သောကြာ၊ မတ်လ ၂၉ရက်၊ ၂၀၂၄

လေယာဉ်ဖြင့် ရွာများကိုပစ်ခတ်ခြင်းမှာ AA ရှိသည့်အထင်ဖြင့် ပစ်ခတ်ခြင်းဖြစ်နိုင်ကြောင်း လွှတ်တော်ကိုယ်စားလှယ် ဦးဝှေ့တင်းပြော


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၇ မတ် ၂၀၂၀
  • | ကြည့်ရှုသူ: 2.6k

ချစ်အိလှိုင်
နိရဥ္စရာ ၊ မတ် ၁၇/ ၂ဝ၂ဝ

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်အတွင်းရှိ ကျေးရွာအချို့အား တပ်မတော်မှ  လေယာဉ်များဖြင့် ပတ်ခတ်ခဲ့၍ ကျေးရွာသား ၂၁ ဦးထိ သေဆုံးခြင်းမှာ အဆိုပါ ကျေးရွာများတွင် AA ရှိသည့် အထင်ဖြင့် ပစ်ခတ်ခြင်းဖြစ်နိုင်ကြောင်း ချင်းပြည်နယ် အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးဝှေ့တင်း ကပြောဆိုလိုက်သည်။

“ပစ်တာကတော့ လေယာဉ်နဲ့ပစ်တာလို့ ရွာသားတွေကပြောတယ်။ တိုက်ပွဲဖြစ်တာရှိလားဆိုတာ မကြားမိဘူးတဲ့။ ဒါပေမဲ့ ရွာထဲမှာ AA အဖွဲ့တွေ ရှိနိုင်တယ်လို့ထင်လို့ ပစ်တာလို့တော့ ထင်တယ်” ဟု ဦးဝှေ့တင်းက နိရဥ္စရာသတင်းဌာနသို့ ပြောသည်။

ပလက်ဝမြို့နယ် ဝက်မကျေးရွာအုပ်စု နှင့် ပြိုင်းတင်ကျေးရွာများတွင် တပ်မတော်မှ လေကြောင်း ပစ်ခတ်မှုကြောင့် ၂ဝ၂ဝ ခုနှစ် မတ်လ ၁၄ ၊ ၁၅ ရက်များတွင် သေဆုံးသူဦးရေ ၂၁ ဦးနှင့် ဒဏ်ရာ ရရှိသူ ဦးရေ ၂၇ ဦးထိ ရှိခဲ့သည်။

၄င်းဖြစ်စဉ်နှင့် ပတ်သက်၍ မေးမြန်းစဉ် ဦးဝှေ့တင်းက သူ့ထင်မြင် သုံးသပ်ချက်ကို ထိုသို့ ပြောဆိုသွားခြင်းဖြစ်သည်။

တပ်မတော် လေကြောင်းတိုက်ခိုက်မှု ဖြစ်စဉ်အတွင်း မတ်လ ၁၄ ရက်နေ့က မိတ်စာဝကျေးရွာ (၂) နှင့် (၃) တို့တွင် အရပ်သား ၁၂ ဦးသေဆုံးပြီး ၁၅ ဦးဒဏ်ရာ ရရှိခဲ့သည်။ မတ်လ  ၁၅ ရက်နေ့ ညနေ ၄ နာရီခန့်တွင် လေကြောင်းဖြင့် ထပ်မံတိုက်ခိုက်သဖြင့် ဝက်မကျေးရွာအုပ်စု ဝက်မ ကျေးရွာမှ ၈ ဦးနှင့် ပြိုင်တင်ကျေးရွာမှ ၁ ဦးစုစုပေါင်း ၉ ဦးသေဆုံးပြီး ၁၂ ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း ဦးဝှေးတင်းက ဆက်လက်၍ ပြောသည်။

၄င်းပစ်ခတ်မှုအတွင်း ဝက်မကျေးရွာအုပ်စုမှ နေအိမ် ၅ လုံးလည်းမီးလောင်ကျွမ်းခဲ့ကြောင်း သိရသည်။

အဆိုပါ ပစ်ခတ်မှုကြောင့် ၄င်း ဝက်မကျေးရွာနှင့် အနီးအနား ကျေးရွာ ၅ ခုမှ ဒေသခံ ရွာသား ၁၂ဝဝနီးပါး နေရပ်စွန့်ခွာထွက်ပြေးနေကြာင်း ဦးဝှေ့တင်းက အတည်ပြုပြောကြားသည်။

အဆိုပါ ပစ်ခတ်မှုနှင့် ပတ်သက်ပြီး မျက်မြင်ကိုယ်တွေ့ မတွေ့ရသဖြင့် ဖြစ်သည်ဟု အတိအကျ မပြောနိုင်ကြောင်း၊  မဟုတ်ဟုလည်း ယတိပြတ်မငြင်းပါကြောင်း၊ မြန်မာ့ တပ်မတော်အနေဖြင့် လေကြောင်း တိုက်ခိုက်မှုကို သတင်းအတိအကျ မရဘဲ ဆောင်ရွက်လေ့ မရှိကြောင်း၊ တပ်မတော်က ပြည်သူများ ၏လုံခြုံရေးအတွက် တာဝန်ရှိကြောင်း၊ ထိုသို့ လုံခြုံရေး ဆောင်ရွက်ရာတွင် အကန့်အသတ်များ အခက်အခဲများရှိ ကြောင်း၊ လေကြောင်း ပစ်ခတ်မှုများကို လက်လွတ်စပယ် လုပ်ဆောင်ခြင်းမရှိကြောင်း တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောကြောင်း  မြန်မာတိုင်းမ်နေ့စဉ်၏ သတင်းတွင် ဖော်ပြထားသည်။

--------------------------------------

Unicode:


နိရဉ်စရာ ၊ မတျ ၁၇/ ၂ဝ၂ဝ









ဆက်စပ် သတင်းများ