ကြာသပတေး၊ မတ်လ ၂၈ရက်၊ ၂၀၂၄

ပုဏ္ဏားကျွန်းမြို့နယ်တွင် ဆန်စက်တစ်လုံး၊ လူနေအိမ်တစ်လုံးနှင့် ကုန်စုံဆိုင် တစ်ဆိုင်မီးရှို့ခံရဟုဆို


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၁ မေ ၂၀၂၀
  • | ကြည့်ရှုသူ: 7.6k

ဆောင်းဇာခြည်

နိရဥ္စရာ၊ မေ ၁ဝ/ ၂ဝ၂ဝ

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ ဒိုးတန်းရွာသစ်ကျေးရွာမှ မူလတန်းကျောင်းအုပ် ဆရာကြီးပိုင် ဆန်စက်တစ်လုံး၊ လူနေအိမ်တစ်လုံးနှင့် ကုန်စုံဆိုင်တစ်ဆိုင်တို့ မေလ ၉ ရက် ညဉ့်အချိန်က မီးရှို့ ခံခဲ့ရသည်ဟု သတင်း ရရှိသည်။

မီးရှို့ခံလိုက်ရသည့် ဆန်စက်မှာ ဒိုးတန်းရွာသစ်ကျေးရွာမှ မူလတန်းကျောင်းအုပ် ဆရာကြီး ဦးမောင်စံလှ၏ ဆန်စက်ဖြစ်ပြီး လူနေအိမ်နှင့် ကုန်စုံဆိုင်တစ်ဆိုင်တို့မှာ ဒိုးတန်းရွာသစ်ကျေးရွာမှ ဦးအေးထွန်း၏ ပိုင်ဆိုင်ကြောင်း သိရသည်။

ဆန်စက်ပိုင်ရှင် မူလတန်း ကျောင်းအုပ်ဆရာကြီး ဦးမောင်စံလှက “ကျွန်တော်တို့က မီးလောင်တဲ့ ညဉ့်က ရွာမှာ မဟုတ်ဘူးဆိုတော့ ဘယ်သူဘယ်ဝါ မီးရှို့တယ်ဆိုတာကို ပြောဖို့ ခက်ပါတယ်။ ဆန်စက်က အကုန်လုံး ပြာကျသွားပါတယ်။ အဲဒီဆန်စက်က ၇ နှစ်ကြာပါပြီ။ အဲဒီတုန်းကတောင် တန်ဖိုး သိန်း ၁၅ဝ ဖိုးရှိပါတယ်။ အခုဆိုရင် ၃ဝဝ ဖိုးလောက် တန်ဖိုးရှိမှာပါ။ ကျွန်တော်က ပညာရေးဝန်ထမ်းဆိုပေမယ့် ရတဲ့လစာနဲ့ မိသားစု လိုအပ်ချက်ကို မလည်ပတ်နိုင်လို့ သားသမီးတွေ ပညာရေးကို အဲဒီ ဆန်စက်ကရတဲ့ ဝင်ငွေနဲ့ လည်ပတ် နေရတာပါ။ အခု ဆန်စက်မရှိတော့ရင် ကျွန်တော့်အတွက် အရမ်းကို ခက်ခဲသွားပါပြီ” ဟု နိရဥ္စရာသို့ ပြောသည်။

မီးလောင်ချိန်တွင် နေအိမ်ပိုင်ရှင်များမှာ ကျေးရွာတွင် ရှိမနေဘဲ တစ်ခြားရွာသို့ ရောက်နေခဲ့ကြကြောင်း၊

ဒိုးတန်းရွာသစ်ကျေးရွာမှ ကျေးရွာသားများမှာ မေလ ၇ ရက်နေ့က ကျေးရွာအတွင်း တပ်မတော်စစ်ကြောင်း တစ်ခု ဝင်ရောက်လာသဖြင့် စိုးရိမ်ကြောက်လန့်ပြီး အနီးအနား ကျေးရွာများတွင် ဝင်ရောက် ခိုလှုံနေကြ၍ မီးလောင်နေချိန်တွင်၎င်းတို့မိသားစုနှင့် ရွာသားများမှာ အိမ်တွင် ရှိမနေခဲ့ကြောင်း ဆရာကြီးက ပြောဆိုသည်။

