သောကြာ၊ ဧပြီလ ၁၉ရက်၊ ၂၀၂၄

ရသေ့တောင်မြို့နယ်တွင် ၇ နှစ်အရွယ်ကလေးတစ်ဦးလက်နက်ကြီးကျည်ထိမှန်ဒဏ်ရာရရှိ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၁ စက်တင်ဘာ ၂၀၂၀
  • | ကြည့်ရှုသူ: 10.1k

အိမ်စိုးဖြူ
နိရဥ္စရာ၊ စက်တင်ဘာ ၁၁/၂ဝ၂ဝ

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ် မယူကမ်း၊ အောင်စည်ကုန်ကျေးရွာမှ အသက်(၇) နှစ်အရွယ် ကလေးငယ်တစ်ဦးမှာ ယနေ့ နေ့လယ် ၂ နာရီခွဲခန့်တွင် လက်နက်ကြီးကျည်စထိမှန်၍ ဒဏ်ရာ ပြင်းထန်စွာရရှိခဲ့ကြောင်းသတင်းရရှိသည်။

ဒဏ်ရာရရှိသူ ကလေးငယ်မှာ မောင်ပြည့်စုံမောင်(၇)နှစ်ဖြစ်ပြီး ၄င်းတို့ နေအိမ်ဘေး သစ်ပင်အား လက်နက်ကြီးကျည်ထိမှန်ကာ ယင်းမှ တစ်ဆင့် အိမ်ပေါ်ရှိကလေးငယ်၏ ဘယ်ဖက်လက်မောင်းရင်းအား ကျည်စ လာရောက်ထိမှန်ခဲ့ခြင်းဖြစ်ကြောင်း ကလေးငယ်၏ ဖခင်ဖြစ်သူ ကိုမောင်ရွှေသန်းက နိရဥ္စရာ သတင်းဌာနသို့ ပြောသည်။

“သားလေးက အိမ်ပေါ်မှာ ဖုန်းကြည့်နေတာပါ။ ကလေးအမေရောတခြားကလေးတွေရောအကုန်ရှိတယ်။ ဇက်နှစ်စီးက မယူမြစ်ထဲကနေဖြတ်သွားတဲ့အချိန်မြစ်ကြောင်းအတိုင်း ပစ်သွားတာပါ။ သူတို့က ဖြတ်သွားရင် ပစ်တာက အကျင့်လိုလိုဖြစ်နေပြီ။ အခုက ရွာထဲတွေကိုလည်းပစ်ပါတယ်။ အချက်က မရေတွက် နိုင်အောင်ပါ။ ဇက်ကပစ်တာ မြင်လိုက်ရပါတယ်။ သားလေးရဲ့ဘယ်ဖက်လက်မောင်းပုခုံးကို ကျည်စ ဝင်သွားတာပါ။ စိုးရိမ်ရတယ်။ ဒဏ်ရာကအတော်များတယ်” ဟုပြောသည်။

ကလေးငယ်အား စေတီပြင်ဆေးရုံသို့ ယူဆောင်လာခဲ့ပြီး ဆေးကုသမှုခံယူနေကြောင်း၊ အပြစ်မဲ့ ကလေးငယ်များ အား ထိခိုက်ဒဏ်ရာရရှိခြင်း၊ သေဆုံးနေကြခြင်းများကို မဖြစ်စေချင်ကြောင်း ကလေးငယ်၏ ဖခင်ဖြစ်သူက ဆက်ပြောသည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ ရသေ့တောင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဒေါ်ခင်စောဝေအား မေးမြန်းစုံစမ်းရာ သူမက “ အဲဒီက ဒေသခံတစ်ယောက်က ဖုန်းဆက်အကြောင်းကြားလာတာတော့ ရှိတယ်။ ကလေးကို စေတီပြင်ဆေးရုံကိုယူသွားကြတယ်။ ရေကြောင်းကပစ်ခတ်တာလို့သိရတယ်။ စိတ်မကောင်း ဖြစ်ရပါတယ်” ဟုပြောသည်။

လူ့အခွင့်အရေး ဆောင်ရွက်နေသည့် ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး(REC)ကလည်း အဆိုပါ သတင်းနှင့် ပတ်သက်ပြီး ထုတ်ပြန်ထားသည်။

REC ၏ထုတ်ပြန်ချက်ထဲတွင် " ရသေ့တောင်မြို့နယ် မယူကမ်း အောင်စည်ကုန်းကျေးရွာအတွင်းသို့ (၁၁.၉.၂ဝ၂ဝ)နေ့  နေ့လယ် (၂း၂ဝ)မိနစ်အချိန်ခန့်တွင် မေယူမြစ်အတွင်းနေရာယူသွားလာနေသော မြန်မာစစ်တပ်(ရေတပ်) ဇက်ရေယာဉ်ကနေ လက်နက်ကြီးပစ်ခတ်သောကြောင့် ၎င်းကျေးရွာနေ (အဖ) ဦးမောင်ရွှေသန်း၊ (အမိ)ဒေါ်ချိုချို တို့၏ သား မောင်ပြည့်အောင် (၆)နှစ်အရွယ်ကလေးတစ်ဦး နေအိမ်ထဲ TV ကြည့်နေစဉ် သစ်ပင်သို့ ထိမှန်သည့် လက်နက်ကြီးကျည်ပေါက်ကွဲပြီး ကျည်စထိမှန်၍ ဘယ်လက် မောင်းနှင့် ပခုံးတို့တွင်ဒဏ်ရာရရှိသွားကြောင်း၊ လက်ရှိ စေတီပြင်တိုက်နယ်ဆေးရုံသို့ ပို့ဆောင်ထားရကြောင်း" ဖော်ပြထားသည်။

အဆိုပါ ဒေသခံများနှင့် ပတ်သက်ပြီး တပ်မတော်၏ သဘောထားကို သိရှိလိုသဖြင့် တပ်မတော် သတင်းမှန် ပြန်ကြားရေးအဖွဲ့ ဥက္ကဋ္ဌ ဗိုလ်ချုပ်ဇော်မင်းထွန်းသို့ မေးမြန်းရန် အကြိမ်ကြိမ် ဆက်သွယ်သော်လည်း ဖုန်းလက်ခံဖြေဆိုခြင်းမရှိခဲ့ပါ။

ဆက်စပ် သတင်းများ