အင်္ဂါ၊ ဧပြီလ ၁၆ရက်၊ ၂၀၂၄

ပျောက်ဆုံးနေသည့် တင်းမရွာသား ၁၈ ဦးအတွက် အမှုဖွင့်တိုင်ကြားချက်ကို ကျောက်တော်မြို့မရဲစခန်းမှ လက်မခံဟု မိသားစုဝင်များဆို


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၉ ဒီဇင်ဘာ ၂၀၂၀
  • | ကြည့်ရှုသူ: 5.5k

အိမ်စိုးဖြူ
နိရဥ္စရာ၊ ဒီဇင်ဘာ ၉/ ၂ဝ၂ဝ

ယမန်နေ့ ဒီဇင်ဘာ ၈ ရက်နေ့ ညနေ ၃ နာရီခွဲခန့်က တင်းမကျေးရွာ အုပ်ချုပ်ရေးမှူး အပါအဝင် မိသားစု ဝင်များစုပေါင်း၍ လူ ၂ဝ ဦးခန့်က ကျောက်တော်မြို့မ ရဲစခန်းသို့ သွားရောက်ပြီး ပျောက်ဆုံးနေသူ တင်းမရွာသား ၁၈ ဦးအတွက် သွားရောက် အမှုဖွင့်ခဲ့ရာ ရဲစခန်းမှ တာဝန်ကျအရာရှိက အမှုကို လက်မခံခဲ့ကြောင်း မိသားစုဝင်များက ပြောသည်။

ဖမ်းဆီးခံရပြီးနောက် ပျောက်ဆုံးနေသည့် အသက် (၆၃)နှစ်အရွယ် လင်ယောကျ်ားဖြစ်သူအတွက် သွားရောက် တိုင်တန်းခဲ့သူ ကာယကံရှင်အမျိုးသမီးတစ်ဦးက “ မတ်လ ၁၆ ရက်နေ့ကပေါ့။ ကျွန်မအမျိုးသားကို အိမ်မှာ ထမင်းစားနေတဲ့အချိန် တောင်ရှည်တောင်ပေါ်ကို မြန်မာတပ်မတော်က ဖမ်းသွားတာပါ။ သူတို့ကို ဘယ်မှာများ ရှိနေမလဲဆိုပြီး သိချင်လို့ ရဲခစန်းမှာ သွားတိုင်ခဲ့ကြတာပါ။ ကျွန်မအပြင်ခဏထွက်တဲ့အချိန်မှာ ကျွန်မတို့ အုပ်ချုပ်ရေးမှူးကို ဖမ်းမယ်ဆိုလို့ ထွက်ပြေးသွားရတယ်လို့ သိရတယ်။ သူ့နောက်က ပါလာတဲ့ အမျိုးသမီး တွေလည်း ကြောက်ပြီး ထွက်ပြေးကြတာပေါ့။ နောက်ပိုင်းကျွန်မရောက်သွားတဲ့အချိန်မှာ အဲဒီတိုင်ကြား စာရွက်တွေကို ပေးထားခဲ့ရတယ်” ဟု သူမကပြောသည်။

၄င်းတင်းမသစ်ကျေးရွာတွင် မတ်လ ၁၃ရက်နေ့ ကရွာသား(၈)ဦး၊ မတ် ၁၆ ရက်နေ့က တင်းမကြီးရွာမှ (၁ဝ)ဦးနှင့် ရွာဘုန်းကြီးကျောင်းတွင် အစောင့်အဖြစ်ကျန်နေခဲ့သူ (၃) ဦး၊ စုစုပေါင်း (၂၁) ဦးတို့အား ယနေ့အထိ သတင်းအစအန မရပျောက်ဆုံးနေသဖြင့် သွားရောက်တိုင်တန်းခဲ့ခြင်းဖြစ်ကြောင်း အမှုဖွင့်ရာတွင် လိုက်ပါ ဆောင်ရွက်ပေးသူ ကိုဇော်ဝင်း(ခ) လူထုဇော်ဝင်းက ပြောသည်။

“တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ကပြောထားတာရှိတယ်။ ဥပဒေအရ တိုင်ကြားလို့ရတယ်လို့။ ကျွန်တော်တို့ သွားတိုင်တာကို ရဲကလက်မခံဘူး ငြင်းတယ်။ အစ်ကိုကပြောတယ်။ ဒီဟာက ရဲနဲ့ဆိုင်တဲ့ အမှုဖြစ်တယ်။ ရဲကလက်ခံပေးရမယ်လို့ပြောတယ်။ လက်မခံရင် အမှုထိန်ချန်ထားမှု မြောက်တယ်လို့ ပြောတယ်။ အဲဒီမှာ ရဲနဲ့စကားများကြတယ်” ဟု ပြောသည်။

နောက်ပိုင်းတွင် ရဲစခန်းမှ ၄င်းတို့ တိုင်ကြားသည့် စာရွက်စာတမ်းများအား စစ်တပ်ကို တင်ပြပေးမည်ဟု ဆိုကာ နောက်ဆုံးတွင် လက်ခံယူထားလိုက်သည်ဟု သူကဆက်ပြောသည်။

“ပထမတော့ စစ်တပ်က ဖမ်းတာ စစ်တပ်ကို သွားတိုင်။ ငါတို့ အမှုဖွင့်ပေးစရာမရှိဘူးလို့ပြောတယ်။ တင်းမရွာက အုပ်ချုပ်ရေးမှူးကို အကြမ်းဖက်မှုနဲ့ ဖမ်းပစ်လိုက်လို့ရတယ်။ အခုချက်ချင်းဖမ်းပစ်မယ်နော် လို့ပြောတယ်။ အုပ်ချုပ်ရေးမှူးလည်းထွက်ပြေးတော့ ရွာသားတွေလည်း နောက်က ပြေးကြတယ်။ အစ်ကို့ကိုလည်း စစ်တပ်ကို ခေါ်ပြီးဖမ်းခိုင်းမယ်လို့ပြောတယ်။ နောက်ငြင်းလို့မလွတ်တဲ့အဆုံး စစ်တပ်ကို တင်ပြပေးမယ်ဆိုပြီး ယူထားလိုက်တယ်” ဟုပြောသည်။

အမှုနှင့် ပတ်သက်ပြီး ကျောက်တော်မြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးမောင်မောင်က ၄င်တို့ လွှတ်တော် ကိုယ်စားလှယ်များ ကိုယ်တိုင် လက်မှတ်ထိုး၍ ဒီဇင်ဘာလ ၁ ရက်နေ့က လူ့အခွင့်ရေး ကော်မရှင်နှင့် နိုင်ငံတော် အတိုင်ပင်ခံတို့အား တင်ပြထားကြောင်း ပြောသည်။

“အဲဒါကို အမှုဖွင့်ဖို့တော့ မနေ့က သွားကြတယ်လို့ပြောတယ်။ တင်းမရယ်၊ တောင်ပေါက်ရွာ၊ ဘုရားပေါင်း ကိစ္စတွေကို လွှတ်တော်ကိုယ်စားလှယ် လေးယောက်လုံးကလက်မှတ်ထိုးပြီးတင်ထားတယ်။ တင်းမက ပျောက်ဆုံးသွားတဲ့မိသားစုဝင်တွေနဲ့ တွေ့ပြီးတော့ ရဲစခန်းကိုသွားပြီး စနစ်တကျစီစဉ်ဆောင်ရွက်ခဲ့တယ်။ ဒါပေမယ့် မနေ့က ကိစ္စတော့ ဘယ်လို့စီစဉ်ပြီးသွားတာတော့ မသိဘူး။ လမ်းကဖြတ်သွားရင်း ကြားတာတော့ အဲဒီရွာက အုပ်ချုပ်ရေးမှူးကို ဖမ်းမယ်လို့ပြောတယ်တဲ့။ အဲဒီလိုကြားခဲ့တယ်” ဟုပြောသည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ မေးမြန်းစုံစမ်းရန် ကျောက်တော်မြို့နယ် ရဲတပ်ဖွဲ့ ဒုရဲမှူးကျော်သူထွန်းသို့ ဆက်သွယ်ရာ ဖုန်းလက်ခံဖြေဆိုခြင်း မရှိသဖြင့် ရဲဘက်က သဘောထားကို တင်ပြနိုင်ခြင်းမရှိပါ။

မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ဝင်းတို့အားဆက်သွယ်ရာတွင်လည်း ဖုန်းလက်ခံ ဖြေဆိုခြင်း မရှိသဖြင့် အာဏာပိုင်များ၏ သဘောထားကို တင်ပြနိုင်ခြင်း မရှိပါ။

