သောကြာ၊ မတ်လ ၂၉ရက်၊ ၂၀၂၄

ရသေ့တောင်မြို့ပေါ်မှ ဂိုဒေါင်အဟောင်းတွင် စစ်ဘေးရှောင်၂ဝဝ ကျော်နေထိုင်ရသဖြင့် အမျိုးသမီးများလုံခြုံမှုမရှိဖြစ်နေဟုဆို


  • ရေးသူ: Web Master
  • | ရက်စွဲ: ၃၀ ဇူလိုင် ၂၀၂၀
  • | ကြည့်ရှုသူ: 2.2k

အိမ်စိုးဖြူ

နိရဥ္စရာ၊ ဇူလိုင် ၃ဝ/၂ဝ၂ဝ

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့၊ အရှေ့မြောက်ရပ်ကွက်ရှိ ဂိုဒေါင်အဟောင်းတစ်ခုတွင် စစ်ဘေးရှောင် ၂ဝဝ ကျော်မှာ တစ်စုတည်းနေနေကြရသဖြင့် အမျိုးသမီးများအတွက် လုံခြုံမှုမရှိဖြစ်နေကြောင်း သတင်းရရှိသည်။

အောင်မြေကုန်းကျေးရွာမှ ထွက်ပြေးလာသူ ဒေါ်ခင်ဦးယဉ်က “ လူ ၂ဝဝ ကျော်ပြွတ်သိပ်ပြီး နေရတာပေါ့။ ထမင်းချက်လည်း ဒီဂိုဒေါင်ထဲမှာ စားလည်း ဒီအထဲမှာဆိုတော့ ဘယ်လိုမှ အဆင်မပြေဘူး။ သမီးအပျိုလေး ၂ယောက်ရှိတယ်။ သူတို့လည်း ဒီလိုပဲတန်းစီပြီးအိပ်ရတယ်။ ရေချိုးမယ့်နေရာလည်းမရှိဘူး”ဟုပြောသည်။ 

အဆိုပါ ဂိုဒေါင်ဟောင်းတစ်ခုတည်း၌ လူ ၂၁၁ ဦး နေထိုင်နေရပြီး ယင်းအထဲတွင် အမျိုးသမီး ၁၄၃ ဦးပါဝင်ကြောင်း၊ အမျိုးသမီးငယ်များအတွက် လုံခြုံမှုမရှိပဲဖြစ်နေကြောင်း သူမက ပြောသည်။

“ ဒီလို နေထိုင်ရတာ အဆင်မပြေတဲ့ကြားထဲမှာ စားစရာဆန်လည်းမရှိတော့ပါဘူး။ ဆန်လာလှူတာတွေက မလောက်ငှတော့ ထမင်းစားဖို့ဆန်က ရှိတဲ့လူဆီကချေးငှားစားရတယ်။ ပိုက်ဆံတွေပါလာတာလည်း တစ်လကျော်ရှိပြီဆိုတော့ ကုန်နေကြပြီ” ဟု ပြောဆိုသည်။ 

၄င်းစစ်ဘေးရှောင်များမှာ ဆောက်ခတ်၊ အောင်မြေကုန်း၊ဗောဓိကုန်းနှင့် ရေမျက်ကျေးရွာတို့မှ ဖြစ်ကြသည်။ ၎င်းတို့မှာ ဇွန်လ ၂၃ ရက်နေ့က နယ်လုံဝန်ကြီးမှ ကျောက်တန်းနယ်မြေရှင်းလင်းရန် အမိန့်ထုတ်လိုက်သဖြင့် စိုးရိမကြောက်လန့်ပြီး နေအိမ်စွန့်ခွာ ထွက်ပြေးလာကြသူများဖြစ်သည်ဟုဆိုသည်။ 

၎င်းစခန်းမှာ အစိုးရမှ တရားဝင်သတ်မှတ်ထားသည့် စစ်ဘေးရှောင်စခန်းမဟုတ်ဘဲ ယာယီစခန်းတစ်ခုဖြစ်သဖြင့်အကူအညီမရရှိကြောင်း၊ အရပ်ဖက်လူမှုအဖွဲ့အစည်းများမှ လာလှူမှ ရိက္ခာရကြောင်း သူမကဆက်ပြောသည်။

