ကြာသပတေး၊ ဧပြီလ ၂၅ရက်၊ ၂၀၂၄

ရသေ့တောင်မြို့နယ်၊ သံချောင်းကျေးရွာမှ ထိန်းသိမ်းခံရသူနှစ်ဦး ပြန်လွှတ်လာပြီဟုဆို


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၉ မေ ၂၀၂၀
  • | ကြည့်ရှုသူ: 10.2k

ထွန်းခိုင် (တောင်ရင်းကျွန်း)

နိရဥ္စရာ၊ မေ ၁၉ / ၂ဝ၂ဝ

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ သံချောင်းကျေးရွာမှ ဝါးခုတ်၍ပြန်လာကြသော အမျိုးသားနှစ်ဦးနှင့် အမျိုးသမီးနှစ်ဦးတို့ကို ယမန်နေ့က တပ်မတော် စစ်ကြောင်းတစ်ခုက ထိန်းသိမ်းပြီးနောက် အမျိုးသမီးနှစ်ဦးကို ယမန်နေ့က ပြန်လွှတ်ပေးလိုက်ပြီး ကျန်သက်ကြီး အမျိုးသားနှစ်ဦးကို ယနေ့တွင် ပြန်လွှတ်ပေးလိုက်သည်ဟု သတင်းရရှိသည်။ 

ထိန်းသိမ်းခံထားရာမှ ပြန်လွှတ်လာသူ ဦးဝေဇံမောင်၏ သမီးဖြစ်သူ မဦးနုညွှန့်က “ မနေ့ က မနက်မှာ နေအိမ်ဆောက်လုပ်ရန်အတွက် တောင်ကို ဝါးသွားခုတ်ပါတယ်။ ကျွန်မတို့ ညီအစ်မနှစ်ဦးရယ်၊ ကျွန်မ အဖေရယ်၊ အဖေရဲ့ ဝမ်းကွဲညီတစ်ဦးရယ်။ စုစုပေါင်း လေးဦးဖြစ်ပါတယ်။  ကျွန်မတို့ ဝါးခုတ်ပြီး မနက် ၉ နာရီမှာ ပြန်လာတော့ ကျွန်မတို့ကို စစ်ကြောင်းက ဖမ်းပါတယ်။ နေ့လယ် ၂ နာရီလောက်မှာ ကျွန်မတို့နှစ်ဦးကို ပြန်လွှတ်ပေးခဲ့ပေမယ့် အဖေတို့ကို ပြန်မလွှတ်ဘဲ ခေါ်ယူသွားပါတယ်။ ဒီနေ့ နေ့လယ်ပိုင်းမှာတော့ ကျွန်မ အဖေတို့ကို ပြန်လွှတ်ပေးလိုက်ပါတယ်” ဟု  ပြောသည်။

ယနေ့ ပြန်လွှတ်လာသူ နှစ်ဦးမှာ ဦးဝေဇံမောင် အသက် (၆ဝ) နှစ်နှင့် ဦးစိုးညွှန်မောင် အသက် (၅၈) နှစ်တို့ ဖြစ်ကြပြီး ၎င်းနှစ်ဦးမှာ ညီအစ်ကိုတစ်ဝမ်းကွဲတော်စပ်သည်ဟု မိသားစုဝင်များက ပြောသည်။

၎င်းတို့ နှစ်ဦးအား ယနေ့ မေလ ၁၉ ရက်နေ့တွင် ပြန်လွှတ်ပေးမည်ဟု တပ်မတော်စစ်ကြောင်း အရာရှိက ပြောဆိုသော်လည်း ယနေ့ နေ့လယ် ၁၂ နာရီထိ ပြန်မလွှတ်လာသေး၍ စိုးရိမ်မှုများ ဖြစ်ပေါ်ခဲ့ရကြောင်း သူမက ပြောဆိုသည်။ 

  “ ကျမတို့က ၉ နာရီလောက်မှာ ဝါးခုတ်ပြီး ပြန်လာတယ်။ အဲဒီချိန်မှာ သူတို့နဲ့တွေ့လို့ ကျမတို့က ဖမ်းတယ်။ ဗိုလ်ကြီးရောက်လာရင် အကုန်လုံးကို လွှတ်ပေးမယ်လို့ သူတို့က ပြောတယ်။ ဗိုလ်ကြီးက ၂ နာရီထိုးလောက်မှာ ရောက်လာတယ်။ သူ့ရောက်လာတဲ့ အချိန်မှာ ကျမတို့ကို လွှတ်ပေးလိုက်တယ်။ ကျမအဖေတို့ကို မနက်ဖန် မနက် လွှတ်ပေးမယ်ဆိုပြီး ပြောတယ်။ မနက်ပိုင်းထိ ပြန်လွှတ်မလာသေးလို့ ကျမတို့က စိတ်ပူခဲ့ကြတယ်။ အခု ပြန်လွှတ်လာပါပြီ” ဟု မဦးနုညွှန့်ဆက်လက်ပြောသည်။

၎င်းတို့ ဝါးခုတ်ရန်သွားသော တောင်မှာ ရွာ၏အနောက်ဖက်တွင် တည်ရှိပြီး ရွာနှင့် တစ်မိုင်ခန့် လောက်ဝေးသည်ဟု ရပ်ရွာလူကြီး တစ်ဦးဖြစ်သူ ဦးလှမောင်က ပြောသည်။

“အခုလို ရွာသားတွေ ဝါးခုတ်သွားတာ အဖမ်းခံရတော့  တအားစိုးရိမ်နေကြတယ်။ အခု အလုပ်လုပ်ရတာတွေကလည်း အဆင်မပြေတော့ဘူး။ တောင်ကိုတက်လို့လည်း မရတော့ဘူး။ အဖမ်းအဆီး အစစ်အဆေးတွေများတော့ စိုးရိမ်နေရတယ်”ဟု ဦးလှမောင်က ပြောသည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ ရသေ့တောင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စောဝေအား ဆက်သွယ်မေးမြန်းရာ “သူတို့က ဝါးခုတ်ဖို့သွားတယ်။ ဝါးခုတ်ဖို့ သွားတဲ့အချိန်မှာ သမီးနှစ်ယောက်လည်း ပါတယ်။ အဲဒီချိန် စစ်တပ်နှင့်တွေ့ပြီးတော့ မေးမြန်းစစ်ဆေးတာတွေ လုပ်တယ်။ သမီးနှစ်ယောက်ကို မနေ့က ပြန်လွှတ်လိုက်တယ်။ သူတို့နှစ်ယောက်ကို ခေါ်ထားလိုက်တယ်။ နှစ်ယောက်လုံးက အသက် ၆ဝ လောက်ရှိတယ်။ ဒီနေ့တော့ သူတို့နှစ်ယောက် ရွာကို ပြန်ရောက်လာပြီလို့  ဆရာမဆီ အကြောင်း ကြားလာတယ်”ဟုပြောသည်။


ဆက်စပ် သတင်းများ