သောကြာ၊ မတ်လ ၂၉ရက်၊ ၂၀၂၄

ကျောက်တော်-ပလက်ဝ ကုလားတန်မြစ်ကြောင်းကို ပြန်ဖွင့်ပေးရန် အစိုးရနှင့်တပ်မတော်ထံဒေသခံများ တင်ပြတောင်းဆို


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၉ ဒီဇင်ဘာ ၂၀၂၀
  • | ကြည့်ရှုသူ: 1.1k

ဆောင်းဇာခြည်
နိရဥ္စရာ၊ ဒီဇင်ဘာ ၉/ ၂ဝ၂ဝ

ကျောက်တော်- ပလက်ဝ ခရီးလမ်း ကုလားတန်မြစ်ကြောင်းကို ပြန်ဖွင့်ပေးရေး ချင်းပြည်နယ်အစိုးရနှင့် တပ်မတော်တို့ထံ မြို့နယ်အုပ်ချုပ်ရေးမှူးက ဦးဆောင်ကာ တင်ပြ တောင်းဆို ထားကြောင်း ပလက်ဝ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်လောဟာက ပြောသည်။

“ကျွန်တော်တို့ ပြည်နယ်အစိုးရနဲ့ တပ်မတော်ကို တင်ပြထားတာ တစ်ပတ်လောက် ရှိပါပြီ။ ခွင့်ပြုပေးမယ် လို့တော့ တပ်မမှူးက ပြောတယ်။ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှာ ညှိနှိုင်းတင်ပြတုန်းလို့ ထင်ပါတယ်။ အခုထိတော့ မရသေးပါဘူးခင်ဗျား။ ချင်းပြည်နယ်အစိုးရအဖွဲ့ကိုရော၊ ပလက်ဝမှာရှိတဲ့ တပ်မ (၁၁)ကိုရော ကျွန်တော်တို့ မြို့နယ်အနေနဲ့ တင်ပြထားပါတယ်” ဟု အုပ်ချုပ်ရေးမှူးက နိရဥ္စရာသို့ ပြောသည်။

ရက္ခိုင့်တပ်တော် (AA) နှင့် မြန်မာ့တပ်မတော်တို့ နှစ်ဘက်တိုက်ပွဲများအကြား ကျောက်တော်နှင့် ပလက်ဝသို့ ကူးသန်းဆက်သွယ်သည့် ကုလားတန်မြစ်ကြောင်းကို ပိတ်ထားသည်မှာ တစ်နှစ်ခန့် ကြာမြင့်နေပြီဖြစ်၍ ပလက်ဝမြို့နယ်မှ ဒေသခံများမှာ ကုန်ပစ္စည်းများကို စျေးနှုန်းအဆမတန်ဖြင့် ဝယ်ယူနေကြရကြောင်း ပလက်ဝဒေသခံ ဦးစိုးလှက ပြောသည်။

“ကျွန်တော်တို့က ကုလားတန်မြစ်ကြောင်းကို ဖွင့်ပေးစေချင်ပါတယ်။ အဲဒါမှ ကုန်ပစ္စည်းတွေ စျေးနှုန်းမြင့်တာ ခံသာမှာပါ။ ကုလားတန်မြစ်ကြောင်းကို ပိတ်ထားတဲ့အတွက် ကျောက်တော်ကနေပြီးတော့ ပီချောင်းကို ကူးတယ်။ ပီချောင်းက ရေတင်းခွန်ရွာကို ကူးတယ်။ ရေတင်းခွန်ကထွက်တာနဲ့ တောင်တစ်လုံး ကျော်ဖြတ်ရတယ်။ အဲဒါပြီးရင် မိစ္ဆာရွာ၊ ကမ်းလယ်၊ အဘောင်သားရွာတွေကို ခြေလျင်ဖြတ်ပြီး ကုန်ပစ္စည်း တွေကို ပလက်ဝကိုအထိ သယ်လာရတာပေါ့။ အဲဒီလိုသွားဖို့ အချိန် ၂ ရက်ပေးပြီး သွားရပါတယ်။ အဲဒီမှာ ကုန်ပစ္စည်းတွေကို ထမ်းဖို့ လူခေါ်လာရတာက ရှိသေးတယ်ပေါ့။ ဆန်တစ်အိတ်ကိုဆိုရင် ထမ်းခ ငွေ ငါးသောင်းပေးရတယ်။ အဲဒီတော့ ပလက်ဝကိုရောက်ရင် ထမ်းသယ်ခနဲ့ ဆန်အရင်းစျေးကိုပေါင်းပြီး ရောင်းရတာဆိုတော့ စျေးနှုန်းက အဆမတန်မြင့်သွားပြီပေါ့။ အဲဒီလမ်းကိုတောင် နေ့တိုင်း သွားရတာ မဟုတ်ပါဘူး။ စစ်တပ်က နှစ်ရက်ဆိုရင် နှစ်ရက် အဲလိုမျိုး သွားခိုင်းမှ ကျွန်တော်တို့က သွားရတာ” ဟု နိရဥ္စရာသို့ ပြောသည်။

