အင်္ဂါ၊ ဧပြီလ ၁၆ရက်၊ ၂၀၂၄

မြေပုံမြို့နယ် ညောင်ကန်ရွာထဲ လက်နက်ကြီးကျည်ကျ၍ ကလေးငယ်နှစ်ဦး၊ကျောင်းဆရာမတစ်ဦးအပါအဝင် ၄ ဦး သေဆုံး


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၈ စက်တင်ဘာ ၂၀၂၀
  • | ကြည့်ရှုသူ: 4.2k

ဆောင်းဇာခြည်
နိရဥ္စရာ၊ စက်တင်ဘာ ၈/ ၂ဝ၂ဝ

ရခိုင်ပြည်နယ်၊ မြေပုံမြို့နယ်၊ ညောင်ကန်ကျေးရွာတွင် ယနေ့ နံနက် ၁ဝ နာရီခွဲခန့်က ကျေးရွာထဲသို့ လက်နက်ကြီးကျည်ကျ၍ အသက်ခုနှစ်အရွယ် ကလေးငယ် ၂ ဦး၊ ကျောင်းဆရာမ ၁ ဦးအပါအဝင် ၄ ဦး သေဆုံးပြီး၁၁ ဦး ဒဏ်ရာ အပြင်းအထန် ရရှိသွားကြောင်း သတင်းရရှိသည်။

သေဆုံးသူများမှာ ညောင်ကန်ကျေးရွာတွင် မူလတန်းပြသူ ဒေါ်မိုးသဇင် (၂၇) နှစ် သမီးဖြစ်သူ မသူသူဟိန်း (၇) နှစ်၊ ကိုချမ်းငြိမ်းသူ (၂၅) နှစ်နှင့် မောင်သူရအောင် (၇) နှစ် တို့ဖြစ်ကြသည်။

ဒဏ်ရာရရှိသွားသူများမှာ ဦးရဲကိုကို (၂၅) နှစ်၊ ဦးမောင်မောင်ထွန်း (၃၇) နှစ်၊  ဦးညီပု (၄၈) နှစ်၊ ဦးဆန်းနု (၅၈) နှစ်၊ ဒေါ်ချိုချို (၃၂)နှစ်၊ မနှင်းယုလှိုင် (၂၂) နှစ်၊ မောင်စိုးလင်းထွန်း (၁၈) နှစ်၊ ဒေါ်ဗြက်မချေ (၅၃) နှစ်၊ဒေါ်ဇင်မာ (၃၂) နှစ်နှင့် သူမ၏ သားဖြစ်သူ အသက် (၅) နှစ်အရွယ် ကလေးငယ်တစ်ဦးတို့ဖြစ်ကြောင်း ညောင်ကန်ကျေးရွာမှ အုပ်ချုပ်ရေးမှူးဟောင်း ဦးစံဖေက ပြောသည်။

“ကျွန်တော်တို့ရွာက မြေပုံမြို့နယ် အပိုင်ပါ။ အခုပစ်လိုက်တာက အမ်းမြို့နယ်အပိုင် ဒါးလက်ချောင်းဘက်မှာ တည်ရှိတဲ့ စစ်တပ်က ပစ်လိုက်တာပါ။ ရွာထဲကို ကျပါတယ်။ လက်နက်ကြီး ၃ ခါပစ်တာ။ တစ်ခါပစ်ရင် လက်နက် နှစ်လုံးထွက်တယ်။ တစ်ခါပစ်ရင် နှစ်လုံးပြူးထွက်တယ်။ အဲတော့ သုံးခါပစ်ရင် လက်နက်က ခြောက်လုံးပေါ့ ရွာထဲလာကျတာ။ သေသွားတဲ့ ကလေးတွေက ကျောင်းတက်နေကြပါပြီ” ဟု ဦးစံဖေက နိရဥ္စရာသို့ ပြောသည်။

အဆိုပါ တပ်မတော်စခန်းမှာ ညောင်ကန်ကျေးရွာ၏ အရှေ့ဘက် ၇ မိုင်ခန့်အကွာ အမ်းမြို့နယ်အပိုင်တွင် တည်ရှိခြင်းဖြစ်ကြောင်း၊ ယင်းတပ်မတော်အထိုင်စခန်းက ထိုကဲ့သို့ ပစ်ခတ်ခြင်းမှာ ယခုအကြိမ် ပထမဆုံး ဖြစ်ကြောင်း ဦးစံဖေက ဆက်ပြောသည်။

သေဆုံးသူ ပညာရေးဝန်ထမ်း ဒေါ်မိုးသဇင်၏ ယောက်ခမတော်သူ ဦးကျော်သိန်းမောင်က “မိုးသဇင်က ကျွန်တော့်သားရဲ့ ဇနီးပါ။ သူ့မှာ နားရွက်အောက်ကို လာကျတာ။ နားရွက်အောက်ကနေပြီး နို့အုံနားက ဖောက်ထွက်သွားတယ်။ မြေးလေးမှာ ဗိုက်က အူတွေ ထွက်သွားပါတယ်။ အိမ်မှာထိုင်နေရင်း လက်နက်ကြီး လာကျတာ ပွဲချင်းပြီး သေသွားပါတယ်။ ကျွန်တော့်မှာ မြေးလေးကို ပူစရာမရှိ တယုတယ ထားထားတာ။ အခုလို ဖြစ်သွားတော့ ပြောစရာစကားမရှိတော့ဘူး။ မြန်မာ့တပ်မတော်က ပစ်လိုက်တာပါ။ အထက် လူကြီးတွေကို ကျွန်တော်တို့ ရခိုင်သူ/သားတွေ၊ မြေး၊ မြစ်တွေကို အခုလိုပဲ ရွာတွေကို အဝေးက လှမ်းပစ်နေတော့မှာလား၊ အခုလို သတ်နေတော့မှာလား ပြောချင်တယ်” ဟု နိရဥ္စရာသို့ ပြောသည်။

