ဗုဒ္ဓဟူး၊ ဧပြီလ ၂၄ရက်၊ ၂၀၂၄

နေလိုသူနည်းပါး၍ ကယ်ဆယ်ရေးစခန်းတည်ဆောက်ရန် ကျပ်၁ ဒသမ ၃ဘီလီယံသာ သုံးစွဲတော့မည်ဟု ရခိုင်စည်ပင်ဝန်ကြီးဆို


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၆ ဇွန် ၂၀၁၉
  • | ကြည့်ရှုသူ: 6k



မာန်ယုကျော် (ရွှေဝမြေ)
စစ်တွေ၊ ဇွန် ၂၅

ရခိုင်ပြည်နယ်ရှိ စစ်ဘေးရှောင်စခန်းများအား တည်ဆောက်ရန် ယခင်က ကျပ် ၅ ဘီလီယံ လျာထားသော်လည်း စခန်းတွင် နေထိုင်လိုသူ နည်းပါး၍ ကျပ် ၁ ဒသမ ၃ဘီလီယံသာ သုံးစွဲတော့မည်ဟု ရခိုင်ပြည်နယ် အစိုးရအဖွဲ့ ပြောခွင့်ရသူ စည်ပင်ဝန်ကြီး ဦးဝင်းမြင့်က ပြောဆိုသည်။

“ ရခိုင်ပြည်နယ်အစိုးရက တည်ဆောက်နေတဲ့  ကယ်ဆယ်ရေး စခန်းတွေမှာ နေထိုင်လိုတဲ့ စစ်ဘေးဒုက္ခသည် နည်းပါးနေပါတယ်။ ဒီအတွက် ကယ်ဆယ်ရေး စခန်းတည်ဆောက်ရန် ယခင်က လျာထားတဲ့ ကျပ် ၅ ဘီလီယံအစား ကျပ် ၁ ဒသမ ၃ ဘီလီယံသာ သုံးစွဲတော့မှာ ဖြစ်ပါတယ်” ဟု ဝန်ကြီးက ပြောဆိုသည်။

ကယ်ဆယ်ရေးစခန်းများတည်ဆောက်ရာတွင် ကုန်ကျမည့်ငွေများကို ပြည်ထောင်စု အစိုးရနှင့် ရခိုင်ပြည်နယ်အစိုးရတို့ ပူးပေါင်းကျခံထားခြင်းဖြစ်သည်ဟု သိရသည်။

ရခိုင်ရှိ စစ်ဘေးရှောင်အိမ်ထောင်စု ၇ ထောင်ကျော်အနက် အိမ်ထောင်စု တစ်ထောင်ကျော်သာ ကယ်ဆယ်ရေးစခန်းတွင်နေထိုင်ရန် စာရင်းပေးထားသည်ဟု ပြောဆိုသည်။

"အိမ်ထောင်စုပေါင်း ၁၁၄၇ စု သူတို့ နေဖို့ဆိုပြီးတော့ စာရင်းပေးထားတယ်ပေါ့နော်။ ရသေ့တောင်မှာဆိုရင် ၄ဝ၅ စု၊ ပုဏ္ဏားကျွန်းမှာ ၂ဝ၁ စု၊ ပေါက်တော ၄ စု၊ မြောက်ဦး ၃၉၅ စု၊ မင်းပြား ၁၄ စု၊ ဘူးသီးတောင် ၁၂၈ စုဆိုပြီးတော့ အိမ်ထောင်စုအလိုက် အားလုံးပေါင်း ၁၁၄၇ စု နေထိုင်ဖို့ စာရင်းပေးထားတာဖြစ်ပါတယ်"ဟု ဇွန်လ ၂၅ ရက်နေ့တွင် နိရဥ္စရာက သွားရောက်တွေ့ဆုံမေးမြန်းစဉ် ဝန်ကြီး ဦးဝင်းမြင့်က ပြောဆိုသည်။

ရခိုင်ပြည်နယ်အတွင်း ဘူးသီးတောင်၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦးနှင့် မင်းပြားမြို့နယ်များတွင် တိုက်ပွဲများဖြစ်ပွားလျက်ရှိရာ အဆိုပါ မြို့နယ်များအနက် ကျောက်တော်မြို့နယ်မှအပ ကျန်မြို့နယ် (၅)ခုတွင် စစ်ဘေးရှောင် ဒုက္ခသည်စခန်းများကို ပြည်နယ်အစိုးရက ယခုလမှ စတင် တည်ဆောက်ပေးနေခြင်းဖြစ်သည်။

မြောက်ဦးမြို့နယ် တိမ်ညိုယာယီကယ်ဆယ်ရေးစခန်းမှ ဒေါ်ဝင်းသိန်းနုက "ကျမတို့ကတော့ တောင်သူလယ်သမားတွေဖြစ်တဲ့အတွက် အခုလက်ရှိနေနေတဲ့ တိမ်ညိုစစ်ဘေးရှောင်စခန်းနားမှာပဲ အလုပ်လုပ်ကိုင်လို့ အဆင်ပြေပါတယ်။ ဒါကြောင့် ဒီနားမှာပဲ နေချင်ပါတယ်။ သူတို့ထားမယ့်နေရာက မြို့ပြင်မှာဆိုတော့ အဆင် မပြေဘူးလေ"ဟု ပြောသည်။

အဆိုပါကယ်ဆယ်ရေးစခန်းများတွင် နေထိုင်မည့် စစ်ဘေးရှောင်များအတွက် လုံခြုံရေး၊ စားဝတ်နေရေးနှင့် ကျန်းမာရေးကိစ္စရပ်များကို တာဝန်ယူပေးသွားမည်ဟု ရခိုင်ပြည်နယ်အစိုးရက ပြောဆိုသည်။

တိုက်ပွဲများပြင်းထန်နေသည့်အတွက် ရခိုင်ပြည်နယ်အတွင်း စစ်ဘေးဒုက္ခသည် ၅ သောင်းကျော်ရှိနေပြီဟု ရခိုင်အခြေစိုက် အရပ်ဘက်အဖွဲ့အစည်းများ၏စာရင်းတွင် ဖော်ပြထားသော်လည်း အစိုးရစာရင်းတွင် စစ်ဘေးဒုက္ခသည် ၃ သောင်းကျော် သာရှိသည်ဟု ဆိုသည်။

ဓာတ်ပုံ - မြောက်ဦးမြို့နယ် စင်းဘောကိုင်းယာယီကယ်ဆယ်ရေးစခန်းအားတွေ့ရစဉ်။

ဆက်စပ် သတင်းများ