စနေ၊ ဧပြီလ ၂၀ရက်၊ ၂၀၂၄

ရသေ့တောင်မြို့ပေါ်တွင် စစ်ရှောင်များကို နောက်ထပ်လက်ခံရန်နေရာမရှိတော့၍ မူစဲကျွန်းတွင် စစ်ရှောင်စခန်းတည်ဆောက်ရန် အစိုးရကိုတင်ပြမည်ဟုဆို


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၁ စက်တင်ဘာ ၂၀၂၀
  • | ကြည့်ရှုသူ: 7.2k

ခိုင်လူလှ (ရိုးမမြေ)
နိရဥ္စရာ၊ စက်တင်ဘာ၂၁/၂ဝ၂ဝ

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့ပေါ်တွင် နောက်ထပ် ထွက်ပြေးလာကြသည့် စစ်ဘေးရှောင်များကို လက်ခံရန် နေရာမရှိတော့သဖြင့် မြို့နယ်၏ တောင်ဘက် မူစဲကျွန်းတွင် စစ်ဘေးရှောင်စခန်းတစ်ခု တည်ဆောက်နိုင်ရေး အတွက် အစိုးရထံ တင်ပြသွားမည်ဟု အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်လတ်က ပြောသည်။

“ ပြည်ထောင်စု အစိုးရရော၊ ပြည်နယ် အစိုးရရော၊ နှစ်ခုစလုံးကို ဒီနေ့တောင်းဆိုတင်ပြသွားမှာဖြစ်ပါတယ်။ အခု ရေဘိတ်ဆုံရွာမှာ စစ်ပြေးရှောင် ၁ဝဝဝ လောက်ရောက်နေတယ်။ နေရာစရာမရှိဘူး။ စာသင်ကျောင်းနဲ့ ဘုန်းတော်ကြီးကျောင်းတွေမှာထားရတယ်။ သူတို့က ခုလို ရွာတွေကို ခဏ ခဏပစ်နေတော့ ရွာကိုလည်း ပြန်လိုတဲ့ အနေအထားမရှိဘူး။ ဒီအတွက် စစ်ဘေးရှောင်စခန်းတစ်ခု တည်ဆောက်ပေးမှသာ အဆင်ပြေမယ်။ ဒီအတွက် တရားဝင်အစိုးရဆီက ခွင့်ပြုချက်ရအောင်တောင်းခံသွားမယ်။ ဒီနေ့ စာတင်သွားမယ်” ဟု ယနေ့နံနက်က ဦးခင်မောင်လတ်က နိရဥ္စရာသတင်းဌာနသို့ ပြောကြားသည်။

ယခုထွက်ပြေးလာကြသူများမှာ ရွှေလောင်းတင်၊ ကံပြင်၊ မြင်းကန်းချောင်း၊ ကပ်ချောင်းစသည့် ကျေးရွာများမှ ဖြစ်ကြောင်း၊ စားဝတ်နေရေးနှင့် နေထိုင်ရေးမှာ အထူး အခက်အခဲရှိနေကြောင်း သိရသည်။

“ တစ်ပတ်အတွင်း ဒီဒေသက ထွက်ပြေးတဲ့လူက ၅ဝဝဝ လောက်ထိ ရှိတယ်။ အနီးအနား ရွာတွေကပါ ထွက်ပြေးတဲ့လူက ဒီတစ်ပတ်အတွင်း ငါးထောင်လောက်ရှိမယ်။ ရွှေလောင်းတင်ရွာမှာ လက်နက်ကြီးထိပြီး တစ်ဦးသေတယ်။ နှစ်ယောက်ဒဏ်ရာရကတည်းက လူတွေ ရွာမှာ နေလိုစိတ်မရှိတော့ဘူး။ စစ်တွေ၊ ရသေ့တောင်နဲ့ နီးစပ်ရာကို ထွက်သွားကြတာ။ ရသေ့တောင် မြို့ပေါ်မှာ ဆိုရင် ထပ်ပြီး စစ်ဘေးရှောင်ကို လက်ခံထားမယ့် နေရာမရှိတော့ဘူး။ စစ်တွေမှာလည်း ဒီအတိုင်းဘဲ။ ဒါကြောင့် လူပေါင်း တစ်ထောင်လောက် ရေဘိတ်ဆုံမှာ စုနေကြတာဖြစ်ပါတယ်။ သူတို့ကို အလျင်အမြန် နေရာ ချပေးသွားဖို့ လိုနေပါတယ်” ဟု ပြောဆိုသည်။

