သောကြာ၊ ဧပြီလ ၁၉ရက်၊ ၂၀၂၄

ရသေ့တောင်မြို့နယ်၊အမျက်တောင်ကျေးရွာမှ နေအိမ်၁၁လုံးမီးရှို့ခံရမှု အမှုဖွင့်၍မရဟုဆို


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၉ ဇူလိုင် ၂၀၁၉
  • | ကြည့်ရှုသူ: 4.5k

သိန်းဇော်(မောင်တော)
စစ်တွေ၊ ဇူလိုင် ၉/ ၂ဝ၁၉

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ အမျက်တောင်ကျေးရွာမှ နေအိမ် ၁၁ လုံး မီးရှို့ခံရမှုအပေါ် မီးသတ်အနေနဲ့ အမှုဖွင့်၍ မရကြောင်း  မီးသတ်တပ်ဖွဲ့ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

၎င်းက “ အမှုတွဲက ဒီမီးနဲ့ပတ်သက်လို့ အမှုတင်လို့ မရှိဘူး။ ဘာဖြစ်လို့လည်းဆိုတော့ ဒီမီးက ရှို့မီးလည်း မဟုတ်သလို ပေါ့ဆမီးလည်း မဟုတ်တဲ့ အတွက် ဖြစ်ပါတယ်။ တိုက်ပွဲကြောင့်ဖြစ်တဲ့မီးဖြစ်ပါတယ်။ တိုက်ပွဲကြောင့် ဖြစ်တဲ့မီးမို့ ကျွန်တော်တို့ မီးသတ်က အမှုတွဲတင်လို့တော့ မရပါ” ဟု ပြောကြားသည်။

မီးလောင်မှုဖြစ်သဖြင့် မည်သို့ ဆက်လက် အရေးယူဆောင်ရွက်ပါမလဲဟု ဆက်မေးမြန်းရာသူက “ ကျွန်တော်တို့ ထွေအုပ်နဲ့လည်းပြောတာတော့ ရှိပါတယ်။ အမှုတွဲ မတင်လိုက်တော့ပါ။ နောက်တစ်ခုက ကျွန်တော်တို့ အဲဒီနေရာကို သုံးသပ်ဖို့ သွားလာရလည်း အခက်အခဲရှိပါတယ်။ အခက်အခဲရှိတဲ့အတွက်ဖြစ်ပါတယ်” ဟု မီးသတ်ဦးစီးမှူးက ပြောကြားသည်။

လွန်ခဲ့သည့် ဇူလိုင်လ ၅ ရက်နေ့ တိုက်ပွဲ ဖြစ်ပွားပြီးနောက် တပ်မတော်စစ်ကြောင်းတစ်ခုက အမျက်တောင်ကျေးရွာ အတွင်းသို့ သေနတ်ပစ်ခတ် ဝင်ရောက်လာကာ နေအိမ် ၁၁ လုံး မီးရှို့ခံခဲ့ရသည်ဟု ကျေးရွာသားများပြောပြချက်အရ သိရသည်။

နေအိမ်မီးရှို့ခံရသည့် အမျက်တောင်ကျေးရွာသားများမှာ ဦးဝင်းကျော်၊ ဦးမောင်ကျော်ထွန်း၊ ဦးကျော်ညွန့်လှ၊ ဦးသန်းကျော်လှ၊ ဦးစောလှမောင်၊ ဦးအောင်နိုင်၊ ဦးခင်မောင်၊ ဒေါ်တင်တင်ဆန်း၊ ဒေါ်အေးမြနု၊ ဒေါ်မသန်းနု တို့ဖြစ်ကြောင်း သိရသည်။

လက်ရှိ အချိန်တွင် ၎င်းမိသားစု ၁၁ စုမှာ အမျက်တောင် ဘုန်းတော်ကြီးကျောင်းတွင် နေထိုင်နေရပြီး  စားဝတ်နေရေး အခက်တွေ့နေရကြောင်း သတင်း ရရှိသည်။

ထိုကိစ္စနှင့် ပတ်သက်ပြီ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးအောင်စံသိန်းအား ဆက်သွယ်မေးမြန်းခဲ့ရာ ၄င်းက “ အိမ်မီးလောင်သွားတဲ့ မိသားစုက ၁၁ စုပါ။ အခုသူတို့က ဘုန်းတော်ကြီးကျောင်းမှာ နေကြပါတယ်။ စားဖို့ သောက်ဖို့ အခက်အခဲဖြစ်နေကြတယ်။ မီးလောင်တဲ့အထဲ အားလုံး ပါသွားတော့ အဝတ်အထည် တွေကလည်း လိုအပ်နေတယ်” ဟု နိရဥ္စရာ သတင်းဌာနသို့ ပြောသည်။

 “ ကျွန်တော်တို့ ဌာနအနေနဲ့ ငွေကြေးအားဖြင့် ထောက်ပံ့ပေးမှုတော့မရှိဘူး။ ဒါပေမယ့် ဒုက္ခကျရောက်နေတဲ့သူတွေကို ကျွန်တော်တို့ဘက်က ကယ်ဆယ် ကူညီဖို့ အဆင်သင့်ရှိပါတယ်။ နယ်မြေဒေသ အရသွားလာရခက်ခဲတဲ့ အတွက် ကျွန်တော်တို့ဘက်က လုပ်ဆောင်ရတာတွေက နှောင့်နှေးကြန့်ကြာမှု အပိုင်းတွေတော့ ရှိပါတယ်” ဟု မီးသတ်တပ်ဖွဲ့ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

