ကြာသပတေး၊ ဧပြီလ ၁၈ရက်၊ ၂၀၂၄

ကျောက်တော် လောင်းရှည်ကျေးရွာမှ စိတ်မနှံ့သည့် လူကြီးတစ်ဦး သေနတ်ကျည်ဆံထိမှန်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၁ မတ် ၂၀၂၀
  • | ကြည့်ရှုသူ: 5.6k

ဆောင်းဇာခြည်
နိရဥ္စရာ၊ မတ် ၂၁/၂ဝ၂ဝ

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ လောင်းရှည်ကျေးရွာမှ စိတ်မနှံ့သည့် လူကြီးတစ်ဦး သေနတ်ကျည်ဆံထိမှန်၍ ဒဏ်ရာ ရရှိသွားကြောင်း ကျေးရွာသားများက ပြောသည်။

အဆိုပါ စိတ်မနှံ့သူမှာ လောင်းရှည်ကျေးရွာမှ ဦးကုလားချေ (၆၂) နှစ်ဖြစ်ပြီး ၄င်းမှာ ယနေ့ ၈ နာရီခန့်တွင် နေအိမ်မှ ရွာရှိ ဘုန်းကြီးကျောင်းသို့ သွားစဉ် လမ်း၌ သေနတ်ကျည်ဆံ ထိမှန်ပြီး ဒဏ်ရာရသွားခြင်းဖြစ်ကြောင်း လောင်းရှည်ကျေးရွာမှ ကျေးရွာသားတစ်ဦးက ပြောသည်။

ယင်း လောင်းရှည်ကျေးရွာသားက “ကျွန်တော်တို့ရွာရဲ့ အရှေ့ဘက် မြစ်တစ်ဖက်ကမ်းမှာ ရှိတဲ့ ငန်းတောင်ကနေ စစ်သားတွေ သေနတ်နဲ့ လှမ်းပစ်တာပါ။ သူက စိတ်လည်းမနှံ့ပါဘူး။ ဘုန်းကြီး ကျောင်းကို သွားတဲ့ လမ်းပေါ်မှာ သွားနေတုန်း အပစ်ခံရတာပါ။ ငန်းတောင်ပေါ်က လက်နက် ငယ်တွေနဲ့ လှမ်းပစ်တာတွေ ရှိပါတယ်။ အဲဒီမှာ သူ့ကို သေနတ် ထိတာပါ။” ဟု နိရဥ္စရာသို့ ပြောသည်။

ဦးကုလားချေသည် နေအိမ်သို့ ထမင်းစားရန် မရောက်၍ လိုက်လံရှာဖွေကြရာ နေ့လယ်ပိုင်းတွင်  ဘုန်းကြီးကျောင်းအနီးတွင် သေနတ်ဒဏ်ရာဖြင့် သတိမေ့မျောနေသည်ကို တွေ့ရှိရပြီး ၄င်းအား ကျေးရွာတွင် ဆေးကုသပေးထားကြောင်း သိရသည်။

ဦးကုလားချေ၏ ဘယ်ဘက်ပေါင်တွင် သေနတ်ကျည် ဖောက်ဝင်သွားခဲ့သော်လည်း ဒဏ်ရာမှာ စိုးရိမ်စရာ မရှိကြောင်း ၄င်းလောင်းရှည်ကျေးရွာသားက ဆက်ပြောသည်။

“ အဲဒီငန်းတောင်က နေ့တိုင်းလိုလို လှမ်းပစ်တဲ့ သေနတ်ကျည်တွေ ဘုန်းကြီးကျောင်းကို လာကျတာတွေ အများကြီး ရှိပါတယ်။ ဘုန်းကြီးကျောင်းခေါင်မိုးတွေတောင် အကုန် ပေါက်နေတယ်။ အခုလည်း သူအဲဒီကို သွားလို့ သေနတ်ကျည်လာကျတာပါ။ သတိမေ့နေတာ အခုတော့ သတိရသွားပါပြီ” ဟု ပြောသည်။

ကျောက်တော်မြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးမောင်မောင်အား နိရဥ္စရာမှ ဆက်သွယ်ခဲ့ရာ ထိုကိစ္စအား ၄င်းအနေဖြင့် မသိရသေးကြောင်း ပြောသည်။

ယင်းကိစ္စနှင့်ပတ်သက်ပြီး အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ ပြောခွင့်ရသူ စစ်ဦးစီး ပထမတန်း ဗိုလ်မှူးကြီးဝင်းဇော်ဦးနှင့် တပ်မတော်သတင်းမှန်ပြန်ကြားရေးအတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းတို့အား နိရဥ္စရာမှ ဆက်သွယ်ခဲ့ရာ ဖုန်းလက်ခံ ဖြေဆိုခြင်း မရှိခဲ့ပါ။

ပြီးခဲ့သည့် မတ်လ ၁ဝ ရက်နေ့ကလည်း လောင်းရှည်ကျေးရွာမှ ဒေါ်သန်းစိန် (၄ဝ)နှစ်  ကျည် ထိမှန်၍ သေဆုံးသွားခဲ့ပြီး အသက် ၃ဝ ကျော်အရွယ် ဦးမောင်တုတ်ချေလည်း  ဒဏ်ရာရ ရှိသွားကြောင်း သိရသည်။ ၎င်းပစ်ခတ်မှုကိုလည်း ငန်းတောင်တွင် နေရာယူထားသည့် စစ်တပ်က ပစ်ခတ် သည်ဟု ရွာသားများက ပြောသည်။

ကျောက်တော်မြို့နယ်မှ လောင်းရှည်ကျေးရွာတွင် အိမ်ခြေ ၁၅၈ ဆောင်နှင့် လူဦးရေ ၇၃၆ ဦးရှိပြီး ယင်းထဲမှ ကျေးရွာသား အများစုမှာ ကျေးရွာအနီး ထိုကဲ့သို့ လက်နက်ကျည်ကျခြင်းများကြောင့် ကြောက်လန့်ကာ ကျောက်တော်မြို့ပေါ်သို့ ထွက်ပြေးတိမ်းရှောင်သွားကြပြီး လက်ရှိ ကျေးရွာအတွင်း လူဦးရေ ၂ဝ ခန့်သာ နေထိုင်လျှက်ရှိကြောင်း သိရသည်။

--------------------------------

Unicode:


နိရဉ်စရာ၊ မတျ ၂၁/၂ဝ၂ဝ












ဆက်စပ် သတင်းများ