ကြာသပတေး၊ ဧပြီလ ၂၅ရက်၊ ၂၀၂၄

ရခိုင်တွင် စစ်ဘေးရှောင်ပြည်သူ တစ်သိန်းနှစ်သောင်းကျော်ထိ မြင့်တက်နေပြီဟု REC ထုတ်ပြန်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၃ မတ် ၂၀၂၀
  • | ကြည့်ရှုသူ: 6.8k

နီမင်းထွန်း
နိရဥ္စရာ၊ မတ်လ ၃/၂ဝ၂ဝ

ရခိုင်ပြည်နယ်အတွင်းတွင် စစ်ဘေးရှောင်ပြည်သူ (၁၂၈၄၃၅)ဦးအထိ မြင့်တက်နေပြီဟု ရခိုင် တိုင်းရင်းသား မျိုးနွယ်များအစည်းအရုံး(REC)မှ ဖေဖော်ဝါရီလ ၂၉ ရက်နေ့က ကြေငြာချက် တစ်စောင် ထုတ်ပြန်ခဲ့သည်။

၄င်းစစ်ဘေးရှောင်များသည် ရခိုင်ပြည်နယ်အတွင်းမှ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ မြေပုံ၊ ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တော၊ စစ်တွေနှင့် ပေါက်တောစသည့် မြို့နယ်(၁ဝ)မြို့နယ်တွင် ခိုလှုံနေရကြောင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
 
ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး(REC)မှဥက္ကဋ္ဌ ဦးရွှေဘော်စိန်က “ရခိုင်ပြည်နယ်မှာ တိုက်ပွဲတွေကြောင့် အရပ်သားတွေဟာ ဒုက္ခရောက်နေကြတယ်။ ဒါကို သက်ဆိုင်ရာဌာနတွေ၊ အဖွဲ့အစည်းတွေအနေနဲ့ လူသားချင်းစာနာမှု အကူအညီတွေပေးဖို့အတွက် အချက်အလက်တွေကို တင်ပြတာဖြစ်တယ်”ဟု နိရဥ္စရာသတင်းဌာနကိုပြောသည်။

လက်ရှိဖြစ်ပွားနေသည့်ပဋိပက္ခနှင့် မသက်ဆိုင်သည့်လူများ၏အခက်အခဲကို တရားဥပဒေအရ၊ နိုင်ငံရေးအရ ကာကွယ်ပေးဖို့၊ လူသားတစ်ဦး၏ ရသင့်ရထိုက်သည့်အခွင့်အရေးကို မဆုံးရှုံး ရအောင် ဝိုင်းဝန်းလုပ်ဆောင်ပေးဖို့နှင့် ပဋိပက္ခကြောင်း လူအများဒုက္ခအမျိုးမျိုးရောက်နေပြီး ပဋိပက္ခကိုလျှော့ကျအောင် ဝိုင်းဝန်းလုပ်ဆောင်ဖို့အတွက်လည်း ရည်ရွယ်သည်ဟု ၄င်းက ဆက်ပြောခဲ့သည်။

ရခိုင်ပြည်နယ်အတွင်းတွင် တိုက်ပွဲများပြင်းထန်လာသည်နှင့်အမျှ စစ်ဘေးရှောင်းဦးရေမှာလည်း တစ်နေ့ထက်တစ်နေ့မြင့်တက်လာပြီး ၄င်းတို့၏ စား၊ ဝတ်၊ နေရေးမှာလည်း အခက်အခဲ ဖြစ်နေသည်ဟုလည်း ၄င်းပြောသည်။
 
“အခုလက်ရှိ စစ်ဘေးရှောင်တွေဟာ စား၊ ဝတ်၊နေရေး ပြီးတော့ ကျန်းမာရေးစောင့်ရှောက်မှုတွေ အခက်အခဲဖြစ်နေတယ်။ အစိုးရကထောက်ပံ့တာလည်း လုံလောက်မှုမရှိဖြစ်နေတယ်”ဟု REC ဥက္ကဋ္ဌ ဦးရွှေဘော်စိန်ကပြောသည်။

တစ်နှစ်ကျော်အထိကြာမြင့်နေပြီဖြစ်သော ရက္ခိုင့်တပ်တော်(AA)နှင့် မြန်မာတပ်မတော်တို့ တိုက်ပွဲများမှာ ဆက်လက်ပြီး ပြင်းပြင်းထန်ထန် ဖြစ်ပွားနေသောကြောင့် ယခုကဲ့သို့ စစ်ဘေးရှောင် အရေအတွက်မြင့်တက်လာခြင်းဖြစ်သည်။
 
လက်ရှိ ကာလတွင် ရခိုင်မှ မြို့နယ်(၈)မြို့နယ်နှင့် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တို့ကို အင်တာနက်လိုင်းဖြတ်တောက်ထားပြီး အရပ်သားသေဆုံးမှု ၁ဝဝ ကျော်နှင့် အရပ်သား (၅ဝဝ) ကျော်မှာလည်း ဖမ်းဆီးတရားစွဲခံထားရကြောင်းသိရသည်။

-------------------------

Unicode:


နိရဉ်စရာ၊ မတျလ ၃/၂ဝ၂ဝ


 


 

 

ဆက်စပ် သတင်းများ