ကြာသပတေး၊ မတ်လ ၂၈ရက်၊ ၂၀၂၄

ရန်အောင်ပြင်ရွာသားများကို စစ်ဆေးပြီးပြန်လွှတ်လိုက်သော်လည်း လူငယ်တစ်ဦး၏ မိခင်နှင့် ဇနီးဖြစ်သူများကို စစ်တပ်က ဆက်လက်စစ်ဆေးနေဟုဆို


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၃ ဇူလိုင် ၂၀၁၉
  • | ကြည့်ရှုသူ: 1.6k

နိရဥ္စရာ၊ ဇူလိူင် ၂၃/၂၁ဝ၉

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ မယူကမ်း ရန်အောင်ပြင်ရွာမှ ရွာသားများကို စစ်တပ်က ဓမ္မာရုံတွင်စုခိုင်းကာ အိမ်ထောင်စုစာရင်းများကို စစ်ပြီးနောက် နေ့လယ် ၁၂ နာရီခန့်က ပြန်လွတ်ပေးလိုက်သော်လည်း ကိုမောင်ထွန်းစိုး၏ မိခင်နှင့် ဇနီးဖြစ်သူတို့အား ဆက်လက် စစ်ဆေးနေသည်ဟု ရွာသားများက ပြောကြားသည်။


“ ရွာသားတွေအားလုံးကို မနက် ၉ နာရီက ဓမ္မာရုံမှာ ခေါ်ယူ စုခိုင်းပြီး စစ်ဆေးပါတယ်။  နေ့လယ် ၁၂ နာရီက ပြန်လွတ်လိုက်ပါတယ်။ ဒါပေမယ့် ကိုမောင်ထွန်းစိုးရဲ့မိခင်နဲ့ဇနီးတို့ကို စစ်ဆေးနေသေးတယ်လို့ ပြောပါတယ်။ ဘာကြောင့်ဆိုတာတော့ ကျွန်တော်တို့လည်း မသိပါဘူး” ဟု ရွာ သား တစ်ဦးက ပြောကြားသည်။

ယနေ့ နံနက်က စစ်ကြောင်း တစ်ခုသည် ရန်အောင်ပြင်ရွာသို့ ရောက်ရှိလာပြီး ရွာသားများကို ဓမ္မာရုံတွင် စုခိုင်းက စစ်ဆေးမေးမြန်းမှုများပြုလုပ်ခဲ့သည်ဟု သိရသည်။

“ စစ်တပ်က ၆ နာရီကျော်လောက်ကတည်းက ရောက်နေတယ်ထင်ပါတယ်။ ရွာသားတွေကို ဓမ္မာရုံမှာ စုခိုင်းတာက နံနက် ၈ နာရီခွဲ၊ ၉နာရီလောက်မှာ ဖြစ်ပါတယ်။ တစ်ယောက်မှ ရွာထဲမှာနေလို့ မရဘူး။ ဓမ္မာရုံကို အကုန်လုံး သွားကြရပါတယ်” ဟု ကျေးရွာသား တစ်ဦးက ပြောသည်။

ယခုစစ်ဆေးမှုသည် ဇူလိူင် ၂ဝ ရက်နေ့ နံနက်က မေယူမြစ်အတွင်း ကျောက်ချရပ်ထားသည့် ရေတပ် သင်္ဘော ၃ စီး အား AA မှ ရှော့တိုက်ဒုံးဖြင့် တိုက်ခိုက်ခံရပြီးနောက်ပိုင်း မယူကမ်းမှ ကျေးရွာ တစ်ရွာကို ပထမဆုံးအကြိမ် ဝင်ရောက်စစ်ဆေးခြင်း ဖြစ်သည်။

စစ်ဆေးခံရသူများမှာ ရန်အောင်ပြင်ရွာတွင် ပြာပင်ရင်းရွာမှ ခိုလှုံရန် ရောက်ရှိနေသူ ၁ဝဝ ကျော်နှင့် လုံးတင်ရွာမှ ၁ဝဝ ကျော်ရှိကြောင်း၊ ရွာသားများနှင့် ပေါင်းလျှင် စုစုပေါင်း လူဦး ၆ဝဝ ကျော်တို့ ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

စစ်ကြောင်း ဝင်ရောက်လာသဖြင့် ကြောက်လှန့်၍ တစ်ခြားရွာသို့ ထွက်ပြေးလာသူ ရန်အောင်ပြင် ကျေးရွာသား  တစ်ဦးက “ ကျွန်တော်တို့က အခု ရွာပြင်ကိုရောက်နေပါတယ်။ အိမ်ထောင်စု စာရင်း စစ်နေတာလောက်ဘဲ သိရပါတယ်။ ဖမ်းတာဆီးတာတို့၊ အိမ်တွေကို တက်ရောက်ရှာဖွေတာမျိုးတော့ မရှိဘူးလို့ သိရပါတယ် ”ဟု ပြောကြားသည်။

ရွာထဲမှ ယေင်္ာကျားများမှာ စစ်တပ် ရွာကိုရောက်လာကတည်းက ထွက်ပြေးသွားကြသဖြင့် ယခု စစ်ဆေးခံရရာတွင် အမျိုးသမီးများ၊ ကလေးငယ်များနှင့် သက်ကြီးရွယ်အိုများသာ ဖြစ်ကြဟု ဆိုသည်။

ရသေ့တောင်မြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဦးသန်းနိုင်သို့ ဆက်သွယ်ရာ ရန်အောင်ပြင်ရွာတွင် ရွာသားများကို စစ်တပ်က အိမ်ထောင်စု စာရင်း စစ်ဆေးခဲ့သည်မှာ မှန်ကန်ကြောင်း၊ သို့သော်လည်း ရွာသားများကို ပြန်လွှတ်လိုက်ပြီ ဖြစ်ကြောင်း ပြောကြားသည်။

(ဓာတ်ပုံ- ရန်အောင်ပြင် ဓမ္မာရုံ)

ဆက်စပ် သတင်းများ