ကြာသပတေး၊ ဧပြီလ ၁၈ရက်၊ ၂၀၂၄

မြေပုံမြို့နယ် စညင်းကျေးရွာအနီးတောင်တန်းများကို ဂျက်တိုက်လေယာဉ်နှစ်စီးဖြင့် ပစ်ခတ်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၉ မတ် ၂၀၂၀
  • | ကြည့်ရှုသူ: 8.8k

ဆောင်းဇာခြည်
နိရဥ္စရာ၊ မတ်လ ၁၉/ ၂ဝ၂ဝ

ရခိုင်ပြည်နယ်၊ မြေပုံမြို့နယ်၊ စညင်းကျေးရွာအနီးရှိ တိုက်ပွဲများ မကြာခဏ ဖြစ်ပွားလေ့ရှိသည့် တောင်တန်းများကို မြန်မာ့တပ်မတော်မှ တိုက်လေယာဉ် နှစ်စီးဖြင့် လာရောက်ပစ်ခတ်ခဲ့ကြောင်း သတင်းရရှိသည်။

“ဂျက်ဖိုက်တာ ပထမ တစ်စီးက ကျွန်တော်တို့ရွာနဲ့ ၂ မိုင်ခန့်အကွာ မြောက်ဘက်က တောင်တန်းတွေကို ဗုံးကြဲတယ်။ နောက်ထပ် ဂျက်ဖိုက်တာတစ်စီးလည်း ရွာနဲ့ ၄ မိုင်ခန့်အကွာ အဲဒီမြောက်ဘက်က တောင်တန်းတွေကိုပဲ ဆက်ပြီး ဗုံးကြဲတယ်။ ၁ဝ မိနစ်ကြာကြာ ပစ်ခတ်ပြီးရင် ပြန်သွားကြပါတယ်။ လက်နက်ကြီးတွေကလည်း တစ်ခါပစ်ရင် သုံး/လေးလုံးတောင် ထွက်သွားတယ်။ နှစ်ဘက်တိုက်ပွဲဖြစ်သလို ပစ်ခတ်မှုမျိုး မကြားရပါဘူး” ဟု စညင်းကျေးရွာမှ အုပ်ချုပ်ရေးမှူးက နိရဥ္စရာသို့ ပြောသည်။

၎င်းပြင် စညင်းကျေးရွာ၏ အရှေ့ဘက်တွင် စခန်းချ နေထိုင်သည့် တပ်မတော် စစ်ကြောင်းမှ လည်းကောင်း၊ ရွာ၏ အနောက်ဘက်တွင် စခန်းချ နေထိုင်သည့် တပ်မတော်စစ်ကြောင်းမှ လည်းကောင်း စညင်းကျေးရွာ၏ မြောက်ဘက်မှ တောင်တန်းများသို့ လက်နက်ကြီးများဖြင့် ယနေ့ နံနက် ၁ဝ နာရီခန့်မှစ၍အဆက်မပြတ် လှမ်းပစ်ခတ်ကြောင်း ၎င်းက ဆက်လက် ပြောဆိုသည်။
 
စညင်းကျေးရွာမှ ကျေးရွာသားတစ်ဦးက “လက်နက်ကြီးတွေက တောင်တန်းတွေကို အဆက်မပြတ် ပစ်နေတယ်။ နှစ်ဘက်တိုက်ပွဲဖြစ်သလိုမျိုး မဟုတ်ပါဘူး။ အင်ကြင်းတောင်၊ လီသွန် အဲဒီဘက်တွေကလည်း လက်နက်ကြီးတွေ လှမ်းပြီး ပတ်ပတ်လည် ပစ်နေကြပါတယ်။ အသံတွေလည်း ကြားရပါတယ်။ လှမ်းပစ်တာကိုလည်း မြင်ရပါတယ်။ မီးလောင်တာတို့ မတွေ့ရပါဘူး” ဟု နိရဥ္စရာသို့ ပြောသည်။

မြေပုံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖေသန်းအား နိရဥ္စရာမှ ဆက်သွယ်ခဲ့ရာ ၎င်းက    “လက်နက်ကြီးတွေနဲ့လည်း ပစ်တယ်။ နှစ်ဘက်တိုက်ပွဲဖြစ်တာမျိုးတော့ မကြားရပါဘူး။ ဂျက်ဖိုက်တာ နှစ်စီးလည်း ၁ဝ မိနစ်ခန့်ကြာကြာ ပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။” ဟု ပြောသည်။

နှစ်ဖက် တပ် တာဝန်ရှိသူများကို ဆက်သွယ်ရာ ဖုန်းအဆက်အသွယ် မရရှိသေးပါ။

-----------------------------------

Unicode


နိရဉ်စရာ၊ မတျလ ၁၉/ ၂ဝ၂ဝ



 





ဆက်စပ် သတင်းများ