သောကြာ၊ မတ်လ ၂၉ရက်၊ ၂၀၂၄

အိမ်ခြေ ၁ဝဝ ကျော်မီးရှို့ခံခဲ့ရသော ဘုရားပေါင်းရွာမှ သေဆုံးသူနှစ်ဦး၏ အလောင်း ကျောက်တော်မြို့နယ်ဆေးရုံသို့ရောက်ရှိလာ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၄ စက်တင်ဘာ ၂၀၂၀
  • | ကြည့်ရှုသူ: 7.7k

ထွန်းခိုင် (တောင်ရင်းကျွန်း)
နိရဥ္စရာ၊ စက်တင်ဘာ ၄/ ၂ဝ၂ဝ

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ ဘုရားပေါင်းကျေးရွာမှ ယမန်နေ့က အသတ်ခံခဲ့ရသူ နှစ်ဦး၏ အလောင်း ကျောက်တော်မြို့နယ်ပြည်သူ့ဆေးရုံသို့ ရောက်ရှိလာကြောင်း သတင်းရရှိသည်။

သေဆုံးသွားသူ နှစ်ဦးမှာကိုမောင်မြဝင်း(၂ဝ)နှစ် (ဘ) ဦးညိုမောင်လှနှင့် ကိုခင်မောင်သိန်း(၃၅) နှစ် (ဘ) ဦးစံထွန်းလှ၏သား တို့ဖြစ်ကြောင်း သိရှိရသည်။

ကျောက်တော်မြို့ပေါ်မှ အလောင်းကို ယူဆောင်ရာတွင် ပါဝင်သူ လူထု ဇော်ဝင်းက “ မနက် ၈ နာရီမှာ အလောင်းကို နာရေးကားနဲ့ ဘုရားပေါင်းရွာက သွားယူပါတယ်။ တစ်ယောက်ရဲ့ အလောင်းက တော်တော်ရုပ်ပျက်ဆင်းပျက် ဖြစ်သွားပါပြီ။ ရွာကတော့ အကုန်လုံးမီးလောင်တယ်လို့ ပြောလို့ရပါတယ်။ အိမ်ခြေ ၂ဝဝ ကျော်ရှိတယ်လို့ သိရပါတယ်။ အိမ်တိုင်တွေ လောက်ပဲကျန်တဲ့ အိမ်တွေလည်းတွေ့ခဲ့ရပါတယ်။ တောင်ပေါက်ရွာမှာလည်း အိမ်ခြေတော်တော်များများ လောင်သွားပါတယ်။ လူအသေအပျောက်ကတော့ နှစ်လောင်းသာတွေ့ရှိပေမယ့် ဘယ်နှစ်ဦးပျောက်နေတယ်။ ဘယ်ကို ရောက်နေတယ်ဆိုတာ ဘယ်သူမှ မပြောနိုင်သေးဘူး။ ရွာသားတွေက တစ်ယောက်မှ ရွာမှာ မရှိတော့ဘူး” ဟု ပြောကြားသည်။

၎င်းမီးရှို့မှုနှင့် ပတ်သက်ပြီး မျက်မြင်ရွာသားများကို ကိုးကားပြီး ၎င်းက ပြောဆိုသည်။

“ ဒါက ရွာထဲမှာ မျက်မြင်ရွာသားတွေရှိပါတယ်။ အိမ်ကို မီးရှို့တဲ့ အချိန်မှာ မြေကြီးမှာ ဝပ်ပြီး ပုန်းအောင်း နေခဲ့ရတဲ့သူတွေရှိပါတယ်။ သူတို့က ပြောပါတယ်။ စစ်သားတွေရှို့တာလို့။ သက်ဆိုင်ရာတာဝန်ရှိသူတွေက စစ်ဆေးရင် ရပါတယ်။ ဘယ်သူတွေ ကျူးလွန်သလဲဆိုတာကို” ဟု လူထုဇော်ဝင်းက ပြောဆိုသည်။

