ကြာသပတေး၊ မတ်လ ၂၈ရက်၊ ၂၀၂၄

ညဉ့်၁နာရီကျော်က ဖြစ်ပွားသော ကွမ်းတောင်တိုက်ပွဲမိုးလင်းမှပြီး


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၇ အောက်တိုဘာ ၂၀၁၉
  • | ကြည့်ရှုသူ: 10.1k

ခိုင်လူလှ( ရိုးမမြေ)
နိရဥ္စရာ၊ အောက်တိုဘာ ၇/၂ဝ၁၉

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၊ ကွမ်းတောင်ရွာတွင် ညဉ့် ၁ နာရီကျော်မှ စတင်ဖြစ်ပွားသည့် တိုက်ပွဲမှာ မနက်မိုးလင်းမှ သေနတ်သံများတိတ်ကာ ပြီးဆုံးသွားခဲ့သည်ဟု ဒေသခံများက ပြောကြားသည်။

ကွမ်းတောင်ရွာသားတစ်ဦးက “ ကျွန်တော်တို့ သေနတ်သံစကြားတာ ညဉ့် ၁ နာရီကျော်က စကြားပါတယ်။ မနက်လင်းမှ သေနတ်သံတွေ တိတ်သွားပါတယ်။ သေနတ်သံက ကွမ်းတောင်ရွာအနီးက ဘုရားတောင်ပေါ်ဘက်က ကြားပါတယ်။ လက်နက်ကြီးသံက တစ်ညဉ့်လုံးကြားရပါတယ် ” ဟု ပြောကြားသည်။

ကွမ်းတောင်ရွာတွင် တပ်စွဲနေသော စစ်တပ်ကို အေအေက လာတိုက်ပုံရကြောင်း၊ သို့သော် တိတိကျကျ မပြောနိုင်ကြောင်း၊ သေနတ်သံများမှာ ကွမ်းတောင် ဘုရားတောင်ပေါ်နှင့် ငါးကန်ဆည်ဘက်က  အများအပြားကြားရကြောင်း ၎င်းက ပြောကြားသည်။

“ကျွန်တော်တို့လည်း အခု စေတီတောင်ကို ရောက်နေပါတယ်။ ရွာမှာက လူတစ်ယောက်မှ မရှိတော့ဘူး။ ကျွန်တော်က သေနတ်သံတွေကို ကြားရပါတယ်။ လက်နက်ကြီးရော၊ လက်နက်ငယ်ပစ်ခတ်သံတွေကို ကြားရပါတယ်။ ပစ်ခတ်ကြတာ ဆူညံနေပါတယ်” ဟု ပြောကြားသည်။

ဘူးသီးတောင်မြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးမောင်ကျော်ဇံက ကွမ်းတောင် တိုက်ပွဲ ဖြစ်ပွားကြောင်း အတည်ပြုပြောကြားပြီး ကျေးရွာသားများ သတင်းပေးပို့ချက်အရ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရှိရကြောင်း ပြောကြားသည်။

ကွမ်းတောင်ရွာတွင် အောက်တိုဘာလ ၄ ရက်နေ့ မွန်းလွဲပိုင်းကလည်း အိမ်ခုနှစ်ဆောင်၊ရှစ်ဆောင်ခန့် မီးရှို့ဖျက်ဆီးခံလိုက်ရပြီးနောက် ယခုတိုက်ပွဲ ဖြစ်ပွားကြောင်း သိရသည်။


ဆက်စပ် သတင်းများ