ဗုဒ္ဓဟူး၊ ဧပြီလ ၂၄ရက်၊ ၂၀၂၄

စစ်တပ်က ဖမ်းဆီးသွားသည့် မြောက်ဦးမြို့မှ သုံးဘီးဆရာအလောင်း ဆေးရုံသို့ လွှဲပြောင်း


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၈ စက်တင်ဘာ ၂၀၂၀
  • | ကြည့်ရှုသူ: 1.5k

ဆောင်းဇာခြည်
နိရဥ္စရာ၊ စက်တင်ဘာ ၂၈/၂ဝ၂ဝ

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့၊ မြို့သစ်ရပ်ကွက်မှ စစ်တပ်က ဖမ်းဆီးသွားသည့် သုံးဘီးဆရာတစ်ဦး၏ အလောင်းကို ယနေ့ ညနေ ၄ နာရီခွဲက ရဲတပ်ဖွဲ့မှ တစ်ဆင့်  မြောက်ဦးဆေးရုံသို့ လွှဲပြောင်း ပေးလိုက်သည်ဟု သတင်းရရှိသည်။

၎င်းသုံးဘီးဆရာမှာ မြောက်ဦးမြို့၊ မြို့သစ်ရပ်ကွက်မှ ဦးအေးကျော် (၃၈) နှစ်ဖြစ်သည်။

ဦးအေးကျော်ကို ယမန်နေ့ စက်တင်ဘာ ၂၇ ရက်နေ့ နံနက် ၈ နာရီခန့်က မြောက်ဦးမြို့နယ်၊ နထင် (ခမီ) ကျေးရွာသို့ သွားစဉ် အောင်မင်္ဂလာရပ်ကွက်နှင့် ဘောင်းဒွတ်ရပ်ကွက်အကြားရှိ အမှတ် ၃၇၇ တပ်ရင်းသို့ အရောက်တွင် တပ်မတော်သားများက ဖမ်းဆီးသွားခဲ့သည်။ ဖမ်းဆီးပြီးနောက် တပ်ရင်းဝင်းထဲသို့ ခေါ်ဆောင်သွားခဲ့ပြီး  ယနေ့ ညနေ ၄ နာရီခွဲခန့်တွင် ဦးအေးကျော်၏ အလောင်း မြောက်ဦးဆေးရုံသို့ ရောက်ရှိလာသည်ဟု  ဦးလေးတော်စပ်သူ ဦးအထွီးချေက ပြောသည်။

“သူက သုံးဘီးမောင်းနေတာပါ။ ရိုးရိုးသားသားလုပ်ကိုင်စားသောက်နေတာပါ။ အိမ်နားက အဘွားမှာ သူ့မြေးမ လက်ကျိုးနေလို့ နထင်ရွာကို သွားကုဖို့အတွက် သူ့သုံးဘီးနဲ့ သွားတာ။ ၃၇၇ ရှေ့ကိုရောက်တာနဲ့ သုံးဘီး ရပ်ခိုင်းပြီး ဘယ်ကလဲမေးတယ်။ နာမည်ဘယ်လိုခေါ်လဲမေးတယ်။ သူက ဦးအေးကျော်လို့ ခေါ်တယ်ပြောတာနဲ့ သူကို သုံးဘီးပေါ်က ဆင်းခိုင်းတယ်။ ပြီးရင် နောက်က လာတဲ့ ဆိုင်ကယ်တစ်စီးကို အဲဒီအဘွားနဲ့ မြေးမကို တင်ပေးလိုက်ပြီး  အေးကျော်ကို သူတို့ နေတဲ့ တပ်ရင်း အထဲကို ခေါ်သွားတယ်။ ဒီနေ့မှာတော့ သူရဲ့ အလောင်းကို ဆေးရုံကတစ်ဆင့် ပြန်ရပါတယ်” ဟု ဦးအထွီးချေက နိရဥ္စရာသို့ ပြောသည်။

သေဆုံးသူ ဦးအေးကျော်၏ အလောင်းတွင် လက်နှစ်ဘက်ကို ကြိုးဖြင့် တုတ်ထားသည့် ဒဏ်ရာများ၊ ဦးခေါင်းကို ရိုက်နှက်ထားသည့် အက်ကွဲဒဏ်ရာတို့ဖြင့် သေဆုံးလျှက်တွေ့ရှိရသည်ဟု မိသားစုဝင်များက ပြောသည်။

