စနေ၊ ဧပြီလ ၂၀ရက်၊ ၂၀၂၄

ဘူးသီးတောင်မြို့နယ်တွင် တိုက်ပွဲဖြစ်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၉ စက်တင်ဘာ ၂၀၁၉
  • | ကြည့်ရှုသူ: 1.9k

သိန်းဇော်(မောင်တော)
စစ်တွေ၊ စက်တင်ဘာ ၂၉/၂ဝ၁၉

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်တွင် ယနေ့ နံနက်ပိုင်းက မြန်မာ့တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA) တို့အကြား အပြန်အလှန်တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု သတင်းရရှိသည်။

“ တိုက်ပွဲဖြစ်တာက နံနက် ၈ နာရီကျော်ကနေ ဖြစ်တာ တစ်နာရီနီးပါးလောက်ကြပါတယ်။ လက်နက်ငယ်တွေနဲ့ အပြန်အလှန် တိုက်ခိုက်ကြတာပါ။ နွားရုံတောင်ရွာအနီးမှာ ဖြစ်တာပါ။  နောက်ပိုင်းကျတော့ လက်နက်ကြီးသံတွေဘဲ ကြားရပါတယ်။ နံနက် ၁၁ နာရီလောက်မှ လက်နက်ငယ်သံတွေ ရပ်သွားပါတယ်” ဟု အနီးအနားရှိ ကျေးရွာသား တစ်ဦးက ပြောကြားသည်။

စေတီတောင်ကျေးရွာသို့ ဆက်သွယ်ရာ လက်နက်ကြီးပစ်ခတ်သံများကို ညနေ ၃ နာရီ ထိဆက်လက်ကြား နေရဆဲဖြစ်ကြောင်း ကျေးရွာအုပ်ချုပ်ရေးမှူးက ပြောကြားသည်။

“ ဖြစ်တာက နွားရုံတောင်နှင့် ကွမ်းတောင်ကြားမှာ ဒီကနေ့ မနက် ၈နာရီ ၄၅ မိနစ်ခန့်က စတင်ဖြစ်ပါတယ်။ လက်နက်ငယ်တွေနဲ့ အပြန်အလှန်ပစ်သံတွေကို နံနက် ၁၁ နာရီ ထိုးခါနီးထိ ကြားရပါတယ်။ လက်နက်ကြီးသံ တွေကတော့ အခုထိ ပစ်ခတ်သံတွေကိုတော့ ညနေ ၃ နာရီထိ ကြားနေရဆဲဖြစ်ပါတယ်” ဟု ၎င်းက ပြောသည်။

နှစ်ဖက်တိုက်ပွဲမှာ အပြင်းအထန်ဖြစ်ပွားခဲ့ကြောင်း၊ စေတီတောင် တိုက်နယ်ဆေးရုံတွင် လက်နက်ကြီးကျည်ဆံ အစများ လာရောက်ထိမှန်မှုများရှိခဲ့ကြောင်း စေတီတောင် ကျေးရွာအုပ်ချုပ်ရေးမှူးက ပြောဆိုသည်။

တိုက်ပွဲဖြစ်ပွားမှုကြောင့်  ကျန်းမာရေးဝန်ထမ်း အိမ်ရာကိုကျော်ပြီး ဆေးရုံကိုလည်း အမြှောက်ဆံများလာရောက် ထိမှန်မှုများရှိနေသဖြင့် စိုးရိမ်ကြောက်လန့်နေကြရကြောင်း ကျန်းမာရေး ဝန်ထမ်းတစ်ဦးက ပြောသည်။

“တိုက်ပွဲဖြစ်နေတဲ့နေရာက စေတီတောင်နဲ့ ချောင်းတစ်ချောင်းဘဲ ခြားနေလို့ တော်ပါသေးတယ်။ ဆေးရုံကို အမြှောက်ဆံတွေကျလာတယ်။ အရင်တုန်းကလို ခေါင်မိုးတွေ ပွင့်ထွက်သွားတဲ့ အထိတော့ မဟုတ်ဘူး။ အသေးစား လာထိတာပါ။ ယခင်က လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့တဲ့  နေရာမှာ အမြှောက်ဆံတွေ လာကျတာပါ။ ကျည်ဆံက အလုံးလိုက် လာကျတာမျိုးတော့ မဟုတ်ပါဘူး။ ဆေးရုံခေါင်းမိုးပေါ်ကို ကျည်ဆံ အစတွေကျလာတာပါ” ဟု ၎င်းက ပြောသည်။

၎င်းတိုက်ပွဲဖြစ်ပွားရာ ကျေးရွာများတွင် အရပ်သားများ မရှိတော့သဖြင့် ကျေးရွာသားများအား ထိခိုက်မှု မရှိကြောင်း ကြားသိရသည်ဟု ဆင်ခုံတိုင်းသို့ ထွက်ပြေးရောက်ရှိနေသူ ဒေသခံ တစ်ဦးက ပြောသည်။

“အဲ့ဒီဘက်က ရွာတွေမှာ လူတွေကမရှိတော့ဘူး။ လူတွေမရှိတော့ တိုက်ပွဲရဲ့ အခြေအနေကို မသိရဘူးဖြစ်နေတယ်။ တိုက်ပွဲဖြစ်နေတာကိုကြားနေရတယ်။ လက်နက်ကြီး လက်နက်ငယ်အသံတွေ ကြားနေရတယ်။ ဒေသခံတွေထိခိုက်မှု မရှိဘူးလို့တော့ သိရတယ်။ လက်နက်ကြီးတွေက အခုထိပစ်ခတ်နေတုန်းပါ” ဟု ၎င်းက ပြောဆိုသည်။

ရခိုင်ပြည်နယ် မြောက်ပိုင်းတွင် ၂ဝ၁၈ ခုနှစ် ဒီဇင်ဘာလအစောပိုင်းကနေ မြန်မာ့တပ်မတော်နှင့် ရက္ခိုင့်တပ်တော် AAတို ကြားတိုက်ပွဲများ စတင်ဖြစ်ပွားနေပြီး  ငြိမ်းချမ်းရေးအတွက် ဆွေနွေးမှုများရှိသော်လည်း လက်ရှိအချိန်ထိ တိုက်ပွဲများ ပြင်းထန်စွာဖြစ်ပွားလျှက် ရှိနေသည်။

ဆက်စပ် သတင်းများ