သောကြာ၊ မတ်လ ၂၉ရက်၊ ၂၀၂၄

မြေပုံမြို့နယ်တွင် ရွာသား ၅ ဦးကို စစ်တပ်မှ ဖမ်းခေါ်သွား၍ မိသားစုများစိုးရိမ်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၁ နိုဝင်ဘာ ၂၀၁၉
  • | ကြည့်ရှုသူ: 9.5k

ခိုင်လူလှ (ရိုးမမြေ)
နိရဥ္စရာ၊ နိုဝင်ဘာ ၁၁/၂ဝ၁၉

ရခိုင်ပြည်နယ်၊ မြေပုံမြို့နယ်၊ ယောချောင်း ရွာသာယာရွာမှ ရွာသား ၅ ဦးကို စစ်တပ်က ဖမ်းခေါ်သွားသဖြင့် မိသားစုများအနေဖြင့် အထူးစိုးရိမ်နေကြသည်ဟု သတင်းရရှိသည်။

ဖမ်းဆီးခေါ်ဆောင်ခံရသူများမှာ မောင်သန်းမြင့် (၃၅) နှစ်၊ မောင်တင်မြင့် (၄၃)နှစ်၊ ခင်မောင်လေး (၄၅) နှစ်၊ တင်မောင်ညွှန့် (၃၃)နှစ်နှင့် မောင်သန်းမြင့် (၃၂) နှစ်တို့ ဖြစ်ကြောင်း ကျေးရွာလူကြီး တစ်ဦးက ပြောသည်။

“ သူတို့ကို ရွာနောက်ဘက်က ချိုင်ထဲကို တပ်က ခေါ်သွားပါတယ်။ ဘာကြောင့်ခေါ်တယ်ဆိုတာ မသိဘူး။ တစ်ရွာလုံးက စိုးရိမ်နေကြပါတယ်။ ရွာထဲနဲ့ ရွာပြင်ကိုလည်း သွားလာခွင့်ပိတ်ထားပါတယ်” ဟု ဆွေမျိုးတော်စပ်သူ တစ်ဦးက ပြောသည်။

 ရွာသာယာရွာမှ မနေ့က ညနေက ရွာသား ၃ ဦး၊ ယနေ့ နံနက်က ၂ ဦး၊ စုစုပေါင်း ၅ ဦး အဖမ်းခံရပြီး ထိုအထဲမှ မနေ့က အဖမ်းခံရသူ မောင်သန်းမြင့် (၃၂)နှစ်မှာ ပြန်လွှတ်လာပြီး မျက်နာမှာ ယောင်ကိုင်းနေပြီး ခန္ဓာကိုယ်မှာလည်း ဒဏ်ရာများရရှိခဲ့ကြောင်း ၎င်းက ပြောကြားသည်။

ရွာသာယာကျေးရွာတွင် တပ်မတော်စစ်ကြောင်း တစ်ခု ရောက်ရှိနေပြီး ယမန်နေ့က ၎င်းစစ်ကြောင်းမှ ပစ်ခတ်၍ ဝက်ရူးရွာမှ ကိုယ်ဝန်ဆောင်အမျိုးသမီး တစ်ဦးသေဆုံးခဲ့ရသည်။ ၎င်းရွာတွင် အိမ်ခြေ ၅ဝဝ ကျော်ရှိကြောင်း သိရသည်။  

တစ်ခြား ရွာလူကြီးတစ်ဦးက “ ကျွန်တော်တို့ရွာမှာ အသွားအလာပိတ်ထားပါတယ်။ ရွာမှာ စစ်ဆေးမှုတွေနဲ့ ဖမ်းဆီးမှုတွေလည်း ရှိနေပါတယ်။ ဟို ရသေ့တောင်မြို့နယ် ကျောက်တန်းရွာလို ဖြစ်မှာကို စိုးရိမ်နေကြရပါတယ်။ ရွာဝင်ရွာထွက်ကို ပိတ်ထားတော့ စားရေးသောက်ရေး၊ ငါးဟင်းအရောင်းအချက အစ အခက်အခဲရှိနေပါတယ်” ဟု ပြောကြားသည်။

မြေပုံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖေသန်းက ရွာသား ၄ ဦးဖမ်းဆီးခံရခြင်းကို အတည်ပြုပြောကြားသည်။

“ မနေ့က ၅ ဦးဖမ်းတယ်။ သုံးဦးကို ပြန်လွှတ်တယ်။ ကျန်နေခဲ့တာက မောင်သန်းမြင့်ရယ်၊ တင်မောင်ညွှန့်ရယ်။ ဒီနေ့ နှစ်ယောက်ထပ်ဖမ်းတယ်လို့ သိရပါတယ်။ ခင်မောင်လေးနဲ့ မောင်တင်မြင့်လို့ သိရပါတယ်။ စစ်ဆင်ရေး နယ်မြေ ဖြစ်နေတော့ AA နဲ့ဆက်စပ်သံသယနဲ့ ဖမ်းတယ်လို့ သိရပါတယ်။ ဒီကိစ္စတွေကိုတော့ ပြည်နယ် နယ်လုံဝန်ကြီးတို့ကို ဆက်သွယ်ပြီး အကြောင်းကြားပါတယ်။ ထိန်းထိန်းသိမ်းသိမ်းလုပ်ဖို့ပေါ့နော်။ စစ်ဆင်ရေး နယ်မြေ ဖြစ်နေတော့ ကျွန်တော်တို့ဘက်ကတော့ ဘာမှ ဝင်ပြောလို့ မရတော့ မီဒီယာတွေက တစ်ဆင့်ဘဲ ပြောဆိုပြီး လုပ်နိုင်တာတွေကို လုပ်ပေးနေပါတယ်” ဟု ဦးဖေသန်းကပြောသည်။

အနောက်ပို်င်းတိုင်း စစ်ဌာချုပ် ပြောရေးဆိုခွင့်ရှိသူ စစ်ဦးစီးပထမတန်း ဗိုလ်မှူးကြီး ဝင်းဇော်ဦးအား ဆက်သွယ်ရာ ဖုန်းစက်ပိတ်ထားသဖြင့် မေးမြန်းတင်ပြနိုင်ခြင်း မရှိသေးပါ။

၎င်းရွာသာယာကျေးရွာမှ ဦးမောင်တင်မြင့်၏သား မောင်ဆန်းမောင် (၁၉) နှစ်လည်း ယခုလ ၄ ရက်နေ့က တပ်မတော် စစ်ကြောင်း တစ်ခု ဖမ်းဆီးခြင်းကို ခံခဲ့ရပြီး ၎င်းရွာသာယာကျေးရွာမှ ညီအစ်ကိုနှစ်ဦးဖြစ်ကြသည့် ကိုမောင်ဝင်းဋ္ဌေး (၂၈) နှစ်နှင့် ညီဖြစ်သူ ကိုမောင်ဋ္ဌေးဝင်းတို့လည်း အောက်တိုဘာ ၈ ရက်နေ့ကတည်းက ပျောက်ဆုံးနေကြောင်း မိသားစုများက ပြောကြားသည်။

-----------------------

Unicode:


နိရဉ်စရာ၊ နိုဝငျဘာ ၁၁/၂ဝ၁၉











ဆက်စပ် သတင်းများ