ကြာသပတေး၊ မတ်လ ၂၈ရက်၊ ၂၀၂၄

ကျောက်တော်မြို့နယ်တွင် လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲပြီး အသက် ၂ဝ အရွယ် အမျိုးသမီးငယ်တစ်ဦးသေဆုံး၊ ၇ ဦးဒဏ်ရာရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၁ မတ် ၂၀၂၀
  • | ကြည့်ရှုသူ: 5.9k

သန့်မြတ်ခိုင်
စစ်တွေ၊ မတ် ၁၁/၂ဝ၂ဝ

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ အောင်သာယာကျေးရွာမှ နေအိမ်တစ်လုံးအတွင်းသို့ ယမန်နေ့ ညနေ ၅ နာရီခန့် က လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့သဖြင့် အမျိုးသမီးငယ် တစ်ဦးသေဆုံးပြီး ၇ ဦးဒဏ်ရာရရှိသွားကြောင်း သတင်းရရှိသည်။

သေဆုံးသွားသူမှာ အောင်သာယာကျေးရွာမှ မနိုင်နိုင်သန်း(၂ဝ) နှစ် ဖြစ်သည်။

ဒဏ်ရာရရှိသွားသူများမှာ မင်းအောင်(၃ဝ)နှစ်၊ မနုချိုအေး(၂၃)နှစ်၊ မရီရီသန်း(၁၅)နှစ်၊ မောင်မိုးကောင်း(၁၄)နှစ်၊ မောင်မြင့်ထက်ကျော်(၁၁)နှစ်၊ မသန်းနွယ်စိုး(၇)နှစ်နှင့် မစန်းစန်းစိုး(၂)နှစ်တို့ဖြစ်ကြောင်း သိရသည်။

လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် ဒဏ်ရာရရှိသူများထဲတွင် အောင်သာယာ ကျေးရွာ တစ်ခုတည်းမှ မဟုတ်ဘဲ ၎င်းရွာသို့ စစ်ဘေးရှောင်ရန် ရောက်ရှိနေကြသည့် ပြိုင်းတိုင်း ကျေးရွာသားများလည်း ပါရှိကြောင်း မိသားစုဝင်များက ပြောသည်။

“နေအိမ်အောက်မှာနေတဲ့အချိန် လက်နက်ကြီးလာကျတာပါ။ အိမ်အောက်မှာ ဗုံးခိုကျင်းထဲမှာ ထမင်းစားနေတဲ့လူက စားနေကြပါတယ်။ အိမ်အောက်မှာထိုင်လို့ စားတဲ့လူကစားနေကြတယ်။ အဲဒီအဝိုင်းမှာ လာကျတာပါ။ ကျမသားမှာ ဦးခေါင်းကိုထိသွားတယ်။ ကျမသားကိုတောင် ကျမ သွားမကြည့်ရဲဘူး” ဟု ဒဏ်ရာရရှိသွားသည့် မောင်မြင့်ထက်ကျော်၏ မိခင်ဖြစ်သူ ဒေါ်ခိုင်သန်းရီက ပြောသည်။

ပြိုင်းတိုင်းဘက်တွင် မြန်မာ့တပ်တော်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ကြား တိုက်ပွဲဖြစ်ပွားလျက် ရှိနေသော်လည်း ၎င်းနေရာမှ ၂ မိုင်ခန့် ဝေးသည့် ကုလားတန်မြစ် အနောက်ဘက်ခြမ်း အောင်ယာယာကျေးရွာ အနီးတွင် တိုက်ပွဲဖြစ်ပွားခဲ့ခြင်း မရှိကြောင်း၊ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ တောင်ရှည်တောင်နှင့် ငန်းတောင်ဘက်မှ ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည် ကျရောက် ပေါက်ကွဲခဲ့ခြင်း ဖြစ်ကြောင်း သူမက ဆက်ပြောသည်။

ဒေါ်ခိုင်သန်းရီက “ ပြိုင်းတိုင်းရွာ အနီးမှာ တိုက်ပွဲ ဖြစ်နေတာကြောင့် ကျွန်မတို့က အောင်သာယာ ကမ်းကို မြစ်ကူးပြီးလာခဲ့ကြတာပါ။ ငန်းတောင်က ပစ်လိုက်တဲ့လက်နက်ကြီးကျည် အောင်သာယာ ရွာမှာကျလို့ ဒဏ်ရာ ရသွားကြတာပါ။ တမင်တကာ ရွာကို ဖြိုပြီးပစ်နေကြတာပါ။ အောင်သာယာ ရွာကလူတွေကလည်း အားလုံးထွက်ပြေးသွားကြတယ်။ ဘယ်ကို ရောက်လို့ ရောက်သွားမယ်မှန်း မသိဘူး။ သွေးရူး သွေးတန်းနဲ့ ပြေးကြတာ နောက်ထပ်လည်း ဒဏ်ရာရရှိသူတွေရှိနေ လောက်တယ်” ဟု ပြောသည်။

“တိုက်ပွဲဖြစ်တဲ့နေရာနဲ့ အောင်သာယာရွာကြားမှာ မြစ်တစ်မြစ်ခြားပါတယ်။ တိုက်ပွဲဖြစ်တာက မြစ်ရဲ့အရှေ့ဘက်ခြမ်းကဖြစ်တာ။ ကျနော်တို့ရှိနေတာက အနောက်ဘက်ခြမ်းမှာပါ။ အဲဒီ ဘက်ကနေ လက်နက်ကြီးလာကျတာပါ” ဟု လုံခြုံရေးအရအမည်မဖော်လိုသည့် ဒေသခံ ကျေးရွာသားတစ်ဦးက ပြောသည်။

လက်နက်ကြီးကျည် ကျေးရွာအတွင်းသို့ ကျရောက်ပေါက်ကွဲပြီး သေဆုံး ဒဏ်ရာရရှိသူများရှိသည့် အပြင် နေအိမ်များလည်းပျက်စီးသွားကြောင်း၊ လက်ရှိတွင် အောင်သာယာကျေးရွာသားများမှာ ကျေးရွာစွန့်ခွာ ထွက်ပြေးနေကြရကြောင်း ယမန့် ည ၉ နာရီခွဲခန့်တွင် ဆက်သွယ်မေးမြန်းစဉ် ကျေးရွာသားများက ယင်းသို့ ပြောသည်။

ဒဏ်ရာရရှိသူမျာမှာ လက်ရှိမီးဝကျေးသို့ ရောက်ရှိနေကြောင်း မီးဝကျေးရွာအုပ်ချုပ်ရေးမှူး ဦးမောင်ကျော်ညွန့်၏ ပြောပြချက်အရသိရသည်။

----------------------------------

Unicode















ဆက်စပ် သတင်းများ