သောကြာ၊ ဧပြီလ ၁၉ရက်၊ ၂၀၂၄

မြောက်ဦးမြို့တွင် အောက်ဆီဂျင်ဘူးရုံးဆောက်လုပ်၊ စက်တည်နိုင်အောင်ထိ ကြိုးပမ်းမည်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၉ ဇန်နဝါရီ ၂၀၂၁
  • | ကြည့်ရှုသူ: 340

ဇွဲဓန (ကိန်းသာမြေ)
နိရဥ္စရာ၊ ဇွန်နဝါရီ ၉/၂ဝ၂၁

မြောက်ဦးမြို့၊ ထမ္မရာဇ်မြို့သစ်၊ ၇ ရပ်ကွက်၊ ဆေးရုံကြီးရှေ့တွင် အောက်ဆီဂျင်ဘူးများကိုသိုလှောင်ရန်နှင့် စီမံ ခန့်ခွဲနိုင်ရန် အတွက် အောက်ဆီဂျင်ရုံးတစ်ခုကို တည်ဆောက်နေပြီး ၎င်းရုံးတွင် အောက်စီဂျင်စက်တစ်လုံး ထားရှိပြီး ထုတ်လုပ်နိုင်အောင်ထိ ကြိုးပမ်းနေကြောင်း နန်းရိပ်ကရုဏာ အောက်ဆီဂျင်အခမဲ့ကူညီရေးအဖွဲ့မှ သတင်းရရှိသည်။

နန်းရိပ်ကရုဏာ အောက်ဆီဂျင်အခမဲ့ကူညီရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမောင်ဝင်းရွှေက  ̏ အခုလက်ရှိ ကျွန်တော်တို့ ဆီမှာ အောက်စီဂျင်ဘူးက ၁၅ဝ ခန့်ရှိတယ်။ အဲဒီဘူးတွေကို သွေးလှူရှင်ရုံးမှာ ယာယီထား ထားတယ်။ အောက်ဆီဂျင်ဘူးတွေ များလာတော့ ရုံးဆောက်ဖို့ လိုအပ်လာတယ်။ ပြီးတော့ ယာယီထားတဲ့ နေရာမှာ မဆန့်တော့ဘူး။ ဒါကြောင့် အခု စတင်တည်ဆောက်နေပါပြီ” ဟုပြောသည်။

အောက်ဆီဂျင်ဘူးများကို ရန်ကုန်မှတစ်ဆင့် ဝယ်ယူရပြီး လမ်းခရီးတွင်စစ်ဆေးမှု၊ ဟန့်တားမှုများနှင့် မကြာခဏကြုံရ၍ လိုအပ်သောနေရာသို့ အချိန်မီ ရောက်ရှိရန် အခက်အခဲများရှိနေသည်ဟု ၄င်းက ပြောသည်။

 ̏ ကျနော်တို့က အောက်ဆီဂျင်ဘူးတွေကို ရန်ကုန်ကတစ်ဆင့် ဝယ်ရတယ်။ အဲဒီဘူးတွေကို ကားတွေနဲ့ သယ်ယူလာတဲ့ အချိန်မှာ လမ်းမှာ အခက်ခဲတွေရှိတယ်။ အထူးသဖြင့် အမ်းစစ်ဆေးရေးဂိတ်မှာ အချိန်အကြာကြီး စစ်ဆေးခံရတာဆိုတော့ အချိန်မီ မရောက်နိုင်ဘူး။  ဒါကြောင့် ဒီရုံးကို တည်ဆောက်ပြီးရင် အောက်ဆီဂျင်ထုတ် စက်တစ်လုံးရရှိဖို့အတွက် ကျနော်တို့ အဖွဲ့က ကြိုးစားနေတယ် ̋ ဟု ပြောသည်။

