ကြာသပတေး၊ ဧပြီလ ၁၈ရက်၊ ၂၀၂၄

မြောက်ဦးစင်းဘောကိုင်း စစ်ဘေးရှောင်စခန်းရေမြုပ်သော်လည်း အမိုးအကာမရှိ၍ စခန်းသစ်သို့မပြောင်းနိုင်ဘဲဖြစ်နေ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၅ ဇူလိုင် ၂၀၁၉
  • | ကြည့်ရှုသူ: 4k

နိရဥ္စရာ၊ ဇူလိူင် ၅/ ၂ဝ၁၉

စစ်ဘေးရှောင် ၃ဝဝဝ ကျော်ခိုလှုံနေသည့် မြောက်ဦးမြို့နယ်၊ စင်းဘောကိုင်း စစ်ဘေးရှောင်စခန်းကို ရေနစ်မြုပ်ပြီး နေထိုင်ရေး အန္တရာယ်ရှိနေသော်လည်း လုံလောက်သော အမိုးအကာများ မရရှိသဖြင့် နေရာသစ်သို့ ပြောင်းရွှေ့ရန် အခက်အခဲ ရှိနေကြောင်း သတင်းရရှိသည်။

စင်းဘောကိုင်းစခန်းအား ကြီးကြပ်ပြီး တာဝန်ယူလုပ်ဆောင်နေသည့် မြတန်ဆောင်းဆရာတော်က “ အခု ရေနစ်မြုပ်ပြီး နေစရာမရှိတဲ့ ဖြစ်နေတဲ့ အတွက် ကုန်းမြင့်ကို ပြောင်းရွှေ့ဖို့လုပ်နေပါတယ်။ သူတို့နေထိုင်ဖို့ တဲအိမ်တွေကို ကုန်းမြင့်မှာ ဆောက်လုပ်ထားပေမယ့် အမိုးအကာတွေ အလုံအလောက်မရှိတဲ့ အတွက် အဲဒီနေရာသစ်မှာ နေလို့ မရသေးဘူး။ ဒီအတွက် အခုလောလောဆယ်မှာ နီးစပ်ရာ ဘုန်းတော်ကြီးကျောင်းတွေမှာနေထိုင်နေရပါတယ်” ဟု ယနေ့နံနက်က နိရဥ္စရာသတင်းဌာနသို့ မိန့်ကြားသည်။

စင်းဘောကိုင်း စစ်ဘေးရှောင်စခန်းတွင် မိသားစု ၅ဝဝ ခန့်ရှိပြီး လူဦးရေ ၃၄၇၆ ယောက်ရှိကာ တစ်ချို့မှာ လက်ရှိတည်ဆောက်ထားသော စခန်းတွင် ရေနစ်မြုပ်၍ နေထိုင်၍ မရသဖြင့် ယာယီနေထိုင်ရန် ဘုန်းတော်ကြီးကျောင်းများသို့ ပြောင်းရွှေ့သွားကြပြီး တစ်ချို့မှာ မပြောင်းရွှေ့ဘဲ ဆက်လက်နေထိုင်နေကြသည်ဟု သိရသည်။

“ အခုကတော့ ကိုယ့်အစီအစဉ်နဲ့ ကိုယ်ပြောင်းရွှေ့နေကြတာပါ။ ရခိုင်ပြည်နယ် အစိုးရဆီကတော့ ဘာမှ တုန့်ပြန်မှု မရှိသေးဘူး။ ICRC ကတော့ အိမ် ၄၈ လုံးစာအတွက် လေလံပစ်ထားပြီလို့ သိရတယ်။ ကျန်တဲ့ လူတွေအတွက် ထောက်ပံ့ပေးမလား။ မပေးဘူးလားတော့ မသိဘူး။ အခုလောလောဆယ်တော့ သူတို့တဲအိမ်တွေအတွက် အမိုးအကာတွေ အရေးပေါ်လိုအပ်နေပါတယ်” ဟု ဆရာတော်က မိန့်ကြားသည်။

စင်းဘောကိုင်းကျေးရွာအုပ်ချုပ်ရေးမှူး ဦးစိုင်းကျော်ဝင်းက လက်ရှိ နေထိုင်သည့် စစ်ဘေးရှောင်စခန်းမှာလေးမြို့မြစ်ကမ်းနားတွင် ဖြစ်သဖြင့် ရေနစ်မြုပ်နေ၍ မိသားစု ၃ဝဝ ခန့်ကို ပြောင်းရွှေ့ထားပြီ ဖြစ်ကြောင်း ပြောကြားသည်။

“ လက်ရှိ စခန်းက ရေမြုပ်တဲ့ နေရာက မိသားစုတွေကို ပြောင်းရွှေ့ ထားတယ်။ ရေမမြုပ်တဲ့ နေရာက မိသားစုတွေကတော့ စခန်းမှာဘဲ ရှိသေးတယ်။ မိသားစု ၁၅ဝ ကျော်လောက်တော့ လက်ရှိ ကျန်နေအုံးမယ်။ အဓိကတော့ အမိုးအကာ အလုံအလောက်မရှိတော့ မပြောင်းနိုင်ဘဲ ဖြစ်နေကြပါတယ်။  ပြောင်းရွှေ့တာကတော့ ကျွန်တော်တို့ စင်းဘောကိုင်းရွာနဲ့ တစ်မိုင်လောက်ဝေးတဲ့ ကုန်းရွာအနီး စခန်းသစ်ကို ပြောင်းရွှေ့တာပါ” ဟု စင်းဘောကိုင်း ကျေးရွာအုပ်ချုပ်ရေးမှူးက ပြောကြားသည်။

၎င်းပြောင်းရွှေ့မှုကို ယခုလ ၁ ရက်နေ့က စတင်ပြောင်းရွှေ့သည်ဟုဆိုသည်။


စင်းဘောကိုင်းစခန်း မိုးရာသီရောက်လာပါက ရေနစ်မြုပ်ပြီး အခက်အခဲဖြစ်နိုင်ကြောင်းစခန်းနေ စစ်ဘေးရှောင်များမှ မိုးမကျမီကတည်း သတိပေးပြောကြားထားသော်လည်း သက်ဆိုင်ရာ အစိုးရတာဝန်ရှိသူများမှ တစ်စုံတစ်ရာစီစဉ်ပေးမှု မရှိခြင်းကြောင့် ယခုလို အခက်အခဲကြုံတွေ့နေရခြင်း ဖြစ်ကြောင်း စခန်းတာဝန်ရှိသူများက ပြောသည်။

ဆက်စပ် သတင်းများ