ကြာသပတေး၊ ဧပြီလ ၁၈ရက်၊ ၂၀၂၄

ရွာထဲလက်နက်ကြီးကျည်ကျ၍ ကျောက်တော်မြို့နယ်မှ မုန့်သန်းပြင်နှင့် ပြိုင်တိုင်းကျေးရွာတို့တွင် နေအိမ်များမီးလောင်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၉ မတ် ၂၀၂၀
  • | ကြည့်ရှုသူ: 6.7k

သန့်မြတ်ခိုင်
စစ်တွေ၊ မတ် ၉/၂ဝ၂ဝ

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ် မုန့်သန်းပြင်နှင့် ပြိုင်းတိုင်းကျေးရွာထဲသို့ လက်နက်ကြီး ကျည်များ ကျရောက်ပေါက်ကွဲမှုများရှိသဖြင့် နေအိမ်များ မီးလောင်မှုများရှိနေကြောင်း သတင်းရရှိသည်။

မတ်လ ၈ ရက်နေ့က အိမ် ၅ လုံး မီးလောင်ခဲ့ပြီး ယနေ့ မတ်လ ၉ ရက်နေ့တွင်လည်း ရဟတ်ယာဉ်ပေါ်မှ ပစ်ခတ်လိုက်သော လက်နက်ကြီးကျည်များ ကျရောက်ပေါက်ကွဲသဖြင့် အိမ် လေးငါးဆောင်ခန့် မီးလောင်နေသည်ဟု ကျေးရွာလူကြီး တစ်ဦးက ပြောကြားသည်။

“ ဒီကနေ့ မနက်မှာလည်း အိမ်တွေ မီးလောင်နေပါတယ်။ မီးခိုးတွေ တစ်လိပ်လိပ်တက်နေတာကို ကျွန်တော်တို့ ရွာပြင်ကနေ မြင်ရပါတယ်။ ဒီနေ့ မနက် ၉ နာရီ ၄၅ မိနစ်က ရဟတ်ယာဉ် သုံးစီးနဲ့ တိုက်ပွဲ ဖြစ်တဲ့ ရွာအနီး ဝန်းကျင်က နေရာတွေကို လာပြီး ပစ်ခတ်နေပါတယ်” ဟု ၎င်း ကျေးရွာလူကြီးက ပြောသည်။

မတ်လ ၈ ရက်နေ့ကလည်း မုန့်သန်းပြင် ရွာတောင်ဘက် ဒေသအခေါ် ရွာသူကြီးမြောင် တွင် တိုက်ပွဲ အပြန်အလှန် ဖြစ်ပွားခဲ့ပြီး တပ်မတော်က  ဂျက်တိုက်လေယာဉ်များဖြင့် တိုက်ခိုက်မှုများရှိခဲ့ပြီး ကျေးရွာထဲကို ကျည်များ ကျရောက်ပေါက်ကွဲသဖြင့် မုန့်သန်းပြင်ကျေးရွာရှိ နေအိမ် ၅ လုံး မီးလောင်သွားခဲ့သည်ဟု ၎င်းက ပြောသည်။

ယမန်နေ့က  မီးလောင်သွားသည့် နေအိမ်များမှာ ဦးအောင်မင်းနိုင်၊ ဦးမောင်ဇော်သန်း၊ ဒေါ်အနု၊ ဦးစောလှအောင်နှင့် ဦးမောင်လှအေး တို့နေအိမ်များ ဖြစ်ကြောင်း သိရသည်။

၄င်းက “ သူတို့က အပေါ်ကနေ ကျေးရွာတွေကိုပါ ပစ်တော့ ကျနော်တို့က မခံနိုင်လို့ ထွက်ပြေး ရပါတယ်။ အဲဒီမှာ အိမ် ၅ လုံး မီးလောင်တယ်။  ကျနော်တို့ မနေ့က ကတည်းက အားလုံး မီးဝကိုထွက်ပြေးရပါတယ်။ နွား ၂ ကောင်လည်း သေတယ်ဆိုပြီး သတင်းတော့ ရောက်နေပါတယ်။ ဘယ်သူ့နွားလည်းဆိုတာကို အတိအကျမပြောနိုင်သေးဘူး” ဟု ပြောသည်။

မြန်မာ့တပ်မတော်မှ အကြိမ်ကြိမ် လေယာဉ်များ၊ ရဟတ်ယာဉ်များဖြင့် အသုံးပြု တိုက်ခိုက်နေပြီး မတ်လ ၈ ရက်နေ့က ၈ ကြိမ်တိတိ လာရောက်တိုက်ခိုက်ခဲ့သည်ဟု ပြောဆိုသည်။ 

“ကျနော်တို့ရွာနားမှာဖြစ်နေတာပါ၊ တိုက်ပွဲကလေ။ ဒါပေမယ့် ကျနော်တို့ ရွာသားတွေကတိုက်ပွဲ ဖြစ်ပေမယ့် အစပိုင်းမှာ ထွက်မပြေးဘူး။ တပ်မတော်ဘက်ကတော့ ဖြစ်တဲ့နေ့ စပြီး လေယာဉ်တွေ၊ ရဟတ် ယာဉ်တွေနဲ့ လာပစ်တယ်။ တစ်ရက်ခြား၊ နှစ်ရက်ခြား အဲသလိုမျိုး လာပစ်တယ်။ မနေ့ကတော့ မနက်ပိုင်း ၂ စီး။ ညနေပိုင်းမှာ ၈ စီး၊ ရဟတ်ယာဉ်ပေါ်က စစ်သားတွေကို လာပို့တာ ၄ စီး။ အပေါ်က ပစ်တာက ၄ စီးပါ။ အဲဒီနောက်တော့ အကုန်လုံးရွာကနေ ထွက်ပြေးကြရပါတယ် ” ဟု နိရဥ္စရာသတင်းဌာနသို့ ပြောသည်။

