ဗုဒ္ဓဟူး၊ ဧပြီလ ၂၄ရက်၊ ၂၀၂၄

တိုက်လေယာဉ်မှ ပစ်ခတ်၍ ပလက်ဝမြို့နယ် မိတ်စာဝကျေးရွာတွင် ကလေးငယ်နှစ်ဦးအပါအဝင် ၆ဦးသေဆုံး၊ ၆ ဦးပျောက်ဆုံးနေ၊ ၁၂ဦးဒဏ်ရာရ၊ နေအိမ် ၃လုံးမီးလောင်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၄ မတ် ၂၀၂၀
  • | ကြည့်ရှုသူ: 9.2k

ချစ်အိလှိုင်
နိရဥ္စရာ ၊ မတ် ၁၄ / ၂ဝ၂ဝ

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ ဝက်မအုပ်စု၊ မိတ်စာဝကျေးရွာ၌ ယနေ့ ၁ဝ နာရီကျော်ခန့်တွင် ဂျက်တိုက်လေယာဉ်ဖြင့် ပစ်ခတ်၍ ကလေးငယ် ၂ ဦးအပါအဝင် လူ ၆ သေဆုံးကာ ၆ ဦး ပျောက်ဆုံး နေပြီး ၁၂ဦး ဒဏ်ရာရရှိ၍ နေအိမ် ၃ လုံးမီးလောင်သွားခဲ့သည်ဟု သတင်းရရှိသည်။

သေဆုံးသူများမှာ မြိုတိုင်းရင်းသားများဖြစ်ကြသည့်  မောင်ဇော်မိုးနိုင်(၂ဝ)နှစ်၊ဦးအင်္ဂါ(အသက် ၅ဝ)ကျော်၊ မောင်အောင်မင်းစိန်( ၁၈)နှစ်၊ မောင်မျိုးချစ်ကို(၁ဝ)နှစ်၊ ကလေးနှစ်ဦးမိခင် ဒေါ်မေမေ (၃ဝ)နှစ်နှင့် မဇူးဇူး(၈)နှစ်တို့ ဖြစ်ကြသည်။

ပျောက်ဆုံးနေသူမှာ ဦးစံရွှေမောင်နှင့် မိသားစု (၆)ဦး ဖြစ်ပြီး နေအိမ်မီးလောင်ရာတွင် ပျောက်ဆုံးနေခြင်း ဖြစ်ကြောင်း မိတ်စာဝကျေးရွာအုပ်ချုပ်ရေးမှူး ဦးလိုင်ပက နိရဥ္စရာ သတင်ဌာနသို့ သည်။

ဒဏ်ရာ ရရှိသူများမှာ ဒေါ်မနု(၅ဝ)နှစ်၊ ဒေါ်မခိုင်(၅ဝ)နှစ်၊ မောင်ထွန်းမြင့်(၂၁)နှစ်၊ ဦးကျော်အောင်(၆ဝ)နှစ်၊  ၉ တန်းကျောင်းသူ မခင်စောလှိုင် (၁၄)နှစ်၊ ဦးပေါင်ကို(၆ဝ)နှစ်၊ မောင်အင်္ဂါ(၁၇)နှစ်၊ မောင်ပြင်အောင်(၁၂)နှစ်၊ မောင်ရွှေထွန်းဝင်း(၁၇)နှစ်၊ ဦးမောင်ဖြူအောင် (၆ဝ)နှစ်၊ ဦးအောင်လှ(၇ဝ)နှစ်နှင့် ဦးဘီလူးအောင်(၄၂)နှစ်တို့ ဖြစ်ကြသည်ဟု ပြောဆိုသည်။

“လေယာဉ်ပေါ်က လက်နက်ကြီးနဲ့ ပစ်လို့သေတာ။ တိုက်ပွဲဖြစ်တာက ရွာနဲ့ လှမ်းတယ်။ တိုက်ပွဲဖြစ်တာမဟုတ်ဘူး လေယာဉ်နဲ့ သပ်သပ်လာပစ်တာ။ အိမ်မှာနေရင်း သေကြတာ။ သေတဲ့လူတွေက အကုန်မြိုလူမျိုးပါ။ မောင်အင်္ဂါ နဲ့ မောင်ပြင်အောင်တို့ နှစ်ယောက်က ဒဏ်ရာတွေနဲ့ ပြေးလာကြတယ်။ သူတို့အိမ် မီးလောင်သွားတော့ မိသားစု ၆ ယောက် ပါသွားတယ်။ အလောင်းတွေတော့ မတွေ့ ရသေးဘူး။ ကျွန်တော်တို့ သွားလို့ မရသေးဘူး။ လေယာဉ်က လာရင်းပစ်ရင်း ပစ်နေတာ။ နေအိမ် ၃လုံးလည်း မီးလောင်သွားတယ်။ သွားလို့တော့ မကြည့်ရသေးဘူး” ဟု မိတ်စာဝကျေးရွာအုပ်ချုပ်ရေးမှူး ဦးလိုင်ပ က နိရဥ္စရာ သတင်ဌာနသို့ ပြောသည်။

၄င်းကျေးရွာအနီး ငမြင်းဘော်ကျေးရွာမှ ကျောင်းထိုင်ဆရာတော်ဦးဓမ္မဓဇ ကလည်း ဂျက်တိုက် လေယာဉ်ဖြင့် အဆက်မပြတ် ပစ်ခတ်နေသဖြင့် ကျေးရွာသားများ ကြောက်လန့်နေကြောင်း ပြောသည်။

“ သေတဲ့လူတွေလည်း အများကြီးပဲလို့ သိရတယ်။ မိတ်စာဝမှာ မီးလောင်နေတာကို ဦးဇင်းတို့ ကျောင်းကနေမြင်နေရတယ်။ ဂျက်လေယာဉ်ပေါ်တွေကနေ မနက် ၉ နာရီလောက်ကနေ ပစ်နေတာ။ အခုဖုန်းပြောနေတဲ့အချိန်မှာလည်း ပစ်နေတာ ကြားတဲ့ အတိုင်းပါ။ လူနာတွေ က စာရင်းတောင်အတိကျ မရသေးဘူး အတော်များတယ်” ဟု မိန့်ကြားသည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်၍ ချင်းပြည်နယ် အမှတ်(၁၂) မဲဆန္ဒနယ် ဦးဆလိုင်းမျိုးထိုက်က လူအများအပြားသေဆုံးပြီး ဒဏ်ရာရရှိသူများလည်း ရှိကြောင်းအတည်ပြုပြောကြားသည်။

“ကျွန်တော်ကို အဲဒီရွာက အုပ်ချုပ်ရေမှူးကပြောလို့ သိတာပါ။ လေယာဉ်နဲ့ ပစ်လို့ လူအသေ အပျောက်ရှိတယ်လို့ သိရတယ်။ ကိုယ့်မိသားစုညီအစ်ကိုတွေ အဲလိုဖြစ်တာ စိတ်မကောင်းဘူး။ ကယ်ဆယ်ရေးဘယ်လိုလုပ်မလဲစိတ်ပူပါတယ်။ ကျွန်တော်တို့ ဆမီး တိုက်နယ်ဆေးရုံမှာ ပို့ခိုင်း ထားတယ်။ အဲဒီမှာအဆင်မပြေရင် ပလက်ဝကို တဆင့်ပို့ဖို့ အရပ်ဖက်အဖွဲ့တွေကို အကူညီ တောင်းထားတယ်။ အဲလိုပစ်တာမကောင်းဘူးပေါ့လေ။ နောက်ဆုံးပြည်သူတွေ ဒုက္ခ ရောက်ရတယ်”ဟု ပြောသည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်မှ ပြောရေးဆိုခွင့်ရှိသူဗိုလ်မှူးကြီး ဝင်းဇော်ဦးနှင့် တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းတို့အား နိရဥ္စရာ သတင်းဌာနမှ အကြိမ်ကြိမ်ဆက်သွယ်သော်လည်း ဆက်သွယ်မှု မရရှိခဲ့ပါ။

၄င်းဝက်မကျေးရွာအုပ်စုတွင် မိတ်စာဝရွာ (၁/၂/၃) ရှိပြီး အိမ်ခြေ ၃ဝဝ နီးပါးရှိကြောင်းသိရသည်။ မြိုလူမျိုးများနေထိုင်သော ကျေးရွာဖြစ်ကြောင်းသိရသည်။

---------------------------

Unicode:



နိရဉ်စရာ ၊ မတျ ၁၄ / ၂ဝ၂ဝ












ဆက်စပ် သတင်းများ