ကြာသပတေး၊ ဧပြီလ ၂၅ရက်၊ ၂၀၂၄

ညောင်ကန်ကျေးရွာမှ ကျည်စထိ၍ ရက်ပေါင်း ၁ဝကျော်သတိမေ့နေသည့် အဝေးသင်ကျောင်းသူ ခြေလက်များအနည်းငယ်လှုပ်ရှားမှုပြုလုပ်လာ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၂ စက်တင်ဘာ ၂၀၂၀
  • | ကြည့်ရှုသူ: 5.2k

ဆောင်းဇာခြည်
နိရဥ္စရာ၊ စက်တင်ဘာ ၂၂/ ၂ဝ၂ဝ

ရခိုင်ပြည်နယ်၊ မြေပုံမြို့နယ်၊ ညောင်ကန်ကျေးရွာမှ လက်နက်ကြီးကျည်စ ဦးခေါင်းကို ထိမှန်ခဲ့ပြီး (၁ဝ) ရက်ကျော် မေ့မျောနေသော နောက်ဆုံးနှစ် အဝေးသင်ကျောင်းသူ မနှင်းယုလှိုင် (၂၂) နှစ်မှာ အခြေနေ အနည်းငယ် တိုးတက် ကောင်းမွန်လာကြောင်း ဖခင်ဖြစ်သူ ဦးမောင်ဖြူသီးက ပြောသည်။

မြေပုံမြို့နယ်၊ ကမ်းထောင်းကြီးတိုက်နယ်ဆေးရုံမှ စစ်တွေဆေးရုံသို့ စက်တင်ဘာ ၉ ရက်နေ့က ယူဆောင် လာပြီးကတည်းက သတိမေ့နေပြီး ရက်ပေါင်း ၁ဝ ကျော်မှ သူမ၏ ခြေနှင့်လက် အနည်းငယ် စတင် လှုပ်ရှားမှု ပြုလုပ်လာခဲ့ကြောင်း ၎င်းက ပြောသည်။  

ဦးမောင်ဖြူသီးက “ခြေ၊ လက်လှုပ်လာတာ နှစ်ရက်ရှိပြီ။ ဒီလ ၂ဝ ရက်နေ့ လောက်မှ မျက်လုံးလည်း ဖွင့်ကြည့်တယ်ပေါ့။ ဒါပေမယ့် သတိရတာမျိုးတော့ မဟုတ်သေးဘူး။ စကားတော့ မပြောနိုင်သေးဘူး။ လူစကားပြောရင်တော့ ကြားနိုင်နေပြီပေါ့” ဟု နိရဥ္စရာသို့ ပြောသည်။

စစ်တွေဆေးရုံသို့ရောက်ပြီးနောက် စက်တင်ဘာ ၁ဝ ရက်နေ့က ဦးခေါင်းအား ခွဲစိတ်ကုသမှု ပြုလုပ်ခဲ့သော်လည်း ဦးခေါင်းတွင် ကျည်စကျန်ရှိနေသေးကြောင်း ဖခင်ဖြစ်သူက ဆက်ပြောသည်။
လက်ရှိတွင် အောက်ဆီဂျင်ပေးကာ အသက်ရှုစရာ မလိုတော့ဘဲ မိမိနှာခေါင်းဖြင့် စက်တင်ဘာ ၂ဝ ရက်နေ့မှစ၍ အသက်ရှုနိုင်နေပြီဖြစ်ကြောင်း၊ သူမအားကုသပေးနေသည့် ဆရာဝန်ကလည်း သူမမှာ ယခင်ထက် တိုးတက် ကောင်းမွန်လာပြီဖြစ်ကြောင်း မိသားစုဝင်များအားပြောကြောင်းကို မနှင်းယုလှိုင်၏ ဝမ်းကွဲအစ်မတော်စပ်သူ မခင်တင်ချေက ပြောသည်။

“မျက်လုံးလည်း တစ်ခေါက်တစ်ခါ ဖွင့်တယ်။ ဒဏ်ရာက နာကျင်ရင်လည်း သူ့မျက်နှာတွေ ကျုံ့သွားတယ်။ မျက်ရည်တွေလည်းကျတယ်။ ကျွန်မတို့က မငိုနဲ့ ဆရာဝန်တွေက သေချာကောင်းအောင် ကုပေးနေတာ ဝမ်းမနည်းနဲ့လို့ ပြောရင် သူငိုတာတိတ်သွားတယ်။ အရင်က ဒီလို မဟုတ်ဘူးပေါ့။ အရင်ကဆို ဘာမှမသိဘဲ အိပ်ယာထဲ လဲနေတာ။ ပါးစပ်ကလည်း သွင်းထားတယ်။ နှာခေါင်းမှာလည်း ပိုက်သွင်းထားတယ်။ အစာကိုလည်း ပိုက်ကသွင်းတယ်။ ထမင်းရည်တွေလည်း တိုက်လု့ိရနေပါပြီအခု” ဟု သူမက နိရဥ္စရာသို့ ပြောသည်။

မနှင်းယုလှိုင်၏ အခြေနေမှာ ပြန်လည်ကောင်းမွန်လာသော်လည်း ဦးခေါင်းထဲတွင် ကျန်ရှိနေသေးသည့် ကျည်စအား နှုတ်ယူရန် သူမ သတိပြန်ရလျှင် ရန်ကုန်ဆေးရုံသို့ ပို့ဆောင်ခွဲစိတ်မည်ဖြစ်ကြောင်း ဆရာဝန်က ပြောကြောင်းကို ဦးမောင်ဖြူသီးက ပြောသည်။

ပြီးခဲ့သည့် စက်တင်ဘာ ၈ ရက်နေ့က မြေပုံမြို့နယ်၊ ညောင်ကန်ကျေးရွာအတွင်းသို့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် ကလေးငယ်နှစ်ဦးအပါအဝင် ကျောင်းဆရာမတစ်ဦးနှင့် အရပ်သားတစ်ဦး စုစုပေါင်း ၄ ဦး သေဆုံးသွားခဲ့ပြီး အဝေးသင်နောက်ဆုံးနှစ် ကျောင်းသူ မနှင်းယုလှိုင်အပါအဝင် ၁၄ ဦးဒဏ်ရာရရှိသွားခဲ့ကြောင်း သိရသည်။

အဆိုပါ လက်နက်ကြီးကျည်မှာ ညောင်ကန်ကျေးရွာ၏ အရှေ့ဘက် ၇ မိုင်ခန့်အကွာ အမ်းမြို့နယ် ဒါးလက်ချောင်းတွင် စခန်းချနေထိုင်သည့် တပ်မတော်စခန်းက ပစ်ခတ်ခြင်းဖြစ်ကြောင်း ရွာသားများက မီဒီယာများသို့ ထုတ်ဖော်ပြောဆိုသော်လည်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်ပြီး  ယနေ့ထိ တစ်စုံတစ်ရာ သတင်းထုတ်ပြန်မှု မရှိသေးပါ။

ဆက်စပ် သတင်းများ