ကြာသပတေး၊ မတ်လ ၂၈ရက်၊ ၂၀၂၄

မီးရှို့ခံခဲ့ရသည့် ဘုရားပေါင်းနှင့်တောင်ပေါက်ရွာမှ လူပေါင်း ၁၅ဝဝ အတွက် အရေးပေါ်အကူအညီများ လိုအပ်နေ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၆ စက်တင်ဘာ ၂၀၂၀
  • | ကြည့်ရှုသူ: 6.4k

အိမ်စိုးဖြူ
နိရဥ္စရာ၊ စက်တင်ဘာ ၆ / ၂ဝ၂ဝ

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်မှ မီးရှို့ခံခဲ့ရသည့် တောင်ပေါက်နှင့် ဘုရာပေါင်းကျေးရွာတို့ကို စွန့်ခွာထွက်ပြေးခဲ့ကြရသည့်ရွာသား ၁၅ဝဝ နီးပါးအတွက် အရေးပေါ်အကူအညီများ လိုအပ်နေကြောင်း သတင်းရရှိသည်။

လက်ရှိတွင် ၎င်းကျေးရွာသားများမှာ အနီးအနားရှိ ကျေးရွာ ဘုန်တော်ကြီးကျောင်းများတွင်  ခိုလှုံနေကြရပြီး အခက်အခဲများစွာနှင့် ရင်ဆိုင်နေကြရသည်ဟု ပြောကြားသည်။

ဘုရားပေါင်းကျေးရွာမှ မူလတန်းပြဆရာမ ဒေါ်နှင်းဝေစိုးက “အခုကျွန်မတို့တွက် ယာယီ စီစဉ်ပေးတဲ့ နေရာတွေမှာစားသောက်ရေး၊ နေထိုင်ရေး အတော်ခက်ခဲနေပါတယ်။ ကူညီကြတဲ့ လူတွေရှိတော့ စားတာက ဟင်းနဲ့ဖြစ်ဖြစ် ရှိတာလေးနဲ့ စားလို့ရပါတယ်။ ဒီမှာ အဓိက အခက်အခဲက အဝတ်တစ်ထည်ကိုယ်တစ်ခုနဲ့ ထွက်ပြေးလာကြရတာမို့ လဲစရာ အဝတ်အစား မရှိဖြစ်နေကြပါတယ်။ အထူးသဖြင့် ကလေးတွေနဲ့ အမျိုးသမီးတွေက အတော် အခက်ခဲဖြစ်နေပါတယ်။ ကျွန်မတို့ သေသွားတာတောင် ပိုကောင်းမလားလို့ တွေးနေမိတယ်။ နေစရာလည်းမရှိ။ စားစရာလည်းမရှိ။ကျွန်မတို့ ဘဝက မထူးတော့သလို ခံစားရတယ်” ဟု နိရဥ္စရာ သတင်းဌာနသို့ ယနေ့နံနက်က ပြောသည်။

ထွက်ပြေးလာကြသူများ တည်းခိုနေထိုင်နေသည့် ကျေးရွာများတွင်လည်း လူပေါင်း ၁၅ဝဝ ကို အဝတ်အစားများ ပံ့ပိုးကူညီရန်မှာ မဖြစ်နိုင်ကြောင်း၊  အဝတ်တစ်ထည် ကိုယ်တစ်ခုနှင့် နေကြရသဖြင့် များစွာ အခက်အခဲကြုံနေရသည်ဟု ၎င်းက ပြောဆိုသည်။  

“ ကျွန်မတို့ ရွာကနေ ချောင်းထဲက ရေကူးပြီး ပုဏ္ဏားရွာတစ်ရောက် ရေကူးပြီး ထွက်ပြေးလာခဲ့တာပါ။ ကျွန်မတို့နဲ့ အတူ လှေတွေနဲ့ထွက်ပြေးလာကြတဲ့ ကလေးတွေရော၊ သက်ကြီး ရွယ်အိုတွေရောပါတယ်။ ဒီတိုင်းပြေးလာခဲ့ရတော့ ဒီလို အခက်အခဲဖြစ်နေတဲ့ ညီမလေးတွေကို စျေးထဲက တောင်းပြီး ပေးနေရတယ်။ ငွေလည်းမရှိ။ လက်ဗလာနဲ့ လာကြတော့ ဝယ်သုံးလို့မှ မရတာ။ အိပ်တာလည်း ဓမ္မာရုံထဲမှာ ဒီလိုပဲတန်းစီ အိပ်ကြရတာပါပဲ။ အစိုးရကို ဘာပြောချင်လည်းဆိုတော့ ကျေးဇူးတင်ပါတယ်လို့။ အခုလို ဖြစ်နေတာတောင် ပြည်သူတွေအတွက် ဘာတစ်ခုမှ လုပ်ပေးတာ မရှိသေးဘူး။ ကျွန်မတို့  အသက် ဆက်မရှင်ချင်လောက်အောင် ဖြစ်နေတဲ့ အတွက် ကျေးဇူတင်တယ်လို့။ အဲလိုသာပြောလိုက်ချင်တယ် ” ဟု သူမက ဆက်ပြောသည်။