မီးရှို့ခံလိုက်ရသည့် နေအိမ်နှင့် ကုန်စုံဆိုင်ပိုင်ရှင် ဦးအေးထွန်းက “အိမ်အောက်က စပါးကျီတွေလည်း ပါသွားပါတယ်။ ကုန်စုံဆိုင်က ပစ္စည်းတွေရော၊ ဆိုင်ခန်းရော၊ အိမ်ရော အကုန်ပြာကျသွားပါတယ်။ အဲဒီ မီးလောင်နေတာကို ကျွန်တော်တို့ အဝေးတစ်နေရာက လှမ်းကြည့်နေခဲ့ကြပါတယ်။ ဘယ်က ရှို့သွားတယ် ဆိုတာကို ကျွန်တော်က ရွာမှာရှိမနေတော့ မသိရပါဘူး။ အခုလို မီးလောင်သွားတာကြောင့် ကျွန်တော့်မှာ သားသမီး ပညာရေးရော စီးပွားရေးရော အကုန်နစ်နာပါတယ်။ အခုလို မီးလောင်တယ်ဆိုတာ တမင် အရှို့ခံရတာ သေချာပါတယ်။ကုန်စုံဆိုင်နှင့် နေအိမ်မီးရှို့ခံရတာ တန်ဖိုးမှာ ၁၂ဝ ကျော်ဖိုး ဆုံးရှုံးပါတယ်” ဟု နိရဥ္စရာသို့ ပြောသည်။

ဦးအေးထွန်းနှင့် ဦးမောင်စံလှအပါအဝင် ကျေးရွာသားအချို့တို့မှာ ယနေ့နံနက် ၈ နာရီခန့်က ဒိုးတန်း ကျေးရွာအတွင်းသို့ ပြန်လည် ဝင်ရောက်ခဲ့ကြပြီး ဆန်စက်၊ နေအိမ်နှင့် ကုန်စုံဆိုင်တို့မှာ ပြာကျနေသည်ကို မြင်တွေ့ခဲ့ရသည်ဟု ၎င်းတို့က ပြောဆိုသည်။

ရွာထဲတွင် ကျန်နေခဲ့သည့် ရွာသားတစ်ဦးအား နိရဥ္စရာမှ ဆက်သွယ်မေးမြန်းခဲ့ရာ ၎င်းက “မီးရောင်မြင်လို့ လိုက်ကြည့်တော့ ဦးမောင်စံလှနဲ့ ဦးအေးထွန်းတို့ အိမ် မီးလောင်နေတာကို တွေ့ရပါတယ်။ ရွာမှာက လူလည်း အင်အား နည်းနေတယ်၊ ညအချိန်လည်းဖြစ်တဲ့အတွက် ကျွန်တော်လည်း ထွက်မကြည့်ရဲလို့ မကြည့်လိုက်ပါဘူး။ မနက်ကျမှ သွားကြည့်တော့ အကုန်လုံး ပြာကျနေပါပြီ” ဟု ပြောကြားသည်။

ဒိုးတန် ကျေးရွာ အုပ်ချုပ်ရေးမှူးကလည်း ဆန်စက်အပါအဝင် နေအိမ်နှင့် ကုန်စုံဆိုင်တို့ မီးရှို့ခံရသည်မှာ ဟုတ်မှန်သော်လည်း မီးရှို့ခဲ့သူများအား သူအနေဖြင့် မသိကြောင်း ပြောသည်။

၎င်းပြင် ဒိုးတန်းရွာသစ်ကျေးရွာမှ ဦးစိုးထွန်းအောင် မွေးမြုရေး ခြံထဲမှ ဘဲအကောင်ရေ ၇ဝ ခန့် ပျောက်ဆုံးသွားခဲ့ကြောင်းလည်း ၎င်းက ဆက်လက် ပြောဆိုသည်။

ပုဏ္ဏားကျွန်းမြို့နယ်- ရသေ့တောင်မြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်လတ်က ဒိုးတန်းရွာသစ်ကျေးရွာမှ မူလတန်းကျောင်းအုပ် ဆရာကြီးပိုင် ဆန်စက်တစ်လုံး၊ လူနေအိမ်တစ်လုံးနှင့် ကုန်စုံဆိုင်တစ်ဆိုင်တို့ မီးလောင်သွားခြင်းမှာ ဟုတ်မှန်ကြောင်း၊ ရွာသားများကို မေးမြန်း၍ မရသေးသဖြင့် မည်သူ မီးရှို့သည်ကို ပြောရန်ခက်ခဲသည်ဟု ပြောဆိုသည်။

--------------------------

Unicode:



နိရဉ်စရာ၊ မေ ၁ဝ/ ၂ဝ၂ဝ













ဆက်စပ် သတင်းများ