အင်္ဂါ၊ ဧပြီလ ၁၆ရက်၊ ၂၀၂၄

စစ်ဘေးရှောင်စခန်းအချို့၌ ကျန်းမာရေးမကောင်းသူများပြားလာ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၁ ဇူလိုင် ၂၀၁၉
  • | ကြည့်ရှုသူ: 592


ဆောင်းဇာခြည်
နိရဥ္စရာ၊ ဇူလိုင် ၁၁/၂ဝ၁၉

ရခိုင်ပြည်နယ်အတွင်း စစ်ပွဲများအကြား ဘေးကင်းရာသို့ ထွက်ပြေး တိမ်းရှောင်နေကြသည့် စစ်ရှောင်စခန်း အချို့၌ ယခုလအတွင်း ကျန်းမာရေး မကောင်းသူများပြားစွာ တွေ့ရှိလာကြောင်း စစ်ဘေးရှောင် စခန်းတာဝန်ခံများထံမှ သိရသည်။

“ဖျားကြတာကများတယ်။  ရေကလည်း အရမ်းလျှံတယ်။ ကျန်းမာရေးနဲ့ မိုးအခါလုံခြုံမှုမရှိတာက တိုက်ရိုက်ဆက်စပ်နေတာပေါ့။ ပြောရမယ်ဆိုရင် ရေထဲနေရသလိုဖြစ်နေတော့ ကလေးတွေကလည်း မိုးရေခံလိုက်၊ ရေထဲ ဆင်းလိုက်နဲ့ဆိုတော့ နေမကောင်းတွေ ဖြစ်ကြတော့တာပေါ့။ နောက်လူနာ တစ်ဦးဆို  ခြေတွေ၊ လက်တွေ မလှုပ်ရှားနိုင်ဘူး။ စိတ်ကလည်း ပုံမှန် မဟုတ်တော့ဘူး”ဟု မြောက်ဦးမြို့နယ်မှ စင်းဘောကိုင်း စစ်ရှောင်စခန်း တာဝန်ခံ ရာတော် ဦးနန္ဒသာရမှ နိရဥ္စရာသတင်းဌာနသို့ မိန့်ကြားသည်။

အဆိုပါစစ်ရှောင်စခန်းတွင် ကျန်းမာရေးချွတ်ယွင်းနေသူ ၂ဝ ဦးခန့်ရှိပြီး မြောက်ဦးမြို့နယ် တိမ်ညိုစစ်ရှောင်စခန်းတွင်လည်း ယခုလအတွင်း ကျန်းမာရေးမကောင်းသူ ဦးရေ၂ဝဝ ဝန်းကျင်ထိ ရှိနေပြီး ပုဏ္ဏားကျွန်း မြို့နယ်မှ အထက်မြတ်လှဲ စစ်ဘေးရှောင်စခန်းတွင်လည်း ကျန်းမာရေး မကောင်းသူ ၂ဝ နီးပါးခန့်ရှိကြောင်း သိရသည်။

“နေရေးထိုင်ရေးက အဆင်မပြေတော့ ဒီလိုနေမကောင်းတာတွေ ဖြစ်တော့ တာပေါ့။ နေရတဲ့နေရာက အရမ်းညစ်ပတ်တယ်။ ရွှံ့တွေ တလူးလူးနဲ့။ အခုလို စစ်ရှောင်တွေ ကျန်းမာရေးမကောင်းတဲ့ အချိန်တွေမှာ ဆရာဝန်တွေနဲ့ အမြဲတမ်းကုသခွင့် ရတာမျိုးလေး လိုချင်ပါတယ်။ အခုလိုနေမကောင်း ဖြစ်တာကလည်း အိမ်သာအဆင်မပြေတာလည်း ပါပါတယ်”ဟု ကျောက်တော်မြို့နယ်  ဝါးတောင်စစ်ရှောင်စခန်းမှ တာဝန်ခံ ဦးမောင်ဌေးက နိရဥ္စရာသတင်းဌာနသို့ ပြောသည်။

စစ်ရှောင်များခံစားနေရသည့် ရောဂါဝေဒနာများမှာ တုတ်ကွေးရောဂါ၊ ဝမ်းပျက်၊ ဝမ်းလျှောခြင်း၊ နှာတာရှည်ရောဂါ၊ ဖျားနာခြင်းနှင့် ချောင်းဆိုးခြင်းများကို  အများဆုံးခံစားနေကြရကြောင်း  သိရသည်။

ယင်းကိစ္စနှင့်ပတ်သက်ပြီး ပြည်နယ်ကျန်းမာရေးဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး  ဒေါက်တာစိုးဝင်းပိုင် က “ကျန်းမာရေး စောင့်ရှောက်မှုတွေ ပေးနေတာတွေလည်း ရှိပါတယ်။ စခန်းရှိတဲ့ နေရာတွေနဲ့ အနီးဆုံး ကျေးလက် ကျန်းမာရေးဌာနခွဲတွေကနေ ကျန်းမာရေးစောင့်ရှောက်မှုတွေ ပေးနေတယ်။ မြို့နယ်ကနေပြီးတော့ စခန်းတစ်ခုချင်းစီရဲ့ ဒေတာကိုတော့ သိထားတာပေါ့။  အဲတော့ လောလောဆယ် ဒေတာပြန်ကြည့်ပြီးမှ အသေချာပြန်ပြောပေးပါ့မယ်”ဟု နိရဥ္စရာသတင်းဌာနသို့ ပြောသည်။

မြောက်ဦးမြို့ပေါ်ရှိ  စစ်ရှောင်စခန်းများသို့ သွေးလွန်တုတ်ကွေး ရောဂါကြိုတင်ကာကွယ်ရေး ကွင်းဆင်းဆောင်ရွက်ပေးခြင်းများကို တာဝန်ရှိ  ပုဂ္ဂိုလ်များက ပြုလုပ်ပေးနေကြောင်းလည်း သိရသည်။

ဆက်စပ် သတင်းများ