အင်္ဂါ၊ ဧပြီလ ၂၃ရက်၊ ၂၀၂၄

တင်းမရွာမှ ထွက်ခွာသွားသောစစ်ကြောင်း ငန်းတောင်အရောက်တွင် AA နှင့် တိုက်ပွဲ ဖြစ်နေဟုဆို


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၀ ဖေဖော်ဝါရီ ၂၀၂၀
  • | ကြည့်ရှုသူ: 9.9k

ခိုင်လူလှ (ရိုးမမြေ)
နိရဥ္စရာ၊ ဖေဖော်ဝါရီ ၂ဝ/၂ဝ၂ဝ

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ တင်းမ ကျေးရွာမှ ယနေ့နံနက် ၁ဝ နာရီကျော်က ထွက်ခွာ သွားသော စစ်ကြောင်းသည် ငန်းတောင်အရောက်တွင် ရက္ခိုင့်တပ်တော် (AA) နှင့် တိုက်ပွဲ ဖြစ်ပွား နေသည်ဟု တင်းမ ကျေးရွာသားများ ပြောသည်။

“ တိုက်ပွဲ စတင်ဖြစ်တာက ညနေ ၃ နာရီကျော်၊ အခုက ညနေ ၅ နာရီ ကျော်ပြီ။ သေနတ်သံတွေက မစဲသေးဘူး။ လက်နက်ကြီးရော လက်နက်ငယ်ရော ပစ်သံတွေကို ကြားရပါတယ်” ဟု တင်းမကျေးရွာမှ အမျိုးသမီးတစ်ဦးက ပြောသည်။

၎င်းစစ်ကြောင်းသည် တင်းမကျေးရွာမှ တင်းမသစ်၊ တင်းမသစ်ကျေးရွာမှ ပြိုင်းတိုင်းရွာသို့ အသွား ငန်းတောင်အရောက်တွင် တိုက်ပွဲ ဖြစ်ပွားနေသည်ဟု ဆိုသည်။

တင်းမ ကျေးရွာသား တစ်ဦးက “ အခု တိုက်ပွဲ ဖြစ်ပွားနေတာက ကုလားတန်မြစ် အရှေ့ဘက်ခြမ်း၊ တင်းမသစ်(ချေ) ကျေးရွာက မိုင်ဝက်ခန့်အကွာ၊ ပြိုင်းတိုင်းရွာကို မရောက်ခင် ငန်းတောင်မှာ ဖြစ်နေတာပါ။ အခု သေနတ်သံကြားရတာက သုံးနေရာက ကြားရပါတယ်။ ကျောက်တော် တပ်မကလည်း ကြားရပါတယ်။ တင်းမ အရှေ့ဘက် တောင်တန်းကလည်း ကြားရပါတယ်။ အများဆုံးနဲ့ ပြင်းပြင်းထန်ထန် ကြားရတာက ငန်းတောင်က ဖြစ်ပါတယ်။ အခု ညနေ ၅ နာရီကျော်ပြီ။ ကြားနေရတုန်းပါ” ဟု ပြောကြားသည်။

၎င်းစစ်ကြောင်းသည် တင်းမရွာတွင် လက်သမား အလုပ် လာလုပ်နေသည့် ကျောက်တော်မြို့နယ် နာဂရာကျေးရွာမှ အောင်မြင့်ဆိုသူ လူငယ်တစ်ဦးနှင့် အသက်အရွယ် ၄ဝ ကျော်ခန့်ရှိသော တစ်ခြားရွာသား ဦးနီအောင်ကျော်တို့ကို ခေါ်ယူသွားခဲ့သည်ဟု ကျေးရွာသားများက ပြောကြားသည်။

၎င်းစစ်ကြောင်းသည် ရွာထဲတွင် ရွာသားများအား ဖမ်းဆီး၊ ရိုက်ပုတ်ခြင်းများမရှိသော်လည်း တင်းမရွာထဲရှိ စျေးဆိုင်အချို့မှ ကုန်ပစ္စည်းများနှင့် ဆန်ရိက္ခာတစ်ချို့ ယူဆောင်သွားခဲ့သည်ဟုဆိုသည်။ ယူဆောင်ခံရသည့် ဆိုင်များထဲတွင် ဦးကျော်သိန်းလှ၊ ဒေါ်မမျှသန်း၊ ဒေါ်စောမေသန်း ကုန်စုံဆိုင်များ ပါဝင်သည်ဟု ရွာသူ အမျိုးသမီး တစ်ဦး ပြောဆိုသည်။

ရွာသားများမှ စစ်ကြောင်း ဝင်လာသဖြင့် ကြောက်လန့်၍ ရွာကနေ ထွက်ပြေးနေကြပြီး ယနေ့ ညနေပိုင်းထိ ရွာကို ပြန်လာသူ အနည်းအကျဉ်းသာရှိကြောင်း ပြောဆိုသည်။

တင်းမကျေးရွာအနီးရှီ မီးချောင်းအနီးတွင် ယမန်နေ့က တိုက်ပွဲ ပြင်းပြင်းထန်ထန်ဖြစ်ပွားခဲ့ပြီး မြန်မာတပ်မတော်ဘက်က ဂျက်တိုက်လေယာဉ်များ၊ ရဟတ်များကို အသုံးပြုခဲ့သည်။ ၎င်းတိုက်ပွဲသည် ဖေဖော်ဝါရီ ၃ ရက်နေ့ကတည်းက စတင်ဖြစ်ပွားနေပြီး အခုအခါ တိုက်ပွဲ ဖြစ်ပွားသည်မှာ ၁၅ ရက်ကျော်သွားပြီဟု သိရသည်။

--------------------------------

Unicode:


နိရဉ်စရာ၊ ဖဖျေောဝါရီ ၂ဝ/၂ဝ၂ဝ









ဆက်စပ် သတင်းများ