စက်တင်ဘာ ၁၇ ရက်နေ့က ရွာထဲကို လက်နက်ကြီးကျည်ကျ၍ ဆန်စက်ပိုင်ရှင် တစ်ဦးပွဲချင်းပြီး သေဆုံး သွားခဲ့ပြီး သက်ကြီးနှစ်ဦးဒဏ်ရာရရှိသွားခဲ့ကြောင်း၊ ရေတပ်ဇက်သင်္ဘောမှ မေယုမြစ်အတိုင်း သွားလာတိုင်း လမ်းကြောင်းရှင်းသည့် အနေဖြင့် မြစ်ကြောင်း တစ်လျှောက် ပစ်ခတ်လေ့ရှိကြောင်း၊ မြစ်ကမ်းအနီးရှိနေသော ကျေးရွာများအနေဖြင့် မကြာခဏ ထိခိုက်မှုရှိနေသဖြင့် ရွာသားများမှာ ရွာတွင် မနေရဲကြတော့ကြောင်း ဦးခင်မောင်လတ်က ဆက်လက် ပြောဆိုသည်။

မြင်းကန်းချောင်းကျေးရွာအုပ်ချုပ်ရေးမှူးက “ အခု ကျနော်တို့က ဥဂါရွာမှာရောက်ရှိ ခိုလှုံနေကြပါတယ်။ ဒီရွာမှာလည်း လူပေါင်း နှစ်ရာ သုံးရာလောက် ရောက်ရှိနေပါတယ်။ ရေဘိတ်ဆုံရွာမှာရောက်နေတာက လူပေါင်းကိုးရာနဲ့ တစ်ထောင်ကြားလောက်ရှိပါမယ်။ အားလုံးပေါင်းရင် တစ်ထောင်ကျော်ပါတယ်။ ဒီလ ၁၇ ရက်နေ့ ပစ်ခတ်မှု ဖြစ်ကတည်းက ထွက်ပြေးလာကြတာပါ။ ဒီတစ်ရက်နှစ်ရက်အတွင်း ထပ်ပြီး ပစ်ခတ်မှုမရှိပေမယ့် ရွာသားတွေက စိုးရိမ်ထိတ်လန့်ပြီး မပြန်ရဲကြဘဲ ဖြစ်နေပါတယ်” ဟု ပြောကြားသည်။

ရသေ့တောင်မြို့နယ် အုပ်ချုပ်ရေးမှူးသို့ ဆက်သွယ်ရာ မူစဲကျွန်းတွင် ရွှေလောင်းတင်၊ မြင်းကန်းချောင်း ရွာများမှ သေနတ်ပစ်ခတ်သံများကြောင့် ထွက်ပြေးလာသူများ ရေဘိတ်ဆုံရွာသို့ ရောက်ရှိနေသည်ဟု သိရကြောင်း၊ ရောက်ရှိနေသူများ၏ စာရင်းအတိအကျကို ကျေးရွာအုပ်ချုပ်ရေးမှူးများထံမှ တောင်းခံထားကြောင်း၊ စာရင်းအတိအကျ သိရမှ ကူညီထောက်ပံ့ပေးမှုများကို လုပ်ဆောင် ပေးနိုင်မည်ဖြစ်ကြောင်း ပြောကြားသည်။

(ဓာတ်ပုံ- မေယုထွန်း)

ဆက်စပ် သတင်းများ