ကြာသပတေး၊ မတ်လ ၂၈ရက်၊ ၂၀၂၄

အမ်းမြို့နယ်မှ ပုဇွန်မွေးသူတစ်ဦး ဖမ်းဆီးစစ်ဆေးနှိပ်စက်ခံရ၍ ဆေးရုံသို့ ပို့ဆောင်ရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၅ နိုဝင်ဘာ ၂၀၂၀
  • | ကြည့်ရှုသူ: 5.1k

ခိုင်လူလှ (ရိုးမမြေ)
နိရဥ္စရာ၊ နိုဝင်ဘာ၁၅/၂ဝ၂ဝ

ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်၊ ကျောက်မြောင်းအုပ်စု၊ ချစ်ပုံမ ကျေးရွာတွင် ပုဇွန်ကာရီ (ပုဇွန်မွေးမြူရေး) လုပ်နေသည့် ရွာသားတစ်ဦးအား စစ်တပ်က ဖမ်းဆီးစစ်ဆေးစဉ် ညှဉ်းပန်းနှိပ်စက်ခံရ၍ ဒဏ်ရာရရှိသွားသဖြင့် အနီးအနားရှိ တပ်တောင်တိုက်နယ်ဆေးရုံသို့ ယူဆောင်လာရသည်ဟု မိသားစုများက ပြောသည်။

၎င်းညှဉ်းပမ်းနှိပ်စက်ခံရသူမှာ ဦးကျော်နုမောင် (၄၈) နှစ်ဖြစ်သည်။

သမီးဖြစ်သူ ခင်နှင်းဝေက “ကျွန်မ အဖေက ကာရီဆည်ပြီး ပုဇွန်မွေးမြူရေး လုပ်နေတာပါ။ မနေ့က ညနေ ၄ နာရီ မိနစ် ၂ဝ လောက်မှာ စစ်တပ်က တဲပေါ်ကနေ ချစ်ပုံမ ကျေးရွာ ဘုန်းတော်ကြီး ကျောင်းထဲကို ကြိုးတုတ် ခေါ်ယူသွားပြီး ဇရပ်မှ ချည်ထားပြီး တအား ရိုက်နှက်စစ်ဆေးတယ်လို့ သိရပါတယ်။ အဖေက ရိုးရိုးသားသား လုပ်စားနေတာပါ။ ဒီနေ့ မနက်က စစ်သားတွေထွက်သွားတော့ ကျွန်မ အဖေကို ဇရပ်ပေါ်မှာ ကြိုးတုတ်ပြီး ထားခဲ့ပါတယ်။ မျက်နာတစ်ခုလုံး ရောင်ရမ်းနေပြီး ခန္ဓာကိုယ်တွေ အရမ်းနာနေတယ်လို့ သိရပါတယ်။ စကားလည်း မပြောနိုင်တော့ပါဘူး။ အခု တပ်တောင် တိုက်နယ် ဆေးရုံကို ယူဆောင်လာပါတယ်” ဟု ပြောကြားသည်။

ဦးကျော်နုမောင်သည် တပ်တောင်ဇာတိဖြစ်ပြီး ဇနီးသည်နှင့်အတူ ချစ်ပုံမ ကျေးရွာတွင် ကာရီဆည်ပြီး ပုဇွန်မွေးမြူရေး လုပ်နေသူ ဖြစ်ကြောင်း သိရှိရသည်။

အမ်းမြို့နယ်တွင် လူမှုရေး ဆောင်ရွက်နေသူ ကိုမျိုးလွင်က “ ရွာသားတွေပြောတာကတော့ သတိတောင် မေ့သွားတယ်လို့ ပြောပါတယ်။ ဇရပ်ပေါ်မှာကြိုးနဲ့ ချည်ပြီးထားခဲ့တယ်။ စစ်တပ်ကတော့ လင်ပန်းကျ ကျေးရွာဘက်ကို ထွက်သွားတယ်လို့ သိရပါတယ်။ အခုသူ့ကိုတော့ ဆေးကုသဖို့ ဟွန်ဒါစက်လှေနဲ့ တပ်တောင်ကို ယူသွားပါပြီ။ စစ်တပ်က သိမ်းဆည်းထားတဲ့ ရွာသားတွေရဲ့ ဖုန်းတွေကိုတော့ ဆရာတော်က မေတ္တာရပ်ခံတဲ့ အတွက် ပြန်ပေးခဲ့တယ်လို့ သိရပါတယ်” ဟု ယနေ့ နံနက် ၁၁ နာရီကျော်က ပြောကြားသည်။

အမ်းမြိုကနယ် ကျောက်မြောင်းအုပ်စုသို့ နိုဝင်ဘာလ ၁၃ ရက်နေ့က အင်အား ၂ဝဝ ခန့်ပါဝင်သည့် တပ်မတော် စစ်ကြောင်း တစ်ခု ရောက်ရှိလာပြီး ကျေးရွာအများအပြားအား ရှာဖွေ မွှေနှောက်မှုများ ပြုလုပ်ခဲ့သည်ဟု သိရသည်။

ကျောက်မြောင်းအုပ်စုသည် ကျွန်းပေါ်တွင် တည်ရှိသည့် ကျေးရွာအုပ်စု တစ်ခုဖြစ်ပြီး ၎င်းအုပ်စုတွင် ကျောက်မြောင်း၊ လင်ပန်းကျ၊ ချစ်ပုံမ၊ ရေကောင်းချိန်၊ တောင်ကြီးရင်း၊ စည်တောင်ကြီး၊ စည်တောင်ကလေး၊ အမွှေတင် စသည့် ကျေးရွာပေါင်း ၁၁ ရွာရှိပြီး ရွာသာအများအပြားမှာ ကြောက်လန့်ပြီး ရွာပြင်ဥယျာဉ်များ၊ ယာတဲများတွင် ထွက်ပြေးခိုလှုံနေကြရသည်ဟု ဆိုသည်။

အဆိုပါ ဖြစ်စဉ်များနှင့်ပတ်သက်ပြီး တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ ဥက္ကဋ္ဌ ဗိုလ်ချုပ်ဇော်မင်းထွန်းအား ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေဆိုခြင်းမရှိပါ။

(ဓာတ်ပုံ- ကိုမျိုးလွင်ပို့စ်)

ဆက်စပ် သတင်းများ