ကျေးရွာသားများမှာ မီးဝကျေးရွာဘက်သို့ ထွက်ပြေးနေခဲ့ရကြောင်း၊ နေအိမ်များ မီးလောင် သွားသည့် အခြေအနေကို  သွားကြည့်ရန်ပြင်ဆင်စဉ် ယနေ့နံနက်ပိုင်းတွင်လည်း တိုက်ပွဲ ဆက်လက်ဖြစ်ပွားနေမှုကြောင့် သွားရောက်ကြည့်ရှုခွင့်မရ ဖြစ်နေကြောင်း အမည်မဖော်လိုသည့် မုန့်သန်းပြင်ကျေးရွာသားတစ်ဦးက ပြောသည်။

အလားတူ ကျောက်တော်မြို့နယ် ပြိုင်းတိုင်းကျေးရွာတွင် ယမန်နေ့ည ၈ နာရီ မိနစ် ၂ဝ ခန့်က လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် နေအိမ် ၂ ဆောင်မီးလောင်သွားကြောင်း သတင်းရရှိသည်။

မီးလောင်သွားသည့် နေအိမ်ပိုင်ရှင်များမှာ ပြိုင်းတိုင်းကျေးရွာမှ ဦးအောင်သာဦးနှင့် ဦးဖြူချေ တို့နေအိမ်များဖြစ်ကြောင်း သိရသည်။

ရွာအနီးတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ တင်းမတောင်ကုန်းပေါ်က ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည် သုံးလုံး ပြိုင်းတိုင်းကျေးရွာအတွင်း ကျရောက်ပေါက်ကွဲပြီး ထိုသို့ နေအိမ်များ မီးလောင်းသွားခြင်း ဖြစ်ကြောင်း ပြိုင်းတိုင်းကျေးရွာသားများက နိရဥ္စရာသို့ပြောသည်။

 “တိုက်ပွဲဖြစ်တာလဲမရှိဘူး။ လက်နက်ကြီးကျည် ၃ လုံး ကျတယ် ရွာထဲကို။ နေအိမ် ၂ လုံးမှာကျလို့ ၂ လုံး မီးလောင်သွားတယ်” ဟု ပြောသည်။

မတ်လ ၈ ရက်နေ့ နံနက် ၇ နာရီခန့်ကနေ ညနေ ၄ နာရီကျော်အထိ တင်းမကျေးရွာနှင့် ပြိုင်းတိုင်းကျေးရွာကြား မြန်မာ့တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ကြား တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း၊ ကျေးရွာအတွင်း ည ၈နာရီကျော်က လက်နက်ကြီး ၃လုံး ကျရောက်ပေါက် ကွဲခဲ့ကြောင်း  ပြိုင်းတိုင်းကျေးရွာမှ အမျိုးသမီးတစ်ဦးက ပြောသည်။

“ကျမတို့လည်း ကိုယ့်ဗုံးခိုကျင်းထဲမှာ ကိုယ်နေကြတယ်။ လက်နက်ကြီးကျလို့ ကျမတို့လည်း သွားမကြည့်ရဲဘူး။ အိမ်မီးလောင်သွားတာက အတိအကျပါ။ သေချာပါတယ်။ လက်နက်ကြီးက ရွာပြင်မှာလည်း ကျပါတယ်။ ရွာထဲမှာလည်းကျပါတယ်။ ရွာထဲမှာကျလို့လည်း မီးလောင်တာပါ။ အယင်တုန်းကလည်း လက်နက်ကြီးတွေကျလို့ နေအိမ်တွေပေါက်ပြဲသွားတာတွေ ရှိတယ် ” ဟု ပြိုင်းတိုင်းကျေးရွာမှ အမျိုးသမီးတစ်ဦးက ပြောသည်။

ပြီးခဲ့သည့် မတ်လ ၃ ရက်နေ့က ပြိုင်းတိုင်းကျေးရွာအတွင်းလက်နက်ကြီး ကျရောက်ပေါက်ကွဲ၍ ကျေးရွာသား ၃ ဦး လက်နက်ကြီးကျည်စ ထိမှန်ဒဏ်ရာရရှိသွားခဲ့သည်။

ယင်းသို့ဒဏ်ရာရရှိသွားသည့်အတွက် ကျေးရွာသားများမှာ ၄င်းတို့ကျေးရွာအတွင်းမနေရဲဘဲ နီးစပ်ရာကျေးရွာများသို့ ထွက်ပြေးခုံလှုံခဲ့ကြရသည်ဟု ဒေသခံကျေးရွာသားများက ပြောသည်။

ယမန်နေ့က နေအိမ်ပေါ်သို့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲပြီး မီးလောင်သွားသည့် နေအိမ်ပိုင်ရှင် ဦးအောင်သာဦးက “ကျနော်တို့က အမှန်ပြောရမယ်ဆိုရင် ကြောက်ပြီးတော့ ထွက်ပြေးနေကြတာ။ ကုလားတန်မြစ်တစ်ဘက်ကမ်းက အောင်သာယာရွာမှာနေတယ်။ အဖအိမ်လည်းလောင်တယ်။ သားအိမ်လည်းလောင်သွားတယ်။ တိုက်ပွဲမဖြစ်ဘဲ တင်းမတောင် ကနေပြီးပစ်တာပါ။ တင်းမတောင်မှာ စစ်တပ်ရှိနေတယ်” ဟုပြောသည်။

------------------------------

Unicode:





















ဆက်စပ် သတင်းများ