကြောင်း တရုတ်ကျန်းမာရေး ဌာနက ဖေဖော်ဝါရီ ၅ ရက် နံနက်ပိုင်း သတင်းထုတ်ပြန်ချက်အရ သိရသည်။

ကူးစက်မြန်တတ်သည့်အဆိုပါရောဂါမဖြစ်ပွားစေရန် လူစုလူဝေးသို့ အတတ်နိုင်ဆုံးမသွားရန်နှင့် မဖြစ်မနေသွားရမည်ဆိုလျှင်လည်း Mask များတပ်ဆင်သွားရောက်ရန်၊ လက်ကို ဆပ်ပြာဖြင့် မကြာခဏ ဆေးကြောရန်၊ သံသယရှိသည့်သားငါးများကို မကိုင်ရန်နှင့် ကိုင်မည်ဆိုပါကလည်း အကာအကွယ်များဖြင့်ကိုင်ရန်လိုအပ်သည်ဟု ရခိုင်ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာ စိုးဝင်းပိုင်ကအကြံပြုပြောကြားသည်။

လက်ရှိအချိန်တွင် မြန်မာနိုင်ငံအတွင်း ကိုရိုနာဗိုင်းရပ်စ် သံသယလူနာ ၅ ဦးရှိပြီး စောင့်ကြည့်လူနာ ၁ဝ ဦးရှိနေပြီဟုလည်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ဖေဖော်ဝါရီလ ၃ ရက်နေ့က ထုတ်ပြန်ချက်အရ သိရှိရသည်။

-----------------------

Unicode:


နိရဉ်စရာ၊ ဖဖျေောဝါရီ ၅ / ၂ဝ၂ဝ








ဆက်စပ် သတင်းများ