သောကြာ၊ မတ်လ ၂၉ရက်၊ ၂၀၂၄

မင်းပြား မြင်းကဆိပ်ကျေးရွာမှ မျှစ်ချိုးသွားသည့် အမျိုးသမီး ၈ ဦးနှင့် အမျိုးသား ၄ ဦးကို စစ်တပ်က ထိန်းသိမ်းထား၍ မိသားစုများစိုးရိမ်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၇ ဇူလိုင် ၂၀၁၉
  • | ကြည့်ရှုသူ: 7.1k

ခိုင်လူလှ (ရိုးမမြေ)

နိရဥ္စရာ၊ ဇူလိူင် ၂၇/ ၂ဝ၁၉

ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်၊ မြင်းကဆိပ်ကျေးရွာမှ မျှစ်ချိုးသွားသည့် အမျိုးသမီး ၈ ဦးနှင့် အမျိုးသား ၄ ဦးတို့ကို စစ်တပ်က ထိန်းသိမ်းထား၍ မိသားစုများ စိုးရိမ်နေကြကြောင်း နိရဥ္စရာ သတင်းဌာနသို့ ပြောဆိုသည်။

ကျေးရွာသား တစ်ဦးဖြစ်သူ ဦးအောင်ဘက “ သူတို့က ဒီနေ့ မနက်က ရွာကနေ တောင်ကြီးကို မျှစ်ချိုးဖို့သွားကြတာပါ။ အဲဒါမှာ စစ်ကြောင်းနဲ့ တိုးပြီး သူတို့ကို ထိန်းသိမ်းထားတယ်လို့ ပြောပါတယ်။ အဲဒီထဲက မိန်းခလေး တစ်ယောက်ကနေ ကျေးရွာအုပ်ချုပ်ရေးမှူးဆီကို ဖုန်းပြီး အကြောင်း ကြားလာတဲ့ အတွက် သိရတာပါ။ အခု နောက်ပိုင်းတော့ အဆက်အသွယ်မရတော့ပါဘူး” ဟု ပြောကြားသည်။

ထိန်းသိမ်းခံထားရသည့် အမျိုးသမီး ၈ ဦးမှာ မဦးဝင်းစော၊ မရီသန်းမေ၊ မလုံး၊ မညွှန့်တင်၊ မမိုးညွှန့်တင်၊ မကြည်ကြည်၊ မရီသန်းမေ၊ မလှသန်းတို့ဖြစ်ကြပြီး အမျိုးသား ၄ ဦးမှာ မောင်သန်းနွဲ့၊ မျိုးနိုင်ထွန်း၊ အသန်းနှင့် ပေါက်စိတ်ကေတို့ ဖြစ်ကြကြောင်း ၎င်းက ပြောကြားသည်။

“ အခု သူတို့ မျှစ်ချိုးသွားတာက  တောင်ကြီးကို သွားကြတာပါ။ ကုလားမတောင် မဟုတ်ပါဘူး။ ချောင်းလည်း ခြားပါတယ်။ ဟိုဘက် ဒီဘက်ပါ။ သူတို့ သွားတဲအချိန် တိုက်ပွဲလည်း မဖြစ်သေးပါ။ သူတို့တောင်ကြီးကိုရောက်မှ တိုက်ပွဲ ဖြစ်တာပါ။ သူတို့က ဆင်းရဲတော့ မျှစ်ချိုးပြီး ရောင်းဖို့ သွားကြတာပါ။ တိုက်ပွဲဖြစ်မယ်လို့ဆိုတာလည်း သူတို့ မသိတဲ့ အတွက် သွားကြတာပါ” ဟု ပြောကြားသည်။

ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမောင်နုကိုဆက်သွယ်ရာ ၎င်းက “ ကျွန်တော်ရွာ မျှစ်ချိုးဖို့ သွားကြတဲ့သူတွေပါ။ စစ်တပ်နဲ့ ရွာရဲ့ အရှေ့ဘက် ငတက်ကေ တောင်ကုန်းမှာတိုးတယ်လို့ ပြောပါတယ်။ အဲဒီမှာ စစ်တပ်က ခေါ်ထားတယ်လို့ ပြောတယ်။ အထဲမှာပါတဲ့ မဦးဝင်းစောက ကျွန်တော်ရဲ့ ဖုန်းနံပတ်ကို ဆက်ပြီး စစ်တပ်က ဗိုလ်ကြီးဖုန်းနံပတ်ကို ပေးတယ်။ ကျွန်တော်က  စစ်တပ်ကို ဖုန်းခေါ်ပါတယ်။ ဖုန်းရတော့ တပ်က ရွာက လူတွေဟုတ် မဟုတ်ကို မေးပါတယ်။ ကျွန်တော်က ဟုတ်မှန်ပါတယ်။ သူတို့က ဆင်းရဲလို့ မျှစ်သွားချိုးကြတယ်ဆိုတာကို ပြောပြပါတယ်။ သူတို့ကို လွှတ်ပေးဖို့ မေတ္တာရပ်ခံပါတယ်လို့ ပြောပါတယ်။ အဲဒီအချိန်မှာ ကုလားမတောင်နားမှာ တိုက်ပွဲဖြစ်နေတယ်။ ကျွန်တော်တို့ ရွာနဲ့ဆို တိုက်ပွဲ ဖြစ်တဲ့နေရာက တစ်မိုင်လောက်ဝေးတယ်။ သူတို့က အခုတိုက်ပွဲ ဖြစ်နေတဲ့ အချိန်မှာ လွှတ်ပေးလို့မရ။ တိုက်ပွဲပြီးရင်တော့ လွှတ်ပေးလိုက်မယ်လို့ ပြောပါတယ်။ ဒါပေမယ့် ညနေထိ မလွှတ်သေးတော့ မိသားစုတွေက စိုးရိမ်တာနဲ့ ညနေ ၃ နာရီကျော်လောက်မှာ နောက်ထပ် တစ်ကြိမ် ဖုန်းဆက်တော့ တပ်ကနေ ပြန်ပြောတာက စျေးဝယ်ဖို့ သွားကြတယ်။ ရောက်ရင် ပြန်လွှတ်ပေးလိုက်မယ်လို့တော့ ပြောပါတယ်” ဟု ပြောဆိုသည်။

အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး ဝင်းဇော်ဦးအားဆက်သွယ်ရာ သူက “ တိုက်ပွဲဖြစ်တဲ့ နေရာမှာတွေ့လို့ ခေါ်ကောင်း ခေါ်ထားနိုင်ပါတယ်။ အချိန်ကြာကြီး ခေါ်ထားဖို့တော့ အကြောင်း မရှိဘူး။ သူတို့ကို ခေါ်သွားလို့လည်း မရဘူး။ ခေါ်လည်း မခေါ်ဘူး။ ခေါ်ထားရင် ဝန်ထုပ်ဝန်ပိုးဖြစ်တယ်။ ပစ္စည်းထမ်းခိုင်းလို့လည်း မရဘူး။ အခု သူတို့ကို လွှတ်လိုက်ပြီး ကြောက်ပြီး ထွက်ပြေးသွားလို့ ရွာကိုမရောက်တာဘဲ ဖြစ်မှာပါ” ဟု ပြောဆိုသည်။

ယခု ည ၅ နာရီအချိန်ထိ ပြန်မရောက်သေးသဖြင့် မိသားစုများက စိုးရိမ်နေကြသည်ဟု ပြောသည်။

ဆက်စပ် သတင်းများ