အင်္ဂါ၊ ဧပြီလ ၁၆ရက်၊ ၂၀၂၄

အမ်းမြို့ရှိ စစ်ဘေးရှောင်များ နေရာပြောင်းရွှေ့


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၉ ဖေဖော်ဝါရီ ၂၀၂၀
  • | ကြည့်ရှုသူ: 10.1k

ဆောင်းဇာခြည်
နိရဥ္စရာ၊ ဖေဖော်ဝါရီ ၁၉/ ၂ဝ၂ဝ

ရခိုင်ပြည်နယ် အမ်းမြို့တွင်ရှိသော စစ်ဘေးရှောင် ၂ဝဝ ကျော်အား နေရာသစ်သို့  ယနေ့ ပြောင်းရွှေ့လိုက်ကြောင်း သိရသည်။

ယနေ့ ဖေဖော်ဝါရီ ၁၉ ရက်နေ့၊ နံနက် ၁ဝ နာရီခန့်မှ စတင်ကာ အမ်းမြို့နယ် အုပ်ချုပ်ရေးမှူးနှင့် စျေးတောင် ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့ ပူးပေါင်း၍ အမ်းမြို့ပေါ်ရှိ သရူးချောင်းတံတားအနီး လွင်ပြင်တစ်ခုသို့ ပြောင်းရွှေ့လိုက်ကြောင်း သိရသည်။

“အခုထားတဲ့နေရာက အစိုးရ အဆောက်အဦးကြီး ဖြစ်နေတယ်။  အားကစားရုံ ဖြစ်နေတယ်။ အဲဒါကြောင့် ရေရှည်ထားဖို့ကတော့ အဆင်မပြေဘူးလေ။ အဲဒါကြောင့် ဒီမှာတိုင်ပင်ပြီးတော့ ဟိုမှာ ရေရှည်နေဖို့အတွက်ဆိုရင် တန်းလျားတွေ၊ တဲအိမ်လေးတွေ လောလောဆယ် ဆောက်ပြီးတော့ ထားမယ်ဆိုပြီး ပြောင်းရွှေ့လိုက်တာပါ။ အရပ်ဖက် အဖွဲ့အစည်းတွေရယ်၊ ကျွန်တော်ရယ်၊ မြို့နယ် အုပ်ချုပ်ရေးမှူးရယ် စီစဉ်ပြီးမှ ဒါ လွတ်လပ်တဲ့ နေရာလည်း ဖြစ်နေတယ်ဆိုတော့ ခဏဖြစ်ဖြစ် ပြောင်းထားလိုက်တာပါ” ဟု စျေးတောင်ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးဖုန်းကျော်က နိရဥ္စရာသို့ ပြောသည်။

ဦးရေ ၂၂၁ ဦး၊ အိမ်ထောင်စု ၄၈ စုပါဝင်သည့် အဆိုပါစစ်ဘေးရှောင်များမှာ အမ်းမြို့နယ် မဲလက်မောင်းကျေးရွာ၊ ဒါးလက်ရွာဟောင်းကျေးရွာနှင့် အုန်းနီချောင်းကျေးရွာတို့မှဖြစ်ပြီး တိုက်ပွဲဖြစ်ပွားမှုကြောင့် အဆိုပါ အားကစားခန်းမသို့ ဇန်နဝါရီလ ၂၁ ရက်နေ့မှ စတင် တိမ်းရှောင်လာကြသူများဖြစ်သည်။

“ပြောင်းရွှေ့တာကို အစိုးရကတော့ မသိသေးဘူးပေါ့နော်။ စစ်ဘေးရှောင်တွေကလည်း ဒီထဲမှာ မနေချင်ကြ။ သူတို့လည်း အဆင်ပြေချင်ကြတယ်ပေါ့လေ။ အဲဒီ အပိုင်းလည်း ပါတာပေါ့နော်။ အကုန်လုံး တစ်ယောက်မကျန် ပြောင်းပေးမှာပေါ့နော်။ မြို့နယ် အုပ်ချုပ်ရေးမှူးက ကားသမားတွေကို အကူအညီတောင်းပြီး ကားကြီးတွေနဲ့ တင်ပြီး သူတို့ကို ပို့ပေးတာပါ” ဟု ဦးဖုန်းကျော်က ဆက်ပြောသည်။

စစ်ဘေးရှောင်များအား ပြောင်းရွှေ့လိုက်သည့်လွင်ပြင်မှာ အမ်းမြို့ စျေးတောင်ရပ်ကွက် အုပ်ချုပ်ရေးမှူးပိုင်ဆိုင်သည့်လွင်ပြင်ဖြစ်ပြီး ဧရိယာအကျယ်မှာ ပေ ၂ဝဝ ကျော် ကျယ်ဝန်းကြောင်း သိရသည်။
“ကျွန်မတို့ အခု နေရာ အသစ်ကို ရောက်နေကြပါပြီ။ သူတို့က နေစရာနေရာတွေ စီစဉ်ပေးထား ပါတယ်။ ဒီမှာလည်း အဆင်ပြေပါတယ်။ စားဝတ်နေရေးတွေကလည်း သူဌေးတွေက လာလှူတာတွေ ရှိပါတယ်” ဟု အမ်းမြို့နယ် အုန်းနီချောင်းကျေးရွာမှ ထွက်ပြေး တိမ်းရှောင်နေရသည့် ဒေါ်မိုးမိုးသိန်းက နိရဥ္စရာသို့ ပြောသည်။

အဆိုပါ စစ်ဘေးရှောင် ဦးရေ ၂ဝဝ ကျော်တွင် ရခိုင်တိုင်းရင်းသားများနှင့် ချင်းတိုင်းရင်းသားများ ရောနှောပါဝင်နေကြောင်းလည်း သိရသည်။

ဓါတ်ပုံ-ကိုမျိုးလွင်

-----------------------------

Unicode:


နိရဉ်စရာ၊ ဖဖျေောဝါရီ ၁၉/ ၂ဝ၂ဝ









ဆက်စပ် သတင်းများ