သောကြာ၊ မတ်လ ၂၉ရက်၊ ၂၀၂၄

အမ်း-ဒါးလက်အုပ်စုတွင် သယ်ယူပို့ဆောင်ရေး ပြတ်တောက်၍ စားဝတ်နေရေး အခက်အခဲဖြစ်ကာ တစ်ချို့မိသားစုများ ဆန်ပြုတ်သောက်နေကြရဟုဆို


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၁ မတ် ၂၀၂၀
  • | ကြည့်ရှုသူ: 9.2k

ထွန်းခိုင် (တောင်ရင်းကျွန်း)
နိရဥ္စရာ၊ မတ် ၂၁ / ၂ဝ၂ဝ

ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်၊ ဒါးလက်အုပ်စုတွင် လမ်းပန်းဆက်သွယ်မှု ပြတ်တောက်နေသည်မှာ နှစ်လခန့် ရှိနေပြီ ဖြစ်သဖြင့် ကျေးရွာအချို့တွင် စားဝတ်နေရေးအခက်အခဲဖြစ်ကာ တစ်ချို့ လက်လုပ် လက်စားမိသားစုများမှာ ဆန်ကိုပြုတ်သောက်နေရ သည်ဟု သတင်းရရှိသည်။

ရခိုင်ဦးဆောင်ပါတီ (AFP)  အမ်းမြို့နယ်ကော်မတီဝင် ဒေါ်ခင်မိုးရီက ̏ ကျမတို့ဖက်မှာက ဝါးခုတ်ပြီးတော့ သက်မွေး ဝမ်းကျောင်းသူများတယ်။ လယ်တွေက သိပ်တော့မရှိဘူးလေ။ အခုက တောင်ကိုတက်ပြီး ဝါးလည်း ခုတ်လို့မရ၊ ချောင်းကိုလည်း ဆင်းပြီး ငါးမရှာရဆိုတော့ လူတွေက အကြီးအကျယ် ဒုက္ခရောက်နေကြတယ်။ ဒါကြောင့် ဒီဖက်က လူတွေက ထမင်းတောင် မစားရတော့ဘူး။ ဆန်ကိုပြုတ်ပြီးတော့ သောက်နေရတယ်။ တစ်ချို့တစ်လေကျတော့လည်း ဆန်တောင် ပြုတ်စရာ မရှိဘဲဖြစ်နေကြတယ်˝ ဟု ပြောသည်။

ဒါးလက်ချောင်း တစ်လျှောက်တွင် ကျေးရွာပေါင်း ၄ဝ ကျော်ရှိပြီး သွားလာခွင့်ကို ကန့်သတ်ထားသည့် အပြင် ရိက္ခာများသယ်ယူခြင်းကို ပိတ်ပင်ထားသဖြင့် ရိက္ခာပြတ်လပ်မှုနဲ့ ကြုံတွေ့နေကြရသည်ဟု ဆိုသည်။

ဒလက်ရွာဟောင်းမှ အမျိုးသမီးကြီးတစ်ဦးက “ အခက်အခဲဖြစ်တာကတော့ ကဇူးကိုင်း အထက်ပိုင်း ဒလက်ချောင်း တစ်လျှောက်က ရွာတွေပါ။ အလုပ် မလုပ်ရတော့ ဆင်းရဲတဲ့ မိသားစုတွေ ဆန်ပြုတ်သောက်နေရတာ မှန်ပါတယ်။ ဒီလို အခြေအကြောင့် အိမ်ခြေ ၂ဝဝ ကျော်ရှိတဲ့ အဒေါ်တို့ ရွာမှာ အိမ် ၄ဝ လောက်မှာဘဲ လူရှိတော့တယ်။ ကျန်တဲ့ လူတွေ အကုန်လုံး ရွာကနေ ထွက်သွားကြပါပြီ။ အမ်းတို့၊ ကမ်းထောင်းကြီး၊ မြေပုံစတဲ့ နေရာတွေကို သွားကြပါတယ်။ ရိက္ခာတွေ ဝယ်မယ်ဆိုရင် ကဇူးကိုင်းကို သွားပီး မှတ်ပုံတင်နဲ့ ဝယ်ရပါတယ်” ဟု ပြောသည်။ 