မြောက်ဦးမှာ ခရိုင်မြို့ဖြစ်ပြီး အနီးအနားမြို့နယ်များမှ လူနာများ ဆေးရုံသို့ရောက်ရှိလာမှုများလာသောကြောင့် ယခင်ထက် အောက်ဆီဂျင်သုံးစွဲမှုနှုန်း ပိုများလာကြောင်း၊ သို့အတွက် အမေရိကန် ဒေါ်လာ ၅ သောင်း ကျော်ခန့် ကုန်ကျမည့် အောက်ဆီဂျင်ထုတ်လုပ်သည့် စက်တစ်လုံးကို ဆရာတော်ကြီးများ၏ အကူအညီများ၊ ပြည်သူများ၏ ထည့်ဝင် လှူဒါန်း ငွေများဖြင့် ဝယ်ယူရန်လည်း စီစဉ်နေကြောင်း ၄င်းက ပြောသည်။

နန်းရိပ်ကရုဏာ အောက်ဆီဂျင်အခမဲ့ကူညီရေးအဖွဲ့ကို  ၂ဝ၁၈ ခုနှစ်မှ စတင် ဖွဲ့စည်းခဲ့ပြီး လက်ရှိ အောက်ဆီဂျင်ဘူးများကို မြောက်ဦးတွင် အခမဲ့ထောက်ပံ့ကူညီနေကြောင်း သိရသည်။
လက်ရှိ အောက်ဆီဂျင်ရုံးဆောက်လုပ်ရန်အတွက် ကာလတန်ဖိုးသိန်း ကျပ် ၂ဝဝ ခန့်ရှိသော အလျား(၅၃)ပေ၊ အနံ(၃ဝ)ပေ မြေကွက်ကို တန်ဖိုးကိုငွေ(၂၅)သိန်းကျပ်ဖြင့် မြောက်ဦးမြို့ထမ္မရာဇ်မြို့သစ်အနီးမှ  ဦးဦးရန်အောင်က စေတနာ တရားဖြင့် ရောင်းချ ပေးထားသည်ဟု ဆိုသည်။

၎င်းမြေကွက်တွင်အောက်ဆီဂျင်ရုံဆောက်လုပ်နိူင်ရန်မတည်ငွေသိန်းသုံးဆယ်လောလောဆယ်ကောက်ခံရရှိထားကြောင်း၊ သို့ဖြစ်ပါ၍အောက်ဆီဂျင် ရုံးဆောက်လုပ်နိူင်ရန်အတွက် အများပြည်သူများစေတနာထားမေတ္တာထား၍ဝိုင်းဝန်းကူညီပေးစေလိုပါကြောင်းတိုက်တွန်းကြောင်း ဦးမောင်ဝင်းရွှေက ပြောကြားသည်။

“ အလှူရှင်တွေ  ကျနော်တို့ အဖွဲ့ဝင်တွေဆီက ကိုယ်တက်နိုင်သလောက် အလှူငွေတွေထည့်ကြတယ်။ မြေကွက်ဝယ်ဖို့ အတွက်ပေါ့။ ပြင်ပအလှူရှင်တွေလည်း လှူကြတာပေါ့။ အလှူရှင်တွေလည်း ရုံးဆောက်ဖို့ လှူကြစေချင်တယ်။  ပြီးတော့  အောက်ဆီဂျင် စက်တစ်လုံး အတွက်လည်း ဆက်လှူစေချင်တယ်။ လှူကြပါလို့ ပြောချင်ပါတယ်။  အောက်ဆီဂျင်ထုတ်စက်တစ်လုံးတည်ဖြစ်ရင် ကျွန်တော်တို့ ရခိုင်ပြည်နယ်အတွင်း လိုအပ်တဲ့ မြို့နယ်တွေချက်ချင်း ပို့ပေးကူညီနိုင်မှာ ဖြစ်ပါတယ်” ဟု ပြောဆိုသည်။

အလှူရှင်များဆက်သွယ်လိုလျှင် ဝ၉၈၅၂၂၁၅၅၊ ဝ၉၂၅၄၆၉၂၇ဝ၃  နှင့် ဝ၉၂၆၃၄၈၁၄၃၈ ကိုဆက်သွယ်လှူဒါန်းနိုင်သည်ဟု သိရှိရသည်။


ဆက်စပ် သတင်းများ