အိမ်မီးရှို့ခံရသူများထဲမှ ဦးအောင်နိုင် က “ မီးလောက်တဲ့အချိန်မှာ အိမ်သုံးပစ္စည်းတွေ အားလုံးပါသွားပါတယ်။ တခုမှမကျန်ခဲ့ဘူး။ ခန္ဓာကိုယ်မှာ ဝတ်ထားတဲ့ အဝတ်လောက်ပဲ ကျန်ခဲ့ပါတယ်။ ကျနော်တို့ အိမ်မီးရှို့ခံရတဲ့ မိသားစုအားလုံးက အရင်လို ကိုယ့်အိမ်နဲ့ ကိုယ်ပြန်နေချင်ပါတယ်။ ကိုယ့်အိမ်နဲ့ကို ပြန်နေလို့ရအောင် ကူညီပေးကြပါလို့လည်း ပြောချင်ပါတယ်။”ဟု ပြောသည်။

ဆက်လက်ပြီး ထိုသို့ မီးရှို့ခံရသည့် နေ့တွင် ၄င်းကျေးရွာ၌ ဦး ဦးစံရွှေနှင့် ဒေါ်သိန်းနုတို့၏ နေအိမ်ဆိုင်ခန့်အတွင်းမှ ပစ္စည်းများကိုလည်း ဖောက်ယူ သွားကြောင်း၊ ဒေါ်သိန်းနုဆိုင်မှ ဖောက်ယူသွားသည့် ပစ္စည်းများမှာ သွားတိုက်ဆေး၊ မုန့်၊ ထီး၊ ဖိနပ်စသည့် ပစ္စည်းများ ပါသွားပြီး ထိုပစ္စည်းများ၏တန်ဖိုးမှာ ကျပ် ၅သိန်း ကျော် ၆သိန်းဖိုးလောက် ရှိကြောင်း၊ ဦးဦးစံရွှေဆိုင်အတွင်းမှ ကျပ် ၃သိန်းဖိုး လောက်ပါသွားသည်ဟု စစ်တမ်းကောက်ကြည့်ချက်အရ သိရကြောင်း အမျက်တောင်ကျေးရွာသား တစ်ဦးကပြောသည်။

အဆိုပါကိစ္စနှင့် ပတ်သက်ပြီး အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် ပြောရေးဆိုခွင့်ရှိသူ စစ်ဦးစီး ပထမတန်း ဗိုလ်မှူးကြီးဝင်းဇော်ဦးအား ဇူလိုင်လ ၅ ရက်နေ့က နိရဥ္စရာ သတင်းဌာနမှ ဆက်သွယ်မေးမြန်းခဲ့ရာ ၄င်းက “တစ်ခုတော့ တိုက်ပွဲဖြစ်တာတော့ရှိတယ်။ တိုက်ပွဲဖြစ်တာက အဲဒီမှာမဟုတ်ဘူး။ အပေါ်ဟိုဘက်မှာဖြစ်တာ။ တိုက်ပွဲဖြစ်တာက ယောချောင်းဘက်မှာဖြစ်တာ။ ဖြစ်တဲ့အတွက်ကြောင့် မို့လို့ တိုက်ပွဲဖြစ်လို့ နှစ်ဘက်ပစ်လို့ပေါ့နော်။ ဟိုဘက်ဒီဘက်ပစ်လို့ နှစ်ဘက်ပစ်လို့ အဲဒီရွာမှာဗုံးကျလို့ မီးလောင်ရင်တော့ ကျနော်လည်း မပြောတတ်ဘူး။ တိုက်ပွဲဖြစ်လို့ သူပစ်ကိုယ်ပစ် ပစ်လိုက်လို့ ဖြစ်နိုင်တယ်။ သောင်းကျန်းသူတွေ ပစ်လိုက်လို့ ဗုံးသီး ရွာထဲကျနိုင်သလို ကျနော်တို့ တပ်ကပစ်လိုက်လို့လည်း ရွာထဲမှာကျနိုင်တယ်။ ရွာတွေက အိမ်တွေကို ဓနိမိုးတွေ ဘာတွေနဲ့ မိုးထားတဲ့အိမ်တွေ ဖြစ်တဲ့ အတွက်ကြောင့်မို့လို့ ဗုံးသီးကျလို့လောင်တာက ဖြစ်ကောင်းဖြစ်နိုင်တယ်။ ဒါကိုတော့ ကျနော်လည်း အတိအကျ ပြောလို့တော့ ဒီသတင်းကိုတော့ မရသေးဘူးဗျာ။ သီးခြား မဟုတ်လား။ မီးရှို့တာဆိုတာက လုံးဝမဖြစ်နိုင်ဘူး” ဟု ပြန်လည် ဖြေကြားထားသည်။

ဆက်စပ် သတင်းများ