သောကြာ၊ မတ်လ ၂၉ရက်၊ ၂၀၂၄

လက်နက်ကြီးပေါက်ကွဲမှုကြောင့် ကျောက်တော်နယ်မှမူဆလင်လူငယ် ၆ ဦးဒဏ်ရာရ၊ ၂ ဦးဒဏ်ရာပြင်းထန်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၂ မတ် ၂၀၂၀
  • | ကြည့်ရှုသူ: 3.8k

သန့်မြတ်ခိုင်
စစ်တွေ၊ မတ်လ ၂၂/၂ဝ၂ဝ

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်တွင် ယနေ့ နံနက် ၁၁ နာရီခန့်က တိုက်ပွဲထဲမှ မပေါက်ကွဲဘဲ ရှိနေသည့် လက်နက်ကြီး ကျည်ပေါက်ကွဲမှုဖြစ်၍ ဂုတ်ပီးထောင့် မူဆလင် ကျေးရွာမှ အိမ်တစ်အိမ်တွင် ကစားနေကြသည့် လူငယ် ၆ ဦး ဒဏ်ရာရရှိသွားခဲ့ပြီး နှစ်ဦးမှာ ဒဏ်ရာ ပြင်းထန်ကြောင်း သတင်းရရှိသည်။

ဒဏ်ရာရရှိသူများမှာ ကျား ၄ ဦး၊ မ ၂ ဦး စုစုပေါင်း (၆) ဦးဖြစ်ပြီး ၎င်းတို့မှာ  ဂုတ်ပီထောင့် ကျေးရွာမှ မာမတ်ဆောလ်မန်း(၂၁)နှစ်၊ မနူရ်ခါဂျာ(၂ဝ)နှစ်၊ ရောင်ဇင်နာလီ(၁၂)နှစ်၊ မအူမုဆောလ်မန်(၁၈)နှစ် နှင့်မာမတ်နော်ယုံ(၅)နှစ်နှင့် အင်ဘာရီ ကျေးရွာမှ ၆ တန်းကျောင်းသား မာမောက်ယာဆိန်း(၁၄)နှစ် တို့ဖြစ်ကြပြီး ထိုအထဲမှ  မနူရ်ခါဂျာ နှင့် မာမောက်ယာဆိန်းတို့မှာ ဒဏ်ရာပြင်းထန်ကြောင်း သိရသည်။

ကျည်စထိမှန်ဒဏ်ရာရရှိသွားသူ မာမတ်နော်ယုံ၏ ဖခင်ဖြစ်သူ ဦးရွှေမောင်က“နေဗီတက်တဲ့နေ့က လက်နက်ကြီးတွေ ပစ်တယ်။ ပစ်တော့မပေါက်ပဲ ကျနော့်ရဲ့ခမည်းခမက်တော်တဲ့ လူရဲ့ အိမ်နောက်ဘက်မှာ ရှိနေတာ။ အဲဒီမှာ ကလေးတွေကစားနေတဲ့အချိန် ထိမိသွားတယ်ထင်တယ်။ အဲဒီမှာပေါက်ကွဲတာပါ” ဟု ပြောသည်။

၎င်းလက်နက်ကြီးကျည်မှာ အဒူလာမိဆိုသူ၏ နေအိမ်နောက်ဘက်တွင် မပေါက်ကွဲဘဲ ကျနေခဲ့သည့် လက်နက်ကြီးကျည်ဖြစ်ပြီး ယနေ့ နံနက် ၁၁ နာရီခန့်အချိန်တွင် ပေါက်ကွဲခဲ့ခြင်း ဖြစ်ကြောင်း မိသားစုဝင်များက နိရဥ္စရာသို့ပြောသည်။

ထိုသို့ပေါက်ကွဲမှုဖြစ်ရာမှ ကျည်စထိမှန်ပြီးဒဏ်ရာရရှိသူများထဲတွင် ဒဏ်ရာပြင်းထန်သူများလည်း ပါရှိကြောင်း၊ လက်ရှိတွင် ဒဏ်ရာရရှိသွားသူများကို အပေါက်ဝဆေးရုံသို့ ပို့ဆောင် ဆေးကုသပေးထားရကြောင်း၊ ဒဏ်ရာပြင်းထန်သူ မနူရ်ခါဂျာ နှင့် မာမောက်ယာဆိန်းတို့အား စစ်တွေဆေးရုံသို့ ယူဆောင် သွားရမည်သိရကြောင်း  ဦးရွှေမောင်က ပြောသည်။

-----------------------------

Unicode:









ဆက်စပ် သတင်းများ