ကြာသပတေး၊ ဧပြီလ ၂၅ရက်၊ ၂၀၂၄

မြေပုံမြို့နယ်တွင် စစ်ကိုကြောက်၍ရခိုင်နှင့်ချင်းကျေးရွာသားပေါင်း ၂ဝဝဝ ခန့် ထွက်ပြေးတိမ်းရှောင်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၂ ဇူလိုင် ၂၀၁၉
  • | ကြည့်ရှုသူ: 406

ဆောင်းဇာခြည်
နိရဥ္စရာ၊ ဇူလိုင် ၂၂/ ၂ဝ၁၉

ရခိုင်ပြည်နယ်၊ မြေပုံမြို့နယ်မှ ရခိုင်နှင့် ချင်းကျေးရွာတချို့မှ  ရွာသား ၂ဝဝဝ ခန့်သည် ရွာကို စွန့်ခွာ၍ ပို၍ လုံခြုံမူရှိသည့် နေရာများသို့ ထွက်ပြေးတိမ်းရှောင်မှုများရှိနေကြသည်ဟု သတင်းရရှိသည်။

တစ်ချို့ကျေးရွာများမှ ရွာသားများမှာ ရွာထဲတွင် စစ်သားများ ဝင်ရောက် နေရာယူထား၍ ကြောက်လန့် ထွက်ပြေးကြသလို တစ်ချို့ကျေးရွာများမှ ကျေးရွာသားများမှာ တိုက်ပွဲများ ဖြစ်လာမည်ကို ကြောက်၍ ထွက်ပြေးနေကြသည်ဟု ဒေသခံတစ်ဦးဖြစ်သူ ရူးကျေးရွာမှ လူကြီး တစ်ဦးက ပြောသည်။

အိမ်ခြေ ၈ဝဝ ခန့်ရှိသည့် ပေါက်တူးတောင်ကျေးရွာမှ မိသားစု ၃ ဦးနှင့် အတူ ကမ်းထောင်းကြီးမြို့သို့ ထွက်ပြေးတိမ်းရှောင်လာသူ မောင်ဝင်းနိုင်က “ ကျွန်တော်တို့က မပြေးလို့ အိမ်မှာနေတာ။ ရွာသားတွေအကုန်လုံး အိမ်တံခါးကို ပိတ်ပြီးထွက်ပြေးတော့ ကျွန်တော်တို့လည်း စိုးရိမ်ပြီး ဒီနေ့ဘဲ ထွက်ပြေးလာကြပါတယ်။ ရွာက ဆရာတော်တောင် တစ်ခြားကျောင်းကို ကြွသွားတယ်ဆိုတော့ ကျွန်တော်တို့လည်း နေလို့ မရတော့ဘူးလေ” ဟု ပြောကြားသည်။

ဇူလိူင် ၁၉ ရက်နေ့က ရေတပ်သင်္ဘောများ တိုက်ခိုက်ခံရပြီးနောက် တစ်ရက်အကြာ ဇူလှိုင် ၂ဝ ရက်နေ့က တပ်မတော် စစ်ကြောင်းတစ်ခုသည် ပေါက်တူးတောင်ကျေးရွာသို့ ရောက်ရှိလာပြီး ဘုန်းတော်ကြီးကျောင်းနှင့် မူလွန်ကျောင်း အပါအဝင် အနီးအနားရှိ တောင်တန်းတွင် စခန်းချနေသဖြင့် ရွာသားများအနေဖြင့် တိုက်ပွဲများ ဖြစ်ပွားလာမည်ကို ကြောက်၍ ထွက်ပြေးကြသည်ဟု ၎င်းက ပြောသည်။

ထွက်ပြေးကြသည့် ကျေးရွာများထဲတွင် ပေါက်တူးတောင်ကျေးရွာ တစ်ရွာတည်း မဟုတ်ဘဲ စက်ခွေကျေးရွာ၊ ရေခေါင်းချိန်၊ ဒုက္ကံ၊ သရွေး၊ မဲသံကြိုး၊ ကျေးတောနှင့် ငန်းတောင်ကျေးရွာတို့မှ ဖြစ်ကြသည်ဟု သိရသည်။