မြောက်ဦးမြို့ နာရေးကူညီမှုအသင်း ဥက္ကဋ္ဌ ဦးကျော်ကျော်က “ကျွန်တော်တို့ကို တပ်ရင်း ၃၇၇ က ညနေ ၃ နာရီလောက်မှာ ဖုန်းဆက်လာပါတယ်။ အလောင်းကို ဆေးရုံပို့ပေးဖို့ပေါ့။ ကျွန်တော်တို့က အဲဒီကိုသွားပြီး ပို့ပေးလိုက်ပါတယ်။ အခု အလောင်းကို ရင်ခွဲရုံမှ ခွဲစိတ်မှုတွေ လုပ်နေကြပါတယ်။ မိသားစုမှာလည်း အရမ်းနစ်နာတယ်ပေါ့။ သူ့မှာ မိန်းမက ကလေးနှစ်ယောက်နဲ့ ကျန်ခဲ့တယ်လေ” ဟု ယနေ့ ညနေ ၆ နာရီက နိရဥ္စရာသို့ ပြောသည်။

သေဆုံးသူ ဦးအေးမောင်မှာ ၆ နှစ်သမီးတစ်ဦးနှင့် ၅ လသားအရွယ် သမီးတစ်ဦးတို့ ကျန်ရှိခဲ့ကြောင်း၊ မိသားစုဝင်များအနေဖြင့် မတရားခံရသဖြင့် ကျေနပ်မှုမရှိကြောင်း ဦးအထွီးချေက ပြောဆိုသည်။

ယင်းကိစ္စနှင့်ပတ်သက်ပြီး မြောက်ဦးမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းသာစိန်အား နိရဥ္စရာမှ ဆက်သွယ်ခဲ့ရာ “လက်လွန်သွားတဲ့ သဘောပေါ့။ သူက ရိုးရိုးသားသားလုပ်စားနေတဲ့ သူလို့ မိသားစုဝင်တွေ ပြောပြချက်အရ သိရတယ်။ မနေ့က အဖမ်းခံရကတည်းက မိသားစုတွေ အကူအညီတောင်းပါတယ်။ အခုတော့ အလောင်းဘဲ ပြန်ရတယ်။ သူ့မှာ သမီးလည်း နှစ်ယောက်ကျန်ခဲ့တယ်။ စစ်သားက ရဲလက်ကို အပ်တယ်။ ရဲလက်က ဆေးရုံကို ပို့လိုက်တာပေါ့” ဟု ပြောသည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ ဥက္ကဋ္ဌ ဗိုလ်ချုပ်ဇော်မင်းထွန်းအား နိရဥ္စရာမှ ဆက်သွယ်ခဲ့ရာ ဖုန်းလက်ခံဖြေဆိုခြင်း မရှိခဲ့ပါ။

ပြီးခဲ့သည့် စက်တင်ဘာ ၂ဝ ရက်နေ့ ည ၈ နာရီခန့်က မြောက်ဦးမြို့၊ ဆင်ချဆိပ်ရပ်ကွက်မှ ဦးထွန်းထွန်းမြင့် (၃၄) နှစ်နှင့် သူ၏ အစ်ကိုတော်စပ်သူ ဦးထွန်းငြိမ်းတို့ ငါးမြှုံးထောင်၍ အပြန် ငွေတောင်ပေါက် တံတားအနီး စစ်ဆေးရေးဂိတ်မှ ပစ်ခတ်မှုပြုလုပ်ခဲ့မှုကြောင့် ဦးထွန်းထွန်းမြင့်၏ ပေါင်တွင် သေနတ်ကျည်ထိမှန် ဒဏ်ရာ ရရှိခဲ့ပြီး ဦးထွန်းငြိမ်းမှာ ထွက်ပြေး၍ လွတ်မြောက်သွားကာ လက်ရှိတွင် ဦးထွန်းထွန်းမြင့်အား မြောက်ဦး ရဲစခန်းတွင် ထိန်းသိမ်းထားကြောင်း မိသားစုဝင်များ ပြောပြချက်အရ သိရသည်။

ဆက်စပ် သတင်းများ