အောင်မြေကုန်းကျေးရွာမှ ၎င်းစစ်ရှောင်စခန်းသို့ရောက်နေသူ ဆယ်ကျော်သက်အရွယ် အမျိုးသမီးငယ် မခင်ဇင်လှိုင်က“ညီမတို့မှာ အမျိုးသမီး အသုံးအဆောင်တွေမလုံလောက်ပါဘူး။ အတွင်းခံဝတ်စရာတွေလည်း သိပ်ပါမလာပါဘူး။ ယေင်္ာကျားလေး တွေနဲ့ တစ်မိုးအောက်တည်းမှာ အကာအရံမရှိနေရတော့ အတော်ကျဉ်းကျပ်ပါတယ်။ မလုံခြုံသလို ခံစားရပါတယ်။ ရေချိုးဖို့နေရာမရှိတော့ ချောင်းထဲမှာ ဆင်းချိုးကြပါတယ်။ လူ၂ဝဝ ကျော်အတွက် အိမ်သာက ၂လုံးပဲရှိတော့ အဆင်မပြေပါဘူး” ဟုပြောသည်။

ရသေ့တောင်မြို့နယ်အတွင်း  စစ်ဘေးရှောင် ငါးသောင်းကျော်ခန့်ရှိနေပြီး ယင်းအထဲတွင် အဆိုပါ ဂိုဒေါင်တွင်နေသည့် လူများထံသွားရောက်ပါက စိတ်မကောင်းပိုဖြစ်ရကြောင်း လူမှုကူညီရေးလုပ်ဆောင်နေသူ ကိုဘက္ကာက ပြောသည်။

“သူတို့ဆီသွားရင် မကြည့်ရက်လောက်အောင်ပါပဲ။ အဲဒီထဲမှာ ချက်ပြုတ်စားသောက်ပြီး နေလည်း အဲဒီမှာ၊ အကုန်စုနေရတော့ ပူကပူနဲ့ မွန်းကြပ်လွန်းတယ်။ စားစရာကလည်း အစ်ကိုတို့တက်နိုင်သလောက် ကူညီပေးနေတာပါပဲ။ ဒါပေမဲ့ လုံလုံလောက်လောက်တော့ မရှိကြရှာဘူး။ အမျိုးသမီးတွေဆိုလည်း ကျန်းမာရေးနဲ့ ပတ်သက်လို့ ဘာတစ်ခုမှ ပြည့်စုံတာမရှိဘူး။ အသုံးအဆောင်က အစပေါ့။ သက်ကြီး ရွယ်အိုနဲ့ကလေးတွေဘယ်လို့နေကြလည်း တွေးရင်စိတ်မကောင်းဖြစ်ရတယ်”ဟုပြောသည်။

ရသေ့တောင်မြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်လတ်ကလည်း ၄င်း ဂိုဒေါင်တွင်နေသည့် စစ်ဘေးရှောင်များသတင်းကို ကြားသိရကြောင်း၊ အစိုးရအနေဖြင့် ကူညီဆောင်ရွက်ပေးရမည့် အပိုင်းဖြစ်ကြောင်း ပြောသည်။

“ဦးလေးတို့လည်းကြားတယ်။ အဲဒီကိုသွားဖို့လည်းရှိတယ်။ အဆောင်တွေဆောက်ပေးဖို့ လိုလိမ့်မယ်။ အတော်ကျပ်ကျပ်တည်းတည်းနေနေကြရတယ်သူတို့ခမျာ။ စားစရာဆန်ရလာလည်း တစ်ခြား လိုအပ်ချက်တွေ ဖြည့်ဖို့ ဆန်နဲ့ လဲပြီး သုံးစွဲရတော့ ထမင်းစားဖို့မကျန်တော့ဘူးပေါ့။ သူတို့မှာ ငွေမှ ပါမလာကြတာ ထွက်ပြေး လာတုန်းက။ အတော်သနားစရာကောင်းကြတယ်။ အစိုးရက လုပ်ပေးရမယ့်အပိုင်းကို ဘာတစ်ခုမှ လုပ်ပေးတာမတွေ့ရဘူး” ဟုပြောသည်။

ရသေ့တောင်မြို့နယ်မှ စစ်ဘေးရှောင်များမှာ ကျောက်တန်းနယ်မြေအားရှင်းလင်းရန် အစိုးရမှ ဇွန်လ ၂၃ ရက်နေ့က ထုတ်ပြန်ခဲ့သည့် အတွက် ကျေးရွာ လေးဆယ်ကျော်နှင့် အခြားတိုက်ပွဲဖြစ်ပွားရာကျေးရွာများမှ လူပေါင်း ၆ သောင်းနီးပါးမှာ ဘေးလွတ်ရာသို့ ထွက်ပြေးကြပြီး ၄င်းအမိန့်အား ဇွန်လ ၂၆ ရက်နေ့တွင် အစိုးရမှ ပြန်လည်ရုပ်သိမ်းခဲ့သည်။

ရခိုင်ပြည်နယ်တွင် လက်ရှိစစ်ဘေးရှောင် ၂သိန်း နီးပါးရှိနေပြီဖြစ်သည်။

ဆက်စပ် သတင်းများ