ဘုရားပေါင်းကျေးရွာမှ ရွာသားတစ်ဦးဖြစ်သူ ဦးစံအောင်ကျော်က “ ကျွန်တော်တို့ အရမ်းကြောက်သွားပါတယ်။ သေနတ်တွေနဲ့ ပစ်၊ မီးရှို့၊ ဘာတွေဖြစ်လို့ ဖြစ်မှန်းမသိတော့ပါ။ ညဉ့် ၁၂ နာရီလောက်မှာ မီးငြိမ်းသွားပါတယ်။ ရွာထဲကနေ ထွက်ပြေးပြီး ဘုန်းတော်ကြီးကျောင်းမှာ ဝင်ပုန်းနေခဲ့ရပါတယ်။ ပေါက်ကွဲသံ တစ်ခုကြားရပြီး ပစ်ခတ်သံတွေ ကြားရပါတယ်။ အဲဒီနောက် ည ၆ နာရီကျော်လောက်မှာ ရွာထဲကို စစ်တပ်က ဝင်လာပါတယ်။ ည ၇ နာရီကျော်လောက်မှာ မီးစရှို့ခံရပါတယ်။ အခုတော့ ကျွန်တော်တို့ မိသားစု တစ်ခြား ရွာတစ်ရွာမှာ ရောက်နေပါပြီ” ဟု ပြောကြားသည်။

တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ ဗိုလ်ချုပ်ဇော်မင်းထွန်းက ယမန်နေ့ ကျောက်တော်မြို့နယ်မှ ကျေးရွာများကို မီးရှို့ခြင်းများကို တပ်မတော်က မလုပ်ဆောင်ကြောင်း ယနေ့ နေပြည်တော်တွင် ပြုလုပ်သော သတင်းစာ ရှင်းလင်း ပွဲတွင် ပြောဆိုသည်။

" မနေ့ကည ၆ နာရီခွဲ အချိန်လောက်မှာ စစ်တွေ ကျောက်တော် အပေါက်ဝ ရဲစခန်းမှာ တာဝန်ထမ်းဆောင်မယ့် ရဲတပ်ဖွဲ့ဝင်တွေကို AA က နေပြီးတော့ မိုင်းဆွဲပြီးတော့ တိုက်ခိုက်ခဲ့တာရှိတယ်။ လမ်းမပေါ်မှာပဲ။ ကျောက်တော်မြိုရဲ့ တောင်ဘက် မီတာ ၄ဝဝဝ အကွာမှာ။ ရဲတစ်ဦး ဒဏ်ရာရရှိသွားတာရှိတယ်။ အဲဒီပို့ဆောင်ပြီးနောက် ပြန်အလာမှာလည်းပဲ အဲဒီနေရာပဲ ဆက်လက် တိုက်ခိုက်ခဲ့တာရှိတယ်။ အဲဒီမှာ ရန်သူ့ အလောင်း ၂ လောင်းနဲ့ သေနတ် ၁ လက်ရရှိခဲ့တာရှိတယ်" ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောဆိုသည်။

တပ်မတော်အနေဖြင့် ရခိုင်ပြည်နယ်တွင် အကြမ်းဖက်နှိမ်နင်းမှု စစ်ဆင်ရေး ဆောင်ရွက်လျက်ရှိပြီး တပ်မတော်အပေါ် စွပ်စွဲမှုများနှင့်ပတ်သက်၍ ငြင်းဆိုကြောင်း၊ AA သည် အပြောနှင့် အလုပ် တခြား စီဖြစ်နေသည်ဟု ၎င်းက ဆိုသည်။

ရခိုင်တိုင်းရင်းသား မျိုးနွယ်များအစည်းအရုံး (REC) အနေဖြင့် အဆိုပါကျေးရွာများသို့ သွားရောက်ရန် အဆင်မပြေသေးသဖြင့် လူသေဆုံး၊ ဒဏ်ရာရမှုများနှင့် မီးလောင်သွားသော အိမ်ခြေအရေအတွက်များကြို စာရင်း မပြုစုနိုင်သေးကြောင်း ဆက်ပြောသည်။

ကျောက်တော်မြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဦးထွန်းဝင်းက “ မီးတိုက်ခံရတာလား။ မီးလောင်တာလားတော့ မပြောတတ်ဘူး။ သေဆုံးတာနှစ်ယောက်ကတော့ သေချာတယ်။ သူတို့နှစ်ယောက်က ကျောက်တော်ဆေးရုံကို ရောက်နေကြပြီ။ သူတို့သေဆုံးတာကတော့ ပစ်ခတ်မှုထဲမှာ ပါသွားတယ်လို့ဘဲ ယူဆလို့ရတယ်” ဟု ပြောသည်။

ဆက်စပ် သတင်းများ