မီးရှို့ခံရမှုကြောင့် ကျောက်တော်မြို့နယ် တောင်ဘက် ၃ မိုင်ခန့် အကွာရှိ  တောင်ပေါက်ရွာမှ အိမ်ခြေ ၆၉ ဆောင်နှင့် ဘုရားပေါင်းရွာမှ အိမ်ခြေ ၁၁ဝ တို့မှာ ပျက်စီးဆုံးရှုံးသွားခဲ့သည်ဟု ကျေးရွာသားများက ပြောကြားသည်။

လက်ရှိ ထွက်ပြေးလာကြသူနများမှာ ရွှေလှိုင်ကျေးရွာတွင် မိသားစု ၁၂၅ စု (လူဦးရေ ၅ဝ၃ ဦး) ခိုလှုံနေကြရပြီး  သဝင်ကိုင်းကျေးရွာတွင် အိမ်ထောင်စု ၈၅ စု (လူဦးရေ ၃၂ဝ) ခိုလှုံနေကြသည်ဟု သိရသည်။

အလားတူ ဆင်အိုးချိုင်ကျေးရွာတွင် အိမ်ထောင်စု ၅၃ စု (လူဦးရေ ၂၃၆ ဦး)၊ကျောက်တန်းကျေးရွာတွင် အိမ်ထောင်စု ၄၂ စု (လူဦးရေ ၁၈ဝ ဦး) နှင့် စစ်အောင်ကျေးရွာတွင် အိမ်ထောင်စု ၃၁ စု (လူဦးရေ ၅၆ ဦး) တို့ ယာယီ ခိုလှုံလျက်ရှိကြောင်း သိရသည်။

ကျောက်တော်မြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးမြင့်နိုင်က “လိုအပ်ချက်ဆိုရင် ပြောစရာ မလိုတော့ပါ။ ဘာတစ်ခုမှ မပါလာပဲ အသက်လုပြေးလာခဲ့ကြရတာ။ အတော်ရင်နာဖို့ကောင်းတယ်။ အခုတော့ စားဖို့ကို ဖြေရှင်းနေတယ်။ ခြင်ထောင်တွေအလှူခံပြီး အိပ်ဖို့နေရာရအောင်လုပ်နေရတယ်။ အစိုးရကတော့ ဒီကိစ္စနဲ့ ပတ်သက်ပြီး တစ်စုံတစ်ရာ ကူညီတာတွေမရှိသေးဘူး။ ကျွန်တော်တို့ လွှတ်တော်ကိုယ်စားလှယ်တွေ ကတော့ သူတို့ စားဝတ်နေရေးအဆင်ပြေနို်င်ဖို့ ကြိုးစားနေကြတယ်”ဟုပြောသည်။

အစားအသောက် အပါအဝင် အိပ်ဖို့နေရာအတွက် ဦးစားပေး လုပ်ဆောင်နေရကြောင်း၊ အဝတ်တစ်ထည် ကိုယ်တစ်ခုမှ ပြေးလာခဲ့ရသည့် အတွက် ၄င်းတို့အတွက် လိုအပ်ချက်များစွာရှိနေသဖြင့် စေတနာရှင်များ အတတ်နိုင်ဆုံး ဝိုင်းဝန်းကူညီကြစေလိုသည်ဟု ဦးမြင့်နိုင်မှ မေတ္တာရပ်ခံ ပြောကြားသည်။

ဘုရားပေါင်းကျေးရွာနှင့် တောင်ပေါက်ကျေးရွာတို့ကို စက်တင်ဘာ ၃ ရက်နေ့ ညနေ ၇ နာရီလောက်တွင် ရွာထဲသို့ သေနတ်ပစ်ဖောက် ဝင်လာသည့် တပ်မတော်စစ်ကြောင်း တစ်ခုက မီးရှို့ခဲ့ကြောင်း မျက်မြင် ကျေးရွာသားများက ပြောကြားသော်လည်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ ဥက္ကဋ္ဌ ဗိုလ်ချုပ် ဇော်မင်းထွန်းက တပ်မတော်စစ်ကြောင်းမှ မီးရှို့ခြင်း မရှိကြောင်း စက်တင်ဘာ ၄ရက်နေ့ နံနက်က နေပြည်တော်တွင် ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် ငြင်းဆိုထားသည်။

ဆက်စပ် သတင်းများ