သောကြာ၊ မတ်လ ၂၉ရက်၊ ၂၀၂၄

ပလက်ဝမြို့နယ် ကင်းတလင်းရွာသား ၅၄ ဦးကို ရပ်လူကြီးများထံ အပ်နှံလိုက်ပြီဟု AA မှ သတင်းထုတ်ပြန်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၃၁ ဇူလိုင် ၂၀၁၉
  • | ကြည့်ရှုသူ: 2.8k

ခိုင်လူလှ (ရိုးမမြေ)

နိရဥ္စရာ၊ ဇူလိူင် ၃၁/ ၂ဝ၁၉

နောက်ဆုံးကျန်ရှိနေသည့် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ ကင်းတလင်းကျေးရွာသား ၅၄ ဦးကို ယနေ့ နံနက်က အရပ်လူကြီးများထံ ပြန်လည် အပ်နှံလိုက်ပြီဟု ရက္ခိုင့်တပ်တော် (AA) က သတင်းထုတ်ပြန်သည်။

မိုးတွင်းကာလ၌ အဆိုပါကင်းတလင်းရွာသူ၊ ရွာသားများမှာ နေထိုင်ရေး အခက်အခဲ ရှိသည်ဟု ပြောဆိုလာပြီး ၄င်းတို့၏ နဂိုမူလနေရပ်သို့ ပြန်လည် အခြေချနေထိုင်လိုသည်ဟု ပြောဆို လာသောကြောင့် ၎င်းတို့ကို ပြန်လည် ပို့ဆောင်ပေးခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

၂ဝ၁၉ ခုနှစ်၊ ဇူလိုင်လ ၃၁ ရက်နေ့၊ နံနက် ၉ နာရီ ၂ဝ မိနစ်တွင် "အုန်းသီးဝကျေးရွာ"ရှိ ရပ်မိရပ်ဖများထံတွင် ၄င်းကင်းတလင်းရွာသူရွာသားများအား ရက္ခိုင့်တပ်တော်မှ ကောင်းမွန်စွာ အပ်နှံထားခဲ့ပြီးဖြစ်ပါကြောင်း၊ ၄င်းတို့အား အပ်နှံပြီးချိန်မှစ၍ ကင်းတလင်း ရွာသူရွာသားများမှာ မိမိတို့၏ ကူညီစောင့်ရှောက်မှုအောက်တွင် မရှိတော့ပါကြောင်း ၄င်းတို့၏ ဆွေမျိုးမိသားစုများနှင့် နိုင်ငံတကာမိသားစုများကို လေးစားစွာ အသိပေးအပ်ပါကြောင်း ဖော်ပြထားသည်။

၎င်းအပြင် ရခိုင်ဒေသတိုက်ပွဲများအတွင်း မိမိတို့ထိန်းသိမ်းထားသောသူများထဲမှ စစ်ဖက်ရေးရာနှင့် မသက်ဆိုင်သောသူများကိုလည်း သင့်တော်ပြီး လုံခြုံစိတ်ချရသောအခြေအနေ၊ အန္တရာယ် ကင်းသော အခြေအနေတစ်ခုအောက်တွင် အမြန်ဆုံး ပြန်လည်လွှတ်ပေးသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာချက်တွင် ဖော်ပြထားသည်။

ဤကဲ့သို့ ကူညီကယ်ဆယ်ထားစဉ်အတွင်း ၄င်းကင်းတလင်းရွာသားများ၏ နေထိုင်ရေး၊ စားသောက်ရေး တို့ကို  ဆွေမျိုးမိသားစုစိတ်ဓာတ်ဖြင့် (၅)လကျော်ကြာ ထောက်ပံ့ ကူညီခဲ့ကြပါကြောင်း ဖော်ပြထားသည်။

၎င်းတို့သည် ယခုနှစ် ဖေဖော်ဝါရီလ ပထမ အတွင်းက  တိုက်ပွဲအတွင်းမှ AA က ကယ်ထုတ် ခေါ်ဆောင်သွားခဲ့ခြင်း ဖြစ်ကြောင်း ပြောဆိုထားသော်လည်း ချင်းလူ့အခွင့်အရေး အဖွဲ့များက ဖမ်းဆီးခေါ်ဆောင်ခံရသည်ဟု စွပ်စွဲ ပြောဆိုထားသည်။

ဇွန်လ ၂၆ ရက်နေ့ကလည်း ၎င်းတို့အထဲမှ ၁၂ ဦး ထွက်ပြေးလွတ်မြောက်လာခဲ့သည်ဟု သိရသည်။

AA ၏ ထုတ်ပြန်ချက်နှင့် ပတ်သက်ပြီး ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခအား ဆက်သွယ်ရာ ဖုန်းပိတ်ထားသဖြင့် မေးမြန်းဆက်သွယ် တင်ပြနိုင်ခြင်း မရှိပါ။

ဆက်စပ် သတင်းများ