၎င်း ရွာသူ ရွာသားခန့်မှန်းခြေ ၂ဝဝဝ ခန့် ရှိနိုင်ပြီး တစ်ချို့စစ်ဘေးရှောင်များမှာ ကျောက်ဖြူမြို့ပေါ်သို့လည်းကောင်း၊  တစ်ချို့ ကျေးရွာသားများမှာ မြေပုံမြို့နယ် သရက်တောင်ကျေးရွာနှင့် ကမ်းထောင်းကြီးမြို့များသို့လည်း ကောင်း ထွက်ပြေးတိမ်းရှောင်နေကြပြီး ကမ်းထောင်းကြီး တစ်ခုတည်းတွင် စစ်ဘေးရှောင် ၁ဝဝဝ ကျော်ခန့်ရှိသည်ဟု ဆိုသည်။

ကမ်းထောင်းကြီးမြို့မှ ဒေသခံဦးမောင်အေးသာက “အများစုက စစ်တပ်တွေ ရွာထဲကို ရောက်လာတော့ တိုက်ပွဲဖြစ်မှာကို စိုးရိမ်လို့ ထွက်ပြေးလာကြတာပါ။ ကျွန်တော်တို့ ကမ်းထောင်းကြီးမှာဆိုရင် လူပေါင်း  ၁ဝဝဝကျော်တောင် ရောက်နေတယ်။ ဆိုတော့ ဘယ်ရွာက ဘယ်နှစ်ယောက်လဲ အတိကျစာရင်း မကောက်ရသေးပါဘူး။ လူဦးရေက တဖြည်းဖြည်းတိုးလာတော့ စားဝတ်နေရေးက အခက်ခဲရှိတယ်” ဟု နိရဥ္စရာသတင်းဌာနသို့  ပြောသည်။

လက်ရှိတွင် ကမ်းထောင်းကြီးမြို့နှင့် သရက်တောင်ကျေးရွာတို့တွင် ထွက်ပြေးတိမ်းရှောင်သူများမှာ ဘုန်းကြီးကျောင်းများတွင် ယာယီခိုလှုံနေကြရပြီး လူဦးရေလည်း တိုးလာသောကြောင့် စားဝတ်နေရေး အခက်ခဲဖြစ်နေကြောင်း ၎င်းက ပြောဆိုသည်။

သရက်တောင်ကျေးရွာသို့ ပေါက်တူးတောင်ကျေးရွာမှ လူဦးရေ ၃၄ဝ ကျော်၊ စက်ခွေကျေးရွာမှ ၁၆ဝ ခန့် စုစုပေါင်း လူဦးရေ ၅ဝဝ ခန့် ထွက်ပြေးတိမ်းရှောင်လာကြသည်ဟု ပြောဆိုသည်။

“ရွာအနားက တောင်တန်းပေါ်မှာ စစ်တပ်က စခန်းချနေကြတယ်။ နောက်ပြီး အဲဒီစခန်းက ရွာဘက်ကို လက်နက် အမြှောက်အဝတစ်ခု လှည့်ထားပါတယ်။ ပင်လယ်ဘက်ကိုလည်းတစ်ခု လှည့်ထားပါတယ်။ အဲဒါကြောင့် ရွာကလူတွေက ကြောက်လန့်ပြီး ကြိုတင် ရှောင်ရှားနေကြတာပါ။ အရင်ကလည်း ကျောက်တန်းရွာတို့ လက္ကာရွာတို့မှာ ဖြစ်တာတွေကြားပြီး ရွာကလူတွေက ကြောက်နေကြပြီလေ”ဟု ပေါက်တူးတောင်ရွာသား တစ်ဦးက ပြောသည်။

မြေပုံမြို့နယ်မှ ဒုက္ကံကျေးရွာ၊ သရွေးကျေးရွာ၊ မဲသံကြိုးကျေးရွာတို့မှာ ချင်းတိုင်းရင်းသား ကျေးရွာများ ဖြစ်ကြပြီး ၎င်းတို့မှာ ကျောက်ဖြူမြို့နှင့် အမ်းမြို့နယ်၊ သာစည်အုပ်စု၊ မဝှန့် ချင်းရွာသို့ ထွက်ပြေးတိမ်းရှောင်သွားကြောင်း သိရသည်။

