သောကြာ၊ ဧပြီလ ၁၉ရက်၊ ၂၀၂၄

ရသေ့တောင်မြို့နယ်မြောက်ပိုင်းတွင် တပ်မတော်စစ်ကြောင်းတစ်ခုကို AA တိုက်ခိုက်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၈ အောက်တိုဘာ ၂၀၁၉
  • | ကြည့်ရှုသူ: 1.8k

ချစ်အိလှိုင်

နိရဥ္စရာ၊အောက်တိုဘာ ၁၈/၂ဝ၁၉

ရခိုင်ပြည်နယ်၊ရသေ့တောင်မြို့နယ်၊ မညှင်းတောင်ကျေးရွာအနီးတွင် ယနေ့နံနက် ၁၁ နာရီကျော်က တပ်မတော် စစ်ကြောင်းတစ်ခုကို ရက္ခိုင့်တပ်တော် (AA) က မိုင်းဆွဲပြီး လက်နက်ငယ်များဖြင့် အသုံးပြုတိုက်ခိုက်ခဲ့သည်ဟု ဒေသခံကျေးရွာသားများက ပြောကြားသည်။ 

“အင်အား တစ်ရာကျော်ရှိတဲ့ တပ်မ ၂၂ တပ်မတော်စစ်ကြောင်းတစ်ခု ဖြတ်သွားတဲ့အချိန်မှာ ကျွန်တော်တို့ မညှင်းတောင်ရွာနဲ့ ကုလားချောင်းကျေးရွာကြား လယ်ကွင်းမှာ မိုင်းပေါက်တယ်။ ပြီးတော့ အပြန်လှန် ၁ဝ မိနစ်လောက်ပစ်ကြတယ်။ တပ်မတော် ဘက်က ကျွန်တော်တို့ရွာကို သေနတ်ပစ်ပြီးဝင်လာပါတယ်။ အခုရွာက စာသင်ကျောင်းနားကနေ ရွာမြောက်ဘက်က တောရ ဘုန်းကြီးကျောင်းကို လက်နက်ကြီးနဲ့လှမ်းပစ်နေတယ်” ဟု ယနေ့ မွန်းလွဲ ၂ နာရီခွဲက ဆက်သွယ်စဉ် ဒေသခံ မညှင်းတောင် ကျေးရွာသား တစ်ဦးကပြောသည်။

ယင်းတပ်မတော်စစ်ကြောင်းမှာ ရသေ့တောင်မြို့နယ်၊ ပြိန်းတော ကုန်းတန်းကျေးရွာမှ မညှင်းတောင်ကျေးရွာ ဘက်သို့လာစဉ် နေ့လယ် ၁၂ နာရီခန့်တွင် မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရခြင်းဖြစ်သည်ဟု ဆိုသည်။

ကုန်တန်းကျေးရွာသား တစ်ဦးက “ ဒီစစ်ကြောင်းက ကျွန်တော်တို့ရွာကို ရောက်နေတဲ့ ခြောက်ရက်၊ ခုနှစ်ရောက်ရှိပါပြီ။ ဒီကနေ့ နံနက် ၁၁ နာရီကျော်လောက်မှာ ကျွန်တော်တို့ရွာကနေ မညှင်းတောင်ရွာဘက်ကို ထွက်သွားစဉ် ကုလားချောင်းရွာနားက လယ်ကွင်း တစ်ခုကို အရောက်မှာ တိုက်ပွဲ ဖြစ်တယ်လို့ သိရပါတယ်။ ကျွန်တော်တို့ တစ်ရွာလုံးလည်း ထွက်ပြေးကြရပါတယ်။ အခု သေနတ်သံတွေ တိတ်သွားတဲ့ အတွက် ရွာကို ပြန်ရောက်နေပါပြီ” ဟု ပြောကြားသည်။

ရသေ့တောင်မြို့နယ် အမျိုးသားလွှတ်တော်ကိုယ်လှယ် ဦးခင်မောင်လတ်ကလည်း တိုက်ပွဲဖြစ်ပွားသည်မှာ မှန်ကန်ကြောင်းနှင့် ယင်းတပ်မတော်စစ်ကြောင်းမှာ မညှင်းတောင်ကျေးရွာမှ ထွက်ခွာသွားပြီဟု ကြားသိရကြောင်း နေ့လယ် သုံးနာရီခန့်က နိရဥ္စရာသို့ အတည်ပြုပြောကြားသည်။

“ တိုက်ပွဲဖြစ်တာ ဟုတ်တယ်။ ကြားတယ်။ ရွာထဲကနေ ဆက်ပစ်နေသေးလား ဆိုတာ မေးကြည့်နေပါတယ်” ဟု ပြောသည်။

ယင်းကိစ္စနှင့် ပက်သက်၍ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ ဗိုလ်မှူးကြီး ဝင်းဇော်ဦးက မိုင်းဆွဲတိုက်ခိုက်ခံရမှုနှင့် တိုက်ပွဲဖြစ်ပွားခြင်းများမရှိကြောင်းပြောသည်။

“ရသေ့တောင်မှာ အငူမော်နားမှာ တိုက်ပွဲဖြစ်တာတော့ရှိတယ်။ အဲဒီမညင်းတောင်ဘက်မှာ ဘာမှမဖြစ်ဘူး။ မနေ့က ပုဏ္ဏားကျွန်းဘက်မှာ တော့ ရက်ရက်စက်စက် ကိုင်ထည့်ပေးလိုက်တယ်။ ပညာပေးလိုက်တယ်။ ဒေသခံတွေက ဒီကောင်တွေရှိတဲ့နေရာတွေကို သတင်းလာပေးလို့လေ” ဟု အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ ဗိုလ်မှူးကြီး ဝင်းဇော်ဦးက နိရဥ္စရာ သတင်းဌာနသို့ ပြောသည်။

အဆိုပါကိစ္စနှင့် ပက်သက်၍ ရက္ခိုင့်တပ်တော် AA မှ ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခအား အကြိမ်ကြိမ် ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်မှု မရရှိခဲ့ပါ။
 
ယနေ့နံနက် ၉ နာရီခွဲခန့်တွင်လည်း ရသေ့တောင်မြို့နယ် ချိန်ခါလီ ကျေးရွာ၊ရေကျော်တံတားအနီး တပ်မတော်စစ် ကြောင်းတစ်ခု မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရသည်ဟု သိရသည်။

ဆက်စပ် သတင်းများ