ကျေးရွာသားများနှင့် သေဆုံးသူ မိသားစုများက တပ်မတော်မှ ပစ်ခတ်ခြင်းဖြစ်ကြောင်း ပြောဆိုသဖြင့် တပ်မတော် သတင်းမှန်ပြန်ကြားရေး အဖွဲ့ ဥက္ကဋ္ဌ ဗိုလ်ချုပ် ဇော်မင်းထွန်းသို့ ဆက်သွယ်မေးကြည့်ရာ ၎င်းသတင်းကို သူမရရှိသေးဟု ပြောကြားသည်။

“ ဒီသတင်းတော့ ကျွန်တော်မရသေးဘူး။ ဘူးသီးတောင်ဘက်မှာ ဒီနေ့ မနက် ဖြစ်တဲ့ ဖြစ်စဉ်တစ်ခုကို ကျွန်တော်ရသေးတယ်” ဟု ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောကြားသည်။

ယခုပစ်ခတ်မှုနှင့် ပတ်သက်ပြီး တပ်မတော်ဘက်က သတင်းထုတ်ပြန်မှုလည်း တစ်စုံတစ်ရာ မရှိသေးသဖြင့် တပ်ဘက်က တုံ့ပြန်မှုကို မသိရသေးပါ။

ဒဏ်ရာရှိသူများမှာ ခြေ၊လက်၊ နောက်ကျောတို့ ဒဏ်ရာ အပြင်းအထန်ရရှိသွားကြောင်း၊ လက်ရှိတွင် ယင်း ဒဏ်ရာရရှိသွားသူများကို မြေပုံမြို့နယ်၊ ကမ်းထောင်းကြီးတိုက်နယ်ဆေးရုံသို့ စက်လှေဖြင့် ပို့ဆောင်လျှက ရှိကြောင်း ၎င်းကျေးရွာအုပ်ချုပ်ရေးမှူးဟောင်းက ဆက်ပြောသည်။

ယင်းကျေးရွာအနီး ယနေ့ နံနက်ပိုင်းအထိ နှစ်ဘက်တိုက်ပွဲ အပြန်အလှန်ဖြစ်ပွားခြင်းမရှိကြောင်း ဒေသခံများ ပြောပြချက်အရ သိရသည်။

ယင်းကိစ္စနှင့်ပတ်သက်ပြီး မြေပုံမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ဝင်းအား နိရဥ္စရာမှ ဆက်သွယ်ခဲ့ရာ ၄င်းမှာ ခရီးလွန်နေ၍ ထိုကိစ္စအား မသိရသေးကြောင်း၊ ယင်းကိစ္စအား သူ့အနေဖြင့် စုံစမ်းပြီးလျှင် နိရဥ္စရာသို့ ဆက်သွယ်၍ ဖြစ်စဉ်အား ပြောပြမည်ဖြစ်ကြောင်း ပြောသည်။

မြေပုံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖေသန်းက “အဲဒီရွာက အမ်းမြို့နယ်နဲ့ ပိုနီးတယ်။ လက်နက်ကြီးတွေ ရွာထဲကို ကျလာတာ။ အဲဒီအနားမှာ ဒီနေ့ တိုက်ပွဲဖြစ်တာ မရှိဘူး။ အဲဒီဒေသမှာ အရင်ကလည်း တိုက်ပွဲဖြစ်တာ မရှိခဲ့ဘူး။ အရပ်သားတွေ ပြောတာတော့ အမ်းမြို့နယ်ဘက်မှ တပ်စွဲထားတဲ့ စခန်းက တောင်ပေါ်က ပစ်တာလို့ ပြောတယ်။ အဲဒီအနီးတဝိုက်မှာ အေအေဘက်က တပ်စခန်းက အခိုင်အမာလည်း မရှိဘူး။ နှစ်ဘက်တိုက်ပွဲဖြစ်တာလည်း မရှိဘူး” ဟု နိရဥ္စရာသို့ ပြောသည်။

ရခိုင်ပြည်နယ် နယ်လုံဝန်ကြီး ဗိုလ်မှူးကြီး မင်းသန်းတို့အား နိရဥ္စရာမှ ဆက်သွယ်ခဲ့ရာ ဖုန်းလက်ခံဖြေဆိုခြင်း မရှိခဲ့ပါ။

ဒဏ်ရာပြင်းထန်သူ မနှင်းယုလှိုင် (၂၂) နှစ် မှာ သတိမဲ့နေဆဲဖြစ်ကြောင်း သိရသည်။

အဆိုပါကျေးရွာတွင် အိမ်ခြေ ၃၇ဝ နှင့် လူဦးရေ ၂ဝ၁၈ ဦး ရှိကြောင်း သိရသည်။

ဆက်စပ် သတင်းများ