ကြာသပတေး၊ ဧပြီလ ၁၈ရက်၊ ၂၀၂၄

မြောက်ဦးမြို့နယ်မှ စစ်ဘေးရှောင်စခန်းများတွင် တုပ်ကွေးရောဂါဖြစ်ပွားနေ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၁ ဇူလိုင် ၂၀၂၀
  • | ကြည့်ရှုသူ: 5.1k

ထွန်းခိုင် (တောင်ရင်းကျွန်း)

နိရဥ္စရာ၊ ဇူလိုင် ၂၁ / ၂ဝ၂ဝ

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်မှ စစ်ဘေးရှောင်စခန်းများတွင် တုပ်ကွေးရောဂါဖြစ်ပွားနေကြောင်း သတင်းရရှိသည်။

မြောက်ဦးမြို့မှ မြို့ဦးဂေါင်းဆရာတော် ဦးဝဏ္ဏသာရက “ ဆရာတော်အပါအဝင် မြို့ဦးဂေါင်းစစ်ဘေးရှောင် ၃ဝ လောက် တုပ်ကွေးရောဂါဖြစ်နေတယ်။ လူကြီးတွေလည်းဖြစ်တယ်။ ကလေးတွေလည်းဖြစ်တယ်။ ရာသီ တုပ်ကွေးလို့ ပြောရမှာပေါ့။ တစ်ကြိမ်လောက်ဖျားပြီးရင် အဆစ်တွေနာကျင်ကိုက်ခဲတယ်။ အဲလိုမျိုးဖြစ်တယ်။ သိပ်အများကြီး နာကျင်ကိုက်ခဲတာမျိုးတော့ မဟုတ်ဘူး” ဟုပြောသည်။

၎င်းမြောက်ဦးမြို့ဂေါင်းဘုန်းတော်ကြီး စစ်ဘေးရှောင်စခန်းတွင် စစ်ဘေးရှောင်ဦးရေ ၈ဝဝ ခန့်ရှိကြောင်း သိရှိရသည်။

မြောက်ဦးမြို့ လက်ကောက်စျေးကျောင်းစစ်ဘေးရှောင်စခန်းတာဝန်ခံ ကိုလင်းနိုင်က “ကျနော်တို့ စခန်းမှာလည်း လူပေါင်း ၃ဝ ကျော်လောက်ဖျားနေကြတယ်။ ခြင်ကိုက်လို့ဖြစ်တာထင်တယ်။ ခြင်ထောင် တွေကလည်း လုံလုံလောက်လောက်မရှိဘူး။ ခြင်ထောင်အလှူရှင်တွေ နည်းတယ်။ တစ်ခြား စစ်ဘေးရှောင်စခန်းတွေလည်း ဖျားကြတာတွေ ရှိတယ်” ဟု ပြောသည်။

မြောက်ဦးမြို့တွင် စစ်ဘေးရှောင်စခန်း ၁ဝ ခုခန့်ရှိပြီး စခန်းတိုင်းလိုလိုတွင် တုပ်ကွေးရောဂါခံစားနေရကြောင်း သိရှိရသည်။ ၎င်းအပြင် မြောက်ဦးမြို့နယ် တိမ်ညိုစစ်ဘေးရှောင်စခန်းတွင်လည်း အဆိုပါရောဂါ ခံစားနေရသူများ ရှိနေကြောင်း စခန်းတာဝန်ခံများ၏  ပြောပြချက်အရ သိရှိရသည်။

အလားတူ ရသေ့တောင်မြို့နယ်မှ စစ်ဘေးရှောင်စခန်းများတွင်လည်း ဖျားနာနေသူများရှိကြောင်း သိရှိရသည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ ရခိုင်ပြည်နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာစိုးဝင်းပိုင်အား ဆက်သွယ်ခဲ့ရာ အဆိုပါသတင်းကို သူမရရှိသေးကြောင်း ဖြေကြားခဲ့သည်။

မြောက်ဦးခရိုင်ဆေးရုံသို့ ဆက်သွယ်ရာ ဖုန်းလက်ခံ ဖြေဆိုခြင်း မရှိပါ။ 


ဆက်စပ် သတင်းများ