လွန်ခဲ့သည့်ဘ နိုဝင်ဘာ ၂၇ ရက်နေ့က  နေပြည်တော်တွင် ပြုလုပ်သည့် တပ်မတော် သတင်းစာ ရှင်းလင်းပွဲတွင် တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ ဥက္ကဋ္ဌ ဗိုလ်ချုပ် ဇော်မင်းထွန်းက တိုက်ပွဲဖြစ်ပွားရာ ဒေသမှ ဖမ်းဆီးခံထားရသူများရှိပါက တရားဥပဒေနှင့်အညီ သက်ဆိုင်ရာကို တိုင်ကြားပြီး တရားဝင် နည်းလမ်းကနေ ဆောင်ရွက်နိုင်ကြောင်း ပြောကြားခဲ့သည်။

“ဖမ်ဆီးထားတဲ့ လူတွေနဲ့ ပတ်သက်ပြီးတော့ ကျနော်တို့ အများအားဖြင့် ဒီစစ်ဆေးတာတွေရှိမယ်။ ဖမ်းဆီးထိန်းသိမ်းတာတွေရှိကောင်းရှိမယ်။ သို့သော်တရားစီရင်ရေး အပိုင်းကိုတော့ တရားစီရင်ရေးကဏ္ဍ အတိုင်းပဲဆောင်ရွက်လျက်တယ်။ အခုနက ပြောတဲ့ ပျောက်ဆုံးနေသူတွေ ရှိလား မရှိလား ဆိုတာတော့ ကျွန်တော်အနေနဲ့ အငြင်းမပွားလိုကြောင်း၊ ရှိကောင်းလည်းရှိနိုင်တယ်။ ဒါတွေနဲ့ ပတ်သက်ပြီး အခုလို ပစ်ခတ်မှုရပ်စဲနေတဲ့ အချိန်အတွင်းမှာတော့ သက်ဆိုင်ရာတွေကို အကြောင်းကြားတာတော့၊ သက်ဆိုင်ရာ နည်းလမ်းအတိုင်း ပူးပေါင်းဆောင်ရွက် လုပ်ကိုင်နိုင်တယ်ဆိုရင် ပိုပြီး အဆင်ပြေပါလိမ့်မယ်” ဟု ပြောဆိုခဲ့သည်။

ပျောက်ဆုံးနေသူ တင်းမကြီးကျေးရွာမှ ကျေးရွာသား ၁ဝ ဦးမှာ  မတ်လ ၁၆ ရက်နေ့က  တပ်မတော် စစ်ကြောင်း တစ်ခုက ဖမ်းဆီးခေါ်ဆောင်ခံပြီး ၎င်းတို့မှာ ဦးအောင်ညွန့် (၆၅) နှစ်၊ ဦးထွန်းဝင်းမောင် (၆၄) နှစ်၊ ဦးယာဉ်မောင် (၄ဝ) နှစ်၊ ဦးသန်းမောင်ထွန်း (၄ဝ) နှစ်၊ ဦးမောင်ဝင်း (ခေါ်) ဦးမောင်ဝင်းကြီး (၅ဝ) နှစ်၊ ဦးမောင်ဝင်းချေ (၃၇) နှစ်၊ ဦးမောင်ကြည်လင်း (၄ဝ) နှစ်၊ ဦးမောင်စိန်ဝင်း အသက် ၅ဝ ကျော်၊ မောင်ထွန်းထွန်းဝေ (၁၅) နှစ်နှင့် မောင်နေလင်းဦး (၂၈) နှစ်တို့ဖြစ်ကြောင်း၊ မတ်လ ၁၃ ရက်နေ့က တင်းမရွာသစ်မှ ဖမ်းဆီးခေါ်ဆောင်ခံရသူ ၈ ဦးမှာ ဦးမောင်စိတ်ကြီး၊ ဦးကျော်ဝင်း၊ ဦးလှကျော်ကြီး၊ ဦးမောင်သန်းစိုး၊ ဦးစောရွှေသန်း၊ ဦးစံသာမောင်၊ ဦးမောင်မြအေးနှင့် ဦးမောင်ထွန်းစိန်တို့ ဖြစ်ကြောင်း မိသားစုများက ပြောကြားသည်။

ဆက်စပ် သတင်းများ