စနေ၊ ဧပြီလ ၂၀ရက်၊ ၂၀၂၄

ဖမ်းဆီးခံ မီးဝကျေးရွာအုပ်ချုပ်ရေးမှူးသားပျောက်ဆုံးနေ၍ မိသားစုဝင်များစိုးရိမ်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၂ နိုဝင်ဘာ ၂၀၁၉
  • | ကြည့်ရှုသူ: 958

သိန်းဇော်(မောင်တော)
စစ်တွေ၊ နိုဝင်ဘာ ၁၂/၂ဝ၁၉

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ မီးဝကျေးရွာမှ အုပ်ချုပ်ရေးမှူး၏သားဖြစ်သူအား နိုဝင်ဘာ ၉ ရက်နေ့ကတည်းက စစ်တပ်က ဖမ်းဆီးခေါ်ဆောင်သွားပြီး ယခုအချိန်ထိပြန်မလွတ်ပေးသဖြင့်  မိသားစုဝင်များ အနေဖြင့် အထူး စိုးရိမ်ပူပင်နေကြရကြောင်း သတင်းရရှိသည်။

ကျောက်တော်မြို့နယ်၊ မီးဝကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမောင်ကျော်ညွန့်၏သားဖြစ်သူ  ဦးကျော်တင်(၄၄)နှစ်အား စစ်ကြောင်းတစ်ခုမှ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ တုံးမဝကျးရွာအနီးတွင် ယခုလ ၉ ရက်နေ့က ဖမ်းဆီး ခေါ်ဆောင်သွားကြောင်း ဖခင်ဖြစ်သူ မီးဝကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမောင်ကျော်ညွန့်က ပြောသည်။

 “အခုထိပြန်မရောက်သေးဘူး။ မရောက်သေးလို့ ဒီနေ့ အခု ပလက်ဝမြို့မှာရှိတဲ့ ခလရ ၂၈၉ ကို စက်လှေနဲ့ သွားနေတယ်။ တပ်ရင်း ၂၈၉ မှာရှိတယ်လို့လည်း မသိရသေးပါ။ တချို့တွေက ၂၈၉ ကိုရောက်သွားတယ်လို့လည်း ပြောတယ်။ ဘယ်လိုလည်းမသိဘူး။ သတ်ပစ်ပြီးလားမသိဘူး” ဟု မီးဝကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမောင်ကျော်ညွန့်က နိရဥ္စရာ သတင်းဌာနသို့ ပြောသည်။

မီးဝ ကျေးရွာ အုပ်ချုပ်ရေးမှူးသားဖြစ်သူ ဦးကျော်တင်သည် နိုဝင်ဘာလ ၉ရက်နေ့ နံနက် ၉နာရီခန့်က ကုလားတန်မြစ် အနောက်ကမ်း တုံးမဝကျေးရွာအနီး ပုဇွန်မျှားနေစဉ် ၎င်းအနီးတွင်  ဗုံး ၃ လုံးပေါက်ကွဲခဲ့ကြောင်း၊ ကြောက်လန့်ပြီး မြစ်ထဲဆင်းနေစဉ် တုံးမဝ ရွာအနီးရှိတောင်ပေါ်မှ စစ်သား ၂ ဦး ဆင်းလာပြီး ဦးကျော်တင်ကို ခေါ်ဆောင်သွားကြောင်း၊ ၎င်းနေ့မှ စ၍ သားဖြစ်သူမှာ ပျောက်ဆုံးနေကြောင်း ဖခင်ဖြစ်သူ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးမောင်ကျော်ညွှန့်က ပြောကြားသည်။

“သူက တုံးမဝနားရွာအနီးက တုံးခိုထောင့် ဆိုတဲ့ နေရာမှာ လောင်းနဲ့ ပုဇွန်မျှားနေတာပါ။ အဲဒီအနားမှာ မိုင်းသုံးလုံး ပေါက်တော့ သူ့ဆီကိုလာထိမှာ စိုးလို့ ရေထဲခုန်ချတယ်။ ရေထဲခုန်ချပြီး ရေကူးနေတဲ့ အချိန်မှာ အပေါ်က စစ်တပ်က ဆင်းလာပြီး လောင်းကိုပါယူခဲ့လို့ခေါ်ပြီး ဖမ်းသွားတာပါ” ဟု ပြောသည်။

၎င်းအပြင် တုံးမဝကျေးရွာမှ စိတ်မနှံ့သူ ခမီလူမျိုး တစ်ဦးလည်း ဖမ်းဆီးခေါ်ဆောင်၍ ပါသွားကြောင်း၊ ထိုစိတ်မနှံ့သူ ခမီလူမျိုးမှာ စစ်တပ်အင်္ကျီဝတ်ဆင်ထားကြောင်း၊ ဗုံးပေါက်ကွဲမှုနှင့် ပတ်သက်၍ မသင်္ကာ၍ ဖမ်းဆီး ခေါ်ဆောင်သွားသည်ဟု ယူဆရကြောင်း၊ သက်ဆိုင်ရာ ဗိုလ်ကြီးသို့ ဖုန်းဆက်ရာတွင်လည်း ဖုန်းစက်ပိတ်ထားကြောင်း၊ တောထဲသို့လည်း ဝင်ရောက် မရှာဝံ့သဖြင့် အခက်တွေ့နေကြောင်း  ဦးမောင်ကျော်ညွန့်ကဆက်ပြောသည်။

ထိုကိစ္စနှင့်ပတ်သက်ပြီး မေးမြန်းတင်ပြရန် တုံးမဝ ကျေးရွာအုပ်ချုပ်ရေးမှူး သို့ နိရဥ္စရာ သတင်းဌာနမှ ယနေ့နေ့လယ်က ဖုန်းဖြင့် ဆက်သွယ်ခဲ့ရာ ဖုန်းစက်ပိတ်ထားပါသဖြင့် ဆက်သွယ်မှုမရှိခဲ့ပါ။

ပလက်ဝမြို့နယ် တုံးမဝကျေးနားတွင် နိုဝင်ဘာ ၅ ရက်နေ့က တိုက်ပွဲ နှစ်ကြိမ်ဖြစ်ပွားခဲ့ပြီး မနက်ပိုင်း တိုက်ပွဲတွင် တပ်မတော်မှ ရဟတ်ယာဉ် နှစ်စီးဖြင့် တိုက်ခိုက်ခဲ့သည်ဟု ကျေးရွာသားများက ပြောကြားသည်။

-----------------------

Unicode:












ဆက်စပ် သတင်းများ