သွား/လာခွင့်ပိတ်ထားသည့် ယင်းကုလားတန်မြစ်ကြောင်းကို ဖွင့်ပေးမှသာ ပလက်ဝမြို့နယ်မှ ဒေသခံများ၏ စားဝတ်နေရေး၊ ကျန်းမာရေးတို့အတွက် အဆင်ပြေမည်ဖြစ်ကြောင်း ပလက်ဝနှင့် ကျောက်တော်သို့ ပြေးဆွဲနေသည့် စက်လှေ/ကူတို့ပိုင်ရှင် ဦးဆရာဘက ပြောသည်။

“အဲဒီမြစ်က ဖြတ်သွားရင် သူတို့က လက်နက်တွေနဲ့ လှမ်းပစ်ပါတယ်။ မြန်မာ့တပ်မတော်က ပစ်တာပါ။ ကုလားတန်မြစ် အရှေ့ဘက်ကမ်းဘက်တွေက ပစ်တယ်။ ကျွန်တော်တို့မှာက ဒီစက်လှေမောင်းပြီး လုပ်စားနေတာ။ အဲဒီမြစ်ကို ဖွင့်ပေးစေချင်ပါတယ်။ ဖွင့်ပေးမှ ပြည်သူလူထုရဲ့ စားဝတ်နေရေးလည်း အဆင်ပြေမှာပါ။ ဒီလမ်းကို ဖွင့်ပေးမှ အကုန်အဆင်ပြေမှာပါ။ အကုန်လုံးက ဝမ်းမြောက်ဝမ်းသာရှိမှာပါ။ မဟုတ်ရင် အစစအရာရာ စျေးကြီးတယ်။ ဆန်တစ်အိတ်ကို တစ်သိန်းခွဲ၊ ကြက်ဥတစ်လုံးကို ငါးရာ အဲလို ဝယ်စားနေရပါတယ်” ဟု နိရဥ္စရာသို့ ပြောသည်။

အဆိုပါ ကုလားတန်မြစ်ကြောင်း ပြန်ဖွင့်ပေးရေး တင်ပြတောင်းဆိုမှုနှင့်ပတ်သက်ပြီး ချင်းပြည်နယ်အစိုးရ၏ သဘောထားအား သိလို၍ ချင်းပြည်နယ် စည်ပင်ဝန်ကြီး ဦးစိုးထက်အား ယမန်နေ့ နေ့လယ်ပိုင်းက နိရဥ္စရာမှ ဆက်သွယ်ခဲ့ရာ ဖုန်းဖြေဆိုရန် မအားသေးကြောင်းပြောဆို၍ ယနေ့ နေ့လယ်ပိုင်းက ထပ်မံ ဆက်သွယ် ခဲ့သော်လည်း လောလောဆယ် ဖုန်းဖြေဆိုရန် မအားသေးကြောင်း ပြောသဖြင့် ချင်းပြည်နယ် အစိုးရ၏ သဘောထားအား နိရဥ္စရာမှ တင်ပြနိုင်ခြင်းမရှိသေးပါ။

ဆက်စပ် သတင်းများ