ကြာသပတေး၊ မတ်လ ၂၈ရက်၊ ၂၀၂၄

တပ်မတော်သတင်းစာရှင်းလင်းပွဲအပြီး နာရီပိုင်းအကြာ တပ်မတော်နှင့် AA တို့ မြေပုံမြို့နယ်တွင် တိုက်ပွဲပြင်းထန်ဖြစ်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၂ မတ် ၂၀၂၀
  • | ကြည့်ရှုသူ: 3.8k

သန့်မြတ်ခိုင်
စစ်တွေ၊ မတ် ၂၂/၂ဝ၂ဝ

နေပြည်တော်တွင် ပြုလုပ်သည့် တပ်မတော် သတင်းစာရှင်းလင်းပွဲအပြီး နာရီပိုင်းအကြာတွင် မြန်မာ့တပ်မတော်နှင့် ရက္ခိုင့်တပ်တော် ( AA) တို့အကြား မြေပုံမြို့နယ်တွင် တိုက်ပွဲ ပြင်းထန်စွာ ဖြစ်ပွားနေသည်ဟု သတင်းရရှိသည်။

စညင်းကျေးရွာသားတစ်ဦး က“ညနေ ၆ နာရီကနေ စဖြစ်တာပါ။ အခုလည်း ဖြစ်နေတုန်းပါ။ လက်နက်ငယ် လက်ကြီးအသံတွေ အပြန်အလှန်တိုက်ခိုက်နေကြတယ်။ အသံတွေ ပြင်းပြင်းထန်ထန် ကြားနေရတယ်” ဟု ယနေ့ ညနေ ၇ နာရီခန့်က နိရဥ္စရာသတင်းဌာနသို့ ပြောသည်။

၎င်း တိုက်ပွဲသည် စညင်းကျေးရွာ၏ မြောက်ဘက် ၄ ဖာလုံ ၅ ဖာလုံခန့်အကွာ စညင်း ချောင်းဖျားတွင် ဖြစ်ပွားနေခြင်းဖြစ်ကြောင်း ၎င်းကဆိုသည်။

 “ရွာကိုကျည်ဆံတွေ လာထိတာတော့မရှိသေးဘူး။ ရွာနားအနီးဝန်းကျင်တွေကို လက်နက်ကြီးတွေကျတယ်။ ကျနော်တို့ရွာက ဘယ်လိုပြောမလဲ တောင်တန်းတွေထူထပ်နေလို့ တောင်တန်းတွေသာမရှိဘူးဆိုရင် ရွာကို လက်နက်ကြီးကျည် ကျနိုင်ပါတယ်” ဟု ပြောသည်။

တိုက်ပွဲဖြစ်နေသည့်ဘက်မှ လာသည့်လက်နက်ကြီးကျည်များ ကျေးရွာအနီး ကျရောက် ပေါက်ကွဲမှုရှိနေကြောင်း၊ ထိုသို့လက်နက်ကြီးကျည်များ ကျရောက်ပေါက်ကွဲမှုရှိနေသည့် အတွက်စညင်းကျေးရွာသားများမှာ မိမိနေအိမ်အောက်ဘက်တွင် ဝပ်နေကြရကြောင်း ၄င်းကျေးရွာသားက ဆက်ပြောသည်။

စညင်းကျေးရွာအုပ်ချုပ်ရေးမှူးက “တိုက်ပွဲဖြစ်နေတာက စညင်းချောင်းထဲမှာဆိုတော့ လက်နက်ငယ်အသံ သိပ်မကြားရဘူး။ လက်နက်ကြီးအသံတွေတော့ ကြားနေရတယ်။ ပြီးတော့ ကျနော်တို့ စညင်းရွာရဲ့အရှေ့ဘက်တောင်ကုန်းပေါ်မှာရှိတဲ့ တပ်က လက်နက်ကြီးတွေနဲ့ တိုက်ပွဲဖြစ်တဲ့ဖက်ကို လှမ်းပစ်နေတယ်” ဟုပြောသည်။

နေပြည်တော် စစ်သမိုင်းပြတိုင်တွင် ယနေ့ မတ် ၂၂ ရက်နေ့တွင် ပြုလုပ်သည့် တပ်မတော် သတင်းစာရှင်းလင်းပွဲတွင် တပ်မတော် သတင်းမှန် ပြန်ကြားရေးအဖွဲ့ ဥက္ကဋ္ဌ ဗိုလ်ချုပ်စိုးနိုင်ဦးမှ AA နှင့် ပတ်သက်ပြီး သတင်းထောက်တစ်ဦးက မေးမြန်းရာ ၎င်းက “ ကျွန်တော်တို့ တပ်မတော် အနေနဲ့ အေအေနဲ့ ပတ်သက်ပြီး စကားတွေ အများကြီးမပြောတော့ပါဘူး။ Wait and See စောင့်ကြည်လိုက်ပါ” ဟု ပြောဆိုခဲ့သည်။

၎င်းသတင်းစာရှင်းပွဲအပြီး နာရီပိုင်း အကြာတွင် ရခိုင်ပြည်နယ် အလယ်ပိုင်း မြေပုံမြို့နယ်တွင် တိုက်ပွဲ ပြင်းထန်စွာ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

ပြီးခဲ့သည့် မတ်လ ၁၉ ရက်နေ့ကလည်း မြေပုံမြို့နယ် စညင်း ကျေးရွာအနီးရှိ တိုက်ပွဲဖြစ်ပွားခဲ့ပြီး အနီးအနားရှိ တောင်တန်းများကို မြန်မာ့တပ်မတော်က တိုက်လေယာဉ် ၂ စီးဖြင့် လာရောက်တိုက်ခိုက်ခဲ့သည်ဟု ဒေသခံများက ပြောဆိုချက်အရ သိရသည်။

တိုက်ပွဲဖြစ်နေသည့်ဘက်သို့ စညင်းကျေးရွာအရှေ့ဘက်တောင်ကုန်းပေါ်မှ လက်နက်ကြီးဖြင့် လှမ်းပစ်ခတ်နေသည့်အတွက် ထိုတောင်ကုန်းအောက်တွင်ရှိသည့် စညင်းစစ်ဘေးရှောင် ကယ်ဆယ်ရေး စခန်းမှ ဒုက္ခသည်များအတွက် စိုးရိမ်နေရကြောင်း ကျေးရွာအုပ်ချုပ်ရေးမှူးက ပြောသည်။

------------------------------

Unicode:













ဆက်စပ် သတင်းများ