“ ဒုက္ကံကျေးရွာက ချင်းတိုင်းရင်းသားရွာပါ။ လူဦးရေ ၁ဝဝဝ လောက်ရှိပါတယ်။ အခု အဲဒီရွာက ၂၉၈ ယောက် ကျောက်ဖြူကိုရောက်တယ်လို့ ကြားရပါတယ်။ အမ်းမြို့နယ် မဝှမ့်ကို ၈ဝ ကျော်၊ မဝှမ့်သရွေးကိုလည်း ရောက်သွားတယ်လို့ သိရပါတယ်။ နှစ်ရွာပေါင်းရင်တော့ စာရေးမပြောတာက ၁ဝဝ ကျော်လောက် တော့ ရောက်နေတယ်လို့ ပြောပါတယ်။ အမ်းမြို့ပေါ်ကိုလည်း ၂ဝ လောက်ရောက်သွားတယ်လို့ သိရပါတယ်။ ရူးမှာတော့ စစ်ဘေးရှောင် တစ်ယောက်မှ မရှိတော့ပါ ” ဟု အမ်းမြို့နယ် ရူးအုပ်ချုပ်ရေးမှူး ဦးမောင်မြင့်သိန်းက ပြောသည်။

ရူးကျေးရွာတွင်လည်း စစ်တပ်ရောက်နေပြီး ကျေးရွာအတွင်း အိမ်ခြေ၊ လူဦးရေ၊ အိမ်ထောင်စုစာရင်း၊ ငါးဖမ်းစက်လှေ စာရင်းနှင့် ကားစီးရေ စာရင်းတို့ကို တောင်းခံရုံမှ အပ ကျေးရွာသားများကို တစ်စုံတစ်ရာ အနှောင့်အယှက် ပြုလုပ်ခြင်း မရှိဟု ဆိုသည်။

လက်ရှိတွင် ဖြစ်ပေါ်နေသော အခြေအနေများကြောင့် ပေါက်တူးတောင်ကျေးရွာ အထက၊ မူလွန်ကျောင်း နှင့် စက်ခွေကျေးရွာတို့မှ စာသင်ကျောင်းများမှာလည်း ပိတ်ထားရကြောင်း ပေါက်တူးတောင်ကျေးရွာမှ မူလတန်း ကျောင်းအုပ်ဆရာမ ဒေါ်အေးအေးနွယ်က ပြောသည်။

"ရွာမှာက လူမရှိတော့ဘူး။ ဒီမှာက အထက်တန်းကျောင်းလည်းရှိပါတယ်။ စက်ခွေရွာမှာဆိုလည်း လူတွေ မရှိတော့ဘူး။   ကျောင်းတက်မယ့် ကလေးတွေ မရှိတော့ ကျောင်းကို ပိတ်ထားရတာပါ" ဟု ဒေါ်အေးအေးနွယ်က ပြောသည်။

ရေတပ်သင်္ဘောအား တိုက်ခိုက်ခဲ့သည့် နေရာနှင့် အနီးဆုံးတွင် တည်ရှိသည့် ရေကောင်းရှိန်ကျေးရွာသို့လည်း စစ်ကြောင်း တစ်ခု ရောက်ရှိလာပြီး ယနေ့ ရွာမှ ပြန်လည် ထွက်ခွာသွားပြီဟု ရွာသားတစ်ဦးက ပြောသည်။

“ သူတို့က ရွာသားတွေကို ဖမ်းဆီးမေးမြန်းတာမျိုးတော့ မရှိပါဘူး။ ဒါပေမယ့် အေအေရောက်လား၊ ရွာထဲဝင်လား စတာတွေကိုတော့ ရွာသားတွေကို မေးပါတယ်။ ရွာသားတွေကတော့ သူတို့မသိဘူးလို့ ဖြေကြတယ်။ ရွာကို ရောက်တာလည်း မရှိဘူးလို့ ဖြေကြပါတယ်”ဟု ၎င်းက ပြောဆိုသည်။

မြေပုံမြို့နယ် ပေါက်တူးတောင်ကျော်မော်အနီးတွင် ဇူလိုင်လ ၁၉ ရက်နေ့၌ ရေတပ်သင်္ဘောနှစ်စီးနှင့် AAတို့ တိုက်ပွဲဖြစ်ပွားခဲ့မှုကြောင့် ဒေသခံများသည် ယခုကဲ့သို့ စိုးရိမ်ကြောက်လန့်နေကြရခြင်းဖြစ်ကြောင်း သိရသည်။


( ဓာတ်ပုံ- ကမ်းထောင်းကြီးမြို့အလွမ်းပြေpage)

ဆက်စပ် သတင်းများ