စနေ၊ ဧပြီလ ၂၀ရက်၊ ၂၀၂၄

ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် KBC မှ ရခိုင်စစ်ဘေးရှောင်များအတွက် ငွေကျပ်သိန်း ၅ဝလှူဒါန်း


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၇ စက်တင်ဘာ ၂၀၂၀
  • | ကြည့်ရှုသူ: 465

နိရဥ္စရာ၊ စက်တင်ဘာ၂၇/၂ဝ၂ဝ

ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် KBC မှ ရခိုင်စစ်ဘေးရှောင်များအတွက် ကျပ်သိန်း ၅ဝကို မေယုဒေသပရဟိတအဖွဲ့မှ တစ်ဆင့် လှူဒါန်းလိုက်သည်ဟု သတင်းရရှိသည်။

ရခိုင်ပြည်နယ်အတွင်းရှိ စစ်ပွဲကြောင့် နေရပ်စွန့်ခွာလာခဲ့သော ရခိုင်ပြည်သူစစ်ဘေးရှောင်ပြည်သူများအား တိုင်းရင်းသားချင်း ကိုယ်ချင်းစာနာ ထောက်ထားပြီး ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် KBC မှ ငွေ(၅ဝ)သိန်းကျပ်ကို မေယုဒေသပရဟိတအဖွဲ့မှတဆင့် လှူဒါန်းခြင်းဖြစ်ကြောင်း ကိုမေယုထွန်း ပို့စ်တွင် ရေးသားဖော်ပြသည်။

KBC မှ လှူဒါန်းထားသောငွေဖြင့် အရေးပေါ် စားနပ်ရိက္ခာများကို လိုအပ်နေသောစစ်ဘေးရှောင် စခန်းများအား ရခိုင်အခြေစိုက် ပရဟိတအဖွဲ့များနှင့်  ပူးပေါင်းပြီးမိမိတို့ မေယုဒေသပရဟိအဖွဲ့ မှ  ကူညီထောက်ပံ့ လှူဒါန်း ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် KBC ဥက္ကဌ  ဒေါက်တာ ခလမ်ဆမ်ဆွန်မှ "ရခိုင်ပြည်နယ်က ပြည်သူတွေဟာ ဆိုးရွာတဲ့ စစ်ဘေးရှောင်ဒဏ်ကို ခံစားနေရတဲ့အတွက် များစွာစိတ်မကောင်းဖြစ်မိပါ တယ်၊၊ ရခိုင်ပြည်သူတွေနဲ့အတူ ကျွန်နော်တို့ KBC  ကလည်း တသွေးတသားတည်း ရှိနေပါတယ်လို့  ပြောကြားလိုပါတယ်” ဟု ပြောဆိုသည်။

မေယုဒေသပရဟိတအဖွဲ့သည် စစ်ပြေးရှောင်အရေးကို ဆောင်ရွက်နေသည့် လူမှု အဖွဲ့အစည်း တစ်ခုဖြစ်ပြီး စက်တင်ဘာ ၂၆ ရက်နေ့ကလည်း  အမ်းမြို့နယ်-ဒါးလက်ချောင်း စစ်ဘေးရှောင်စခန်းသို့ ဆန်(၃ဝ)အိတ် အရေးပေါ်လှူဒါန်းခဲ့သည်။

မေယုဒေသပရဟိတအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးဖြစ်သည့် ကိုမေယုထွန်းသို့ ဆက်သွယ်ရာ ဖုန်းပိတ်ထားသဖြင့် ဆက်သွယ်မေးမြန်း၍ မရရှိသေးပါ။

အလားတူ ‘ဝ’ တိုင်းရင်းသားလုပ်ငန်းရှင်များအသင်းကလည်း ရခိုင်တိုင်းရင်းသားလုပ်ငန်းရှင်များမှ တဆင့် ကျပ်ငွေ ၇၅ သိန်းကို ရခိုင်စစ်ပြေးရှောင်များအတွက် လှူဒါန်းခဲ့ကြောင်း ANP မှ ရန်ကုန်တိုင်းဒေသကြီး ရခိုင်တိုင်းရင်းသား ရေးရာ လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးမြင့်ကျော်၏ ဖေစ်ဘုတ်ခ် စာမျက်နာတွင် စက်တင်ဘာ ၁၉ ရက်နေ့က ရေးသား ဖော်ပြထားသည်။


ဆက်စပ် သတင်းများ