သောကြာ၊ ဧပြီလ ၁၉ရက်၊ ၂၀၂၄

ဘူးသီးတောင်မြို့နယ်ကံပြင်ကျေးရွာသား ၄၂ ဦးရွာကိုစွန့်ခွာ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၅ ဇူလိုင် ၂၀၁၉
  • | ကြည့်ရှုသူ: 696

ဆောင်းဇာခြည်
နိရဥ္စရာ၊ ဇူလိုင် ၁၅/ ၂ဝ၁၉

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်ရှိ ကံပြင်ကျေးရွာမှ နောက်ဆုံးကျန်နေခဲ့သည့် ကျေးရွာသူ ကျေးရွာသား ၄၂ ဦးတို့သည် ဇူလိူင် ၁၃ ရက်နေ့က ရွာကို စွန့်ခွာပြီး စေတီတောင်ရွာနှင့် ဆင်ခုံးတိုင်ရွာရှိ စစ်ဘေးရှောင်စခန်းများသို့ ရောက်ရှိလာကြသည်ဟု သတင်း ရရှိသည်။

ရွာကို စွန့်ခွာလာကြသူ ၄၂ ဦးအထဲတွင်ကျား၂၂ ဦး၊ မ ၁၃ ဦးနှင့် ကလေး ၇ ဦးတို့ပါဝင်သည်ဟု သိရသည်။

၄င်းတို့သည် ဇူလိူင် ၂ ရက်နေ့မှ စပြီး ရွာထဲတွင် ၁၁ ရက်ကြာ ပိတ်လှောင်ခံခဲ့ရပြီး ၁၃ ရက်နေ့ မွန်းလွဲ ၁၂ နာရီခန့်တွင် စျေးဝယ် သွားမည်ဟုဆိုကာ ရွာကနေ ထွက်လာခြင်းဖြစ်သည်ဟု ကျေးရွာသား တစ်ဦးဖြစ်သူ ဦးသောက်ကြာထွန်းက ပြောသည်။

 “ထမင်းလည်း စားရတဲ့အခါစားရတယ်။ ငတ်တဲ့အခါလည်းငတ်တယ်ပေါ့။ အဆက်သွယ်လည်းမရဘူးလေ။ ဖုန်းတွေ  အကုန်လုံးသိမ်းထားတယ်။ အေအေကလားလို့ ကျွန်တော်တို့ကို မေးပါတယ်။ ဘုန်းကြီးကျောင်းကနေ အပြင်ကိုပေးမထွက်ပါဘူး။ နေ့ရော၊ ညရော သူတို့ ဘုန်းကြီးကျောင်း လမ်းဝင်ဝကနေ စောင့်နေကြပါတယ်။ ပိတ်လှောင်ထားတာ ၁၁ ရက်နေ့ မြောက်မှာတော့ ကျွန်တော်တို့ အခု ရွာကို စွန့်ခွာ လာကြပါတယ် ”ဟု ရွာကိုစွန့်ခွာလာသူ ကံပြင်ရွာသား ဦးသောက်ကြာထွန်းက  ပြောဆိုသည်။

ကံပြင်ကျေးရွာတွင် စုစုပေါင်း လူဦးရေ ၂၈၇ ဦးရှိသည့်အနက် ရွာအနီး သေနတ်သံများကြားရ၍ ရွာသူ၊ ရွာသားအများစုမှာ ဘူးသီးတောင်မြို့နယ် စေတီတောင်ကယ်ဆယ်ရေးစခန်းနှင့် ဆင်ခုံးတိုင်ကယ်ဆယ်ရေး စခန်းတို့တွင် ယခင်ကပင် ခိုလုံနေထိုင်ခဲ့ကြကြောင်း၊ ရွာထဲတွင် ကျန်နေသူ ၄၂ ဦးသာ ကျန်နေခဲ့ပြီး ယခုအခါ ယင်းလူများအားလုံးလည်း ထွက်ခွာလာကြသဖြင့် ရွာတွင် တစ်ဦးတစ်ယောက်မှ ကျန်မနေခဲ့ကြောင်း စေတီတောင်စစ်ဘေးရှောင်စခန်းသို့ ရောက်ရှိနေသူ ကျေးရွာလူကြီး တစ်ဦးက ပြောဆိုသည်။

၄င်းတို့အနေဖြင့်  လယ်ယာလုပ်ငန်းများကိုလုပ်ကိုင်ရန် ကျေးရွာအတွင်း ကျန်ရှိနေခဲ့သူများဖြစ်ပြီး တပ်မတော်မှ ဇူလိုင်လ ၂ ရက်နေ့ နံနက်၅နာရီ ခန့်တွင် ရွာရှိ ဘုန်းကြီးကျောင်းအတွင်း လူစုခိုင်းကာ မည်သည့် နေရာကိုမှ  သွားခွင့်မပြုခဲ့ရသဖြင့်  ၁၁ရက်ကြာ ရွာထဲတွင် နေခဲ့ရသည်ဟု ၎င်းက ဆက်ပြောဆိုသည်။

ဇူလိူင် ၁၄ ရက်နေ့က နောက်ဆုံးရွာကို စွန့်ခွာလာခဲ့သည့် ကံပြင်ဆရာတော် ဦးဓမ္မသာရက “ အဲဒီမှာရှိတဲ့ ဗိုလ်မှူးကြီးက ဆရာတော် ဘယ်ကိုကြွမလဲဆိုတော့ သပိတ်တောင်ရွာကို ကြွမယ်ဆိုတော့ ခွင့်ပြုတဲ့ အတွက် မနေ့က ရွာကနေ ထွက်လာပြီး အခု စည်တောင်ကို ရောက်နေပါတယ်။ အဲဒီကတစ်ဆင့် သပိတ်တောင်ကို သွားဖို့ စီစဉ်နေပါတယ်။ သူတို့က သွားချင်တဲ့ နေရာကို သွားကြပါလို့ ခွင့်ပြုတဲ့ အတွက် ရွာသားတွေက ရွာမှာ တစ်ယောက်မှ မကျန်တော့ဘူး။ အားလုံးထွက်သွားကြပါပြီ။ သူတို့က ရွာသားတွေကို စုထားတာက အပြင်ကို ရွာသားတွေ ထွက်သွားနေကြရင် တစ်စုံတစ်ခု လူမှားပြီး ပစ်ခတ်မှာကို စိုးလို့ ရွာထဲကနေ ရွာပြင်ထွက်ခွင့်မပေးတာလို့တော့ ဆရာတော်ကို ပြောပါတယ်။ ကျောင်းပေါ်မှာတော့ ဆရာတော် ဝေယျာဝိစ္စကို လုပ်ဖို့ ရွာက လူကြီး လေးငါးယောက်ကို ကျောင်းပေါ်မှာထားပြီး လူငယ်တွေကိုတော့ ကျောင်းသင်ခန်းမှာ ထားပါတယ်။ ထမင်းတော့စားရပါတယ်။ ရွာသားတွေကို ကျောင်းမှာ စုထားပေမယ့် ပို့ထမင်းစားရပါတယ်” ဟု ပြောကြားသည်။

ရွာထဲတွင် ကျေးရွာသား တစ်ဦးမှ မကျန်တော့ဘဲ အိမ်များကို စွန့်ပစ်ထားခဲ့ရသဖြင့် အိမ်ရှိ ပစ္စည်းများ ပျောက်ပျက် ဆုံးရှုံးသွားမည်ကို ရွာသားများအနေဖြင့် စိုးရိမ်နေကြသည်ဟု ဆရာတော်က မိန့်ကြားသည်။

ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးထွန်းအောင်သိန်းက “နှစ်ဘက်တိုက်ပွဲ ဖြစ်တာက ကိစ္စမရှိဘူး။ အခုလို အပြစ်မဲ့ပြည်သူတွေ အကြောင်းမဲ့၊ ဥပဒေမဲ့ ထိန်းချုပ်ထားတာတွေ မလုပ်ဖို့လည်း ကျွန်တော်တို့ တောင်းဆိုချင်ပါတယ်။ အဲဒီရွာသူ၊ ရွာသားတွေ လွတ်မြောက်ဖို့ အတွက်လည်း ကျွန်တော် လွှတ်တော်ဥက္ကဋ္ဌကတဆင့် အဆင့်ဆင့် တင်ပြခဲ့မှုတွေရှိ ပါတယ်” ဟု နိရဥ္စရာသတင်းဌာနသတင်းဌာနသို့ ပြောသည်။

(ဓာတ်ပုံ- စစ်ဘေးရှောင်စခန်းတစ်ခုတွင် ခိုလုံနေကြသူများ)

ဆက်စပ် သတင်းများ