ကဇူးကိုင်းကျေးရွာအုပ်ချုပ်ရေးမှူးသို့ ဆက်သွယ်ရာ ကဇူးကိုင်းတွင် စစ်တပ်မှ စစ်ဆေးရေး ဂိတ်ဖွင့်လှစ်ပြီး အတက်အဆင်းများကို စစ်ဆေးမှုများ ပြုလုပ်နေသည်မှာ ဟုတ်မှန်ကြောင်း ပြောကြားသည်။

အမည်မဖော်လိုသည့် ဒလက်ချောင်းထဲမှ ကျေးရွာအုပ်ချုပ်ရေးမှူးတစ်ဦးက “ ကုန်းလမ်းရော၊ ရေလမ်းတွေပါ အကုန်ပိတ်ထားလို့ ကျနော်တို့ဒေသခံပြည်သူတွေအတွက် စားရေး သောက်ရေးနဲ့ ကျန်းမာရေး အခက်အခဲတွေနဲ့ အင်မတန်မှ ဒုက္ခရောက်နေပါတယ်။ ကျန်းမာရေး စောင့်ရှောက်မှုတွေဆိုတာလည်း ကျနော်တို့ဆီမှာ လုံးဝမရှိဘူး။ ကျနော်တို့က ကဇူးကိုင်းက နေပြီးတော့ ဆန်ဝယ်ပြီးစားရတယ်။ ကဇူးကိုင်းကိုသွားမယ်ဆိုရင် တပ်ကနေပြီးတော့ ခွင့်တောင်း ရတယ်။ သူတို့ခွင့်ပြုမှဘဲ ကျနော်တို့ကသွားရတယ်။ သူတို့ခွင့်မပြုရင်မသွားရဘူး။ ကျနော်တို့က ဆန်တစ်အိတ်ကို ကျပ် ၄၅ဝဝဝ စျေးနဲ့ဝယ်ပြီးတော့ စားရတယ်။ အခုကျနော်တို့မှာ စားစရာ ဆန်လည်းမရှိတော့ဘူး˝ဟု ၄င်းကဆက်ပြောသည်။

ယခုကဲ့သို့ ဒလက်ချောင်းကျေးရွာများ အခက်အခဲ ကြုံနေရသဖြင့် ဖြေရှင်းပေးရန် ရခိုင်ပြည်နယ် အစိုးရအား စာရေးတင်ပြထားသော်လည်း တစ်စုံတစ်ရာ အကြောင်းပြန်ကြားခြင်း မရှိသေးကြောင်း အမ်းမြို့နယ်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်ဌေးက ပြောသည်။

 ̏ အခက်အခဲဖြစ်နေတာတော့ ဟုတ်ပါတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၇ ရက်နေ့က ကျနော် ရခိုင်ပြည်နယ် လွှတ်တော်ကို စာတင်ထားတာရှိတယ်။ ဒီအခက်အခဲတွေကိုဖြေရှင်းပေးဖို့အတွက် အဲဒီစာကို ပြည်နယ်အစိုးရဆီကို လှမ်းပို့ထားတယ်။ ဒါပေမယ့် ဒီနေ့အထိ ပြည်နယ် အစိုးရဖက်က တစ်စုံတစ်ရာ အကြောင်းပြန်တာတော့ မရှိသေးဘူး˝ဟု ၎င်းက ပြောသည်။

-------------------------------

Unicode:


နိရဉ်စရာ၊ မတျ ၂၁ / ၂ဝ၂ဝ









ဆက်စပ် သတင်းများ