ကြာသပတေး၊ မတ်လ ၂၈ရက်၊ ၂၀၂၄

ကျောက်တော် တင်းမကျေးရွာမှ စစ်ကြောင်းတစ်ခုက ဖမ်းဆီးပြီးနောက်ပျောက်ဆုံးနေသူ ၁၈ဦးကိစ္စ သက်ဆိုင်ရာကိုတိုင်ကြားပြီး တရားဥပဒေနည်းလမ်းဖြင့်ဆောင်ရွက်နိုင်ဟုဆို


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၇ နိုဝင်ဘာ ၂၀၂၀
  • | ကြည့်ရှုသူ: 8.1k

ခိုင်လူလှ(ရိုးမမြေ)
နိရဥ္စရာ၊ နိုဝင်ဘာ ၂၇/၂ဝ၂ဝ

မိသားစုများ ပြောဆိုနေသည့် ကျောက်တော်မြို့နယ်၊ တင်းမကြီးကျေးရွာနှင့် တင်းမသစ်ကျေးရွာမှ တပ်မတော် စစ်ကြောင်းတစ်ခုမှ ဖမ်းဆီး ပြီးနောက် ပျောက်ဆုံးနေသူ ကျေးရွာသား (၁၈) ဦးကိစ္စအား တရားဥပဒေနှင့်အညီ သက်ဆိုင်ရာကို တိုင်ကြားပြီး တရားဝင် နည်းလမ်းကနေ ဆောင်ရွက်နိုင်ကြောင်း တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ ဥက္ကဋ္ဌ ဗိုလ်ချုပ် ဇော်မင်းထွန်းက ယနေ့ သတင်းစာရှင်းလင်းပွဲတွင် ပြောကြားလိုက်သည်။

သတင်းစာရှင်းလင်းပွဲတွင် Myanmar Now မှ သတင်းထောက်တစ်ဦးက တင်းမကျေးရွာက ပျောက်ဆုံးနေသူ ၁၈ ဦးနှင့် ပတ်သက်ပြီး မေးမြန်းရာတွင် ဗိုလ်ချုပ် ဇော်မင်းထွန်းက ထိုသို့ ဖြေကြားသွားခြင်း ဖြစ်ပါသည်။

“ဖမ်ဆီးထားတဲ့ လူတွေနဲ့ ပတ်သက်ပြီးတော့ ကျနော်တို့ အများအားဖြင့် ဒီစစ်ဆေးတာတွေရှိမယ်။ ဖမ်းဆီးထိန်းသိမ်းတာတွေရှိကောင်းရှိမယ်။ သို့သော်တရားစီရင်ရေး အပိုင်းကိုတော့ တရားစီရင်ရေးကဏ္ဍ အတိုင်းပဲဆောင်ရွက်လျက်တယ်။ အခုနက ပြောတဲ့ ပျောက်ဆုံးနေသူတွေ ရှိလား မရှိလား ဆိုတာတော့ ကျွန်တော်အနေနဲ့ အငြင်းမပွားလိုကြောင်း၊ ရှိကောင်းလည်းရှိနိုင်တယ်။ ဒါတွေနဲ့ ပတ်သက်ပြီး အခုလို ပစ်ခတ်မှုရပ်စဲနေတဲ့ အချိန်အတွင်းမှာတော့ သက်ဆိုင်ရာတွေကို အကြောင်းကြားတာတော့၊ သက်ဆိုင်ရာနည်းလမ်းအတိုင်း ပူးပေါင်းဆောင်ရွက် လုပ်ကိုင်နိုင်တယ်ဆိုရင် ပိုပြီး အဆင်ပြေပါလိမ့်မယ်” ဟု ပြောဆိုသည်။

၎င်းပြင် သက်သေအထောက်အထားများရှိပါ သက်သေအထောက်အထားများဖြင့်ရဲစခန်းကို တိုင်ကြားနိုင်ကြောင်း ဆက်လက်ပြောကြားသည်။

“ အဖမ်းခံရတဲ့ သက်သေ အထောက်အထားရှိတယ်ဆိုရင်လည်း အဲဒီ သက်သေ အထောက်အထားတွေနဲ့ သက်ဆိုင်ရာတွေကို ပြောပေါ့။ ဒီဘက်ကလည်း ဟုတ်ရင်ဟုတ်တယ်။ မဟုတ်ရင် မဟုတ်ဘူး။ ဘယ်လို လုပ်ထားတာကို ပြောပါလိမ့်မယ်။ အရင်က ပဋိပက္ခတွေဖြစ်ပွားနေတဲ့ အချိန်မှာတော့ လုပ်ခွင့်မသာဘူး။ ဒီအချိန်မှာတော့ ဒါတွေကို လုပ်ဆောင်နိုင်ဖို့အတွက် လွယ်ကူလာပါလိမ့်မယ်။ အဲသလိုမျိုးလုပ်တာ ပိုပြီး နှစ်ဦးနှစ်ဘက်အတွက်လည်း ပိုအဆင်ပြေပါလိမ့်မယ်။  သူကတော့ သက်ဆိုင်ရာကို အကြောင်းကြားတယ် ဆိုတာက တိုက်ရိုက်ရဲစခန်းကို တိုင်ချက်ဖွင့်တာပါဘဲ။ ရဲစခန်းကို လူပျောက်တိုင်ချက် ဖွင့်ရင် ဘယ်သူ့ကို သံသယရှိတယ်။ ဘာညာ ဒီအထဲမှာ ထည့်ရင်ဒီဟာနဲ့ ပတ်သက်ပြီး ရဲစခန်းကလည်း တပ်ကို သံသယရှိရင် တပ်ကို အကြောင်းကြားမှာဘဲ။ ဒါကြောင့်မို့လည်း ရဲကနေ ဘယ်အဖွဲ့ ဘယ်ပုဂ္ဂိုလ်ဆိုတာ တရားဝင် အကြောင်းကြားမှာဘဲ။ ဒါတွေသည် တရားဝင် လမ်းကြောင်းအရတော့ ဒီလမ်းကြောင်းက ရှိပြီး ဖြစ်ပါတယ်။ ဒါတွေကိုလည်း လုပ်ဆောင်နေကျဖြစ်ပါတယ်။ ဒါနဲ့ ပတ်သက်ပြီး ကျနော်တို့ကတော့ တရားဥပဒေကို ကျော်လွန်ပြီး လုပ်စရာအကြောင်းလည်း မရှိပါဘူး” ဟု ပြောကြားသည်။

ပျောက်ဆုံးနေသူများမှာ တင်းမကြီးကျေးရွာမှ ကျေးရွာသား ၁ဝ ဦးနှင့် တင်းမသစ်ရွာမှ ၈ ဦးတို့ ဖြစ်ကြသည်။

မတ်လ ၁၆ ရက်နေ့က  တပ်မတော်စစ်ကြောင်းတစ်ခုက ဖမ်းဆီးခေါ်ဆောင်ခံရသည့် တင်းမကြီးကျေးရွာမှ ယင်းဖမ်းဆီးခေါ်ဆောင်ခြင်းခံရသူများမှာ ဦးအောင်ညွန့် (၆၅) နှစ်၊ ဦးထွန်းဝင်းမောင် (၆၄) နှစ်၊ ဦးယာဉ်မောင် (၄ဝ) နှစ်၊ ဦးသန်းမောင်ထွန်း (၄ဝ) နှစ်၊ ဦးမောင်ဝင်း (ခေါ်) ဦးမောင်ဝင်းကြီး (၅ဝ) နှစ်၊ ဦးမောင်ဝင်းချေ (၃၇) နှစ်၊ ဦးမောင်ကြည်လင်း (၄ဝ) နှစ်၊ ဦးမောင်စိန်ဝင်း အသက် ၅ဝ ကျော်၊ မောင်ထွန်းထွန်းဝေ (၁၅) နှစ်နှင့် မောင်နေလင်းဦး (၂၈) နှစ်တို့ဖြစ်ကြောင်း မိသားစုများက ပြောကြားသည်။

မတ်လ ၁၃ ရက်နေ့က တင်းမရွာသစ်မှ ဖမ်းဆီးခေါ်ဆောင်ခံရသူ ၈ ဦးမှာ ဦးမောင်စိတ်ကြီး၊ ဦးကျော်ဝင်း၊ ဦးလှကျော်ကြီး၊ ဦးမောင်သန်းစိုး၊ ဦးစောရွှေသန်း၊ ဦးစံသာမောင်၊ ဦးမောင်မြအေးနှင့် ဦးမောင်ထွန်းစိန်တို့ ဖြစ်ကြသည်။

၎င်းတို့ ၁၈ ဦး စလုံးမှာ ယနေ့ အချိန်ထိ ပျောက်ဆုံးနေပြီး ရဲစခန်းအချုပ်ထဲသို့လည်း ရောက်ရှိ်ခြင်း မရှိသလို စစ်တပ်ထဲတွင် ထိန်းသိမ်း၍ ရှိ /မရှိကိုလည်း မိသားစုများက မသိရှိဘဲ ဖြစ်နေကြသည်ဟု သိရှိရသည်။

(ဓာတ်ပုံ- ပျောက်ဆုံးနေသူ အချို့/ တင်းမဆရာတော်ပို့စ်)  

ဆက